Friday 3 May 2024

စစ်ကောင်စီကို ရှမ်းလက်နက်ကိုင်တပ် SSPP ဒုဥက္ကဋ္ဌက စစ်ကြေညာ


 စစ်ကောင်စီကို ရှမ်းလက်နက်ကိုင်တပ် SSPP ဒုဥက္ကဋ္ဌက စစ်ကြေညာ

-------------

စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့ခြင်းကြောင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းလက်နက်ကိုင်တပ် SSPP/SSA မှ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ၎င်းတို့တပ်ထိန်းချုပ်ထားသည့် Facebook စာမျက်နှာမှတစ်ဆင့် ယနေ့တွင် ကြေညာလိုက်သည်။


“တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားသည်ဟု SSPP သတင်းဌာနက ရေးသားသည်။


ပြည်ထောင်စုစနစ်ထူထောင်ရန် သဘောတူခဲ့ကြသည့် ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စုအဆက်ဆက်က လျစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဟု SSPP/SSA မှ ဒုဥက္ကဋ္ဌက ပြောကြားကြောင်းလည်း အဆိုပါသတင်းက ဆိုသည်။


“...စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။...အခြေအနေ လုံးဝမပေးနိုင် တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားကြောင်း SSPP/SSA ထိန်းချုပ်သတင်းဌာနက ဆိုသည်။


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ၁၉၇၁ တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိသည်။


ထိုတပ်ဖွဲ့သည် အင်အား ၁ သောင်းအထက်ရှိပြီး မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံနှင့် ရပ်စောက်တို့တွင် အဓိကလှုပ်ရှားသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။


SSPP သည် ညီနောင်သုံးဖွဲ့ဖြစ်သော ရခိုင်တပ် AA, တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။ သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိပေ။


ရှမ်းလက်နက်ကိုင်တပ်များထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဆိုသည့် မြန်မာ-ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းဒေသတွင် ဌာနချုပ်အခြေစိုက်သည့် အခြားအဖွဲ့လည်း ရှိသေးသည်။ ထိုတပ်ကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်အား ၈၀၀၀ အထက်ရှိသည်ဟု ISP-Myanmar က ဖော်ပြထားသည်။


စစ်ကောင်စီက ဆက်လက်စွဲကိုင်ထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို RCSS က လက်မှတ်ထိုးထားသော်လည်း SSPP က လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။


#MyanmarNow #SSPP #ရှမ်းမြောက်

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...