Friday 14 June 2024

မောင်တောရှိ မောရ၀တီဗျူဟာအပါအဝင် စစ်ကောင်စီစခန်း ၄ခုအား AA ထပ်မံသိမ်းယူ


 မောင်တောရှိ မောရ၀တီဗျူဟာအပါအဝင် စစ်ကောင်စီစခန်း ၄ခုအား AA ထပ်မံသိမ်းယူ 


▪️စခန်းသိမ်းတိုက်ပွဲများအတွင်း ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော် သုတ်သင်နိုင်ဟု AAအသိပေး


ရှိုင်း/People’s Spring


မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က ဆင်နွှဲလျက်ရှိရာ ဇွန်လ ဒုတိယပတ်အတွင်း မောရ၀တီ ဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ဟု AAက ယနေ့(ဇွန်လ ၁၄ရက်) ထုတ်ပြန်သည်။


ဇွန်လဒုတိယပတ်အတွင်းလည်း မောင်တောမြို့နယ်အတွင်းရှိ တပ်စခန်း ၄ခုကို သိမ်းယူနိုင်ခဲ့ရာ ဇွန်လ ၁၀ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ - နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော် စခန်းတို့အား သိမ်းယူနိုင်ခဲံပြီး ဇွန်လ ၁၃ရက်တွင် မောရဝတီဗျူဟာနှင့် နခေါင်းတို့စခန်းတို့အား သိမ်းယူရရှိခဲ့ကြောင်း ဖော်ပြသည်။


အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်အား သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။


AAအနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ် သိမ်းပိုက်ပြီးနောက် မောင်တောမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများအား ပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။


ဇွန်လဒုတိယပတ်အတွင်း တိုက်ပွဲများ၌ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု အသိပေးသည်။  


လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။


ဇွန်လပထမပတ်အတွင်းကလည်း မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆)စခန်း နှင့် နခခ (၉)စခန်းတို့အား AAက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ယခု သိမ်းယူနိုင်မှု အပါအဝင် ဇွန်လဝက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၁၀ခုထက်မနည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


ထို့ပြင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက အသိပေးသည်။


စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားများနှင့် အရပ်သားအသုံးပြုရာ လမ်းပိုင်များ ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏ ကျူးလွန်လျက်ရှိရာ ဇွန်လ ၁၃ရက်တွင် တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာရှိ တောင် ကုတ် - အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း တံတားအား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...