Friday 14 June 2024

၂၀၂၄ အစုလိုက်အပြုံလိုက် လက်နက်ချမှုများ


 ၂၀၂၄ အစုလိုက်အပြုံလိုက် လက်နက်ချမှုများ

------------------------------------------------------------

၁၀၂၇ စစ်ဆင်ရေးကအစပြုလို့ နောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံတယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ မထူးခြားတော့တဲ့ ဖြစ်စဉ်တစ်ခုလို ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ဘက်က တပ်ရင်းတွေသာမဟုတ်ပဲ ရဲဘက်တွေကပါ အစုအလိုက်အပြုံလိုက် လက်နက်ချလာကြတာဖြစ်ပါတယ်။ 


၂၀၂၄ ခုနှစ် ငါးလတာကာလကိုပဲ ပြန်ကြည့်ရင် လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (၅,၃၀၀) ထက်မနည်း ရှိပါတယ်။ အဲ့ထဲမှာမှ လက်နက်ချ လက်နက်ချအညံ့ခံမှုကြောင့် ပြုန်းတီးသွားခဲ့ရတဲ့ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း အရေအတွက်ဟာ (၃၂၀) အထက်မှာရှိခဲ့ပါတယ်။ 


ဗိုလ်မှူးချုပ် (၆)ဦး၊ ဗိုလ်မှူးကြီး (၁၀) ဦး၊ ဒုတိယဗိုလ်မှူးကြီး (၂) ဦး အပါအဝင် ဗိုလ်အဆင့် နဲ့ အထက်ရာထူးရှိသူ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း (၃၂၀) နဲ့ တပ်သားတွေဟာ နိုင်ငံအနှံ့က ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ငါးလတာအတွင်းမှာပဲ ထင်ရှားတဲ့ အစုအလိုက်အပြုံလိုက် လက်နက်ချခဲ့မှုတွေကို ပြန်ကြည့်ရင်

ဇန်နဝါရီလနှစ်သစ်အကြိုနေ့ရက်တွေမှာ ဖြစ်ခဲ့တဲ့

• ဇန်နဝါရီလ ၅ ရက်နေ့ လောက်ကိုင်မှာ လက်နက်ချခဲ့ကြတဲ့ ဗိုလ်မှူးချုပ် (၆) ဦး ဦးဆောင်တဲ့ အရာရှိ (၂၂၈) ဦး အပါအဝင် ၂၃၀၀ ကျော်သော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သမိုင်းတွင်လက်နက်ချမှု 

• အဲ့ဖြစ်စဉ်အပြီး နောက်တစ်ရက် ဇန်နဝါရီလ (၆) ရက်နေ့က ဒုတိယမြောက် အစုအလိုက်အပြုံလိုက် လက်နက်ချမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော်ရဲ့ လက်နက်ချအညံ့ခံခဲ့မှု၊ 

• ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ်၊ ရီစိုးချောင်းဗျူဟာမှူး နဲ့ တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချမှု၊ ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှူးဦးဆောင်တဲ့ စစ်သည်နဲ့ မိသားစု (၄၀၀)ကျော်ရှိတဲ့ တစ်ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချမှု

• ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ် မန်စီမြို့နယ်၊မန့်ဝိန်းကြီး အထိုင်တပ်စခန်းက စစ်ကောင်စီတပ်သား၂၀၀ နီးပါး လက်နက်ချအညံ့ခဲ့တဲ့ မြင်ကွင်းတွေဟာ “မြန်မာ့တပ်မတော်” လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ သမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မယ့် နှစ်သစ်အကြိုနေ့ရက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရှုံးနှိမ့်မှုတွေပဲဖြစ်ပါတယ်။ 


ဒါ့အပြင် ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ချအညံ့ခံမှုတွေ ရှိနေခဲ့ပြန်ပါတယ်။

• KIA နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မတ်လစစ်ဆင်ရေးအတွင်းမှာ ကချင်ဒေသအတွင်း တပ်ရင်းအလိုက် လက်နက်ချခဲ့တဲ့ ပထမဆုံး ဖြစ်စဉ် ဖြစ်တဲ့ ဒေါ့ဖုန်းယန် ခလရ (၁၄၂) တပ်ရဲ့ တပ်ရင်းတစ်ခုလုံးလက်နက်ချမှု၊ ပန်ဆွန်တပ်စခန်းနဲ့ ဂေါက်ငူကောင် တပ်စခန်း (၂)ခု မှ စစ်ကောင်စီတပ်တွေရဲ့ အလံဖြူထောင်လက်နက်ချမှု၊ ဟန်းကိုင်တပ်စခန်း လက်နက်ချမှု၊

• ဆွမ်ပရာဘွမ်မြို့ရဲစခန်းမှ ရဲမှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ချမှု၊ 

• ချင်းပြည်နယ်၊ လောင်းပွီတောင်၌ CDF - Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မိတ်ဖက် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ချအညံ့ခံခဲ့မှု၊

• ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို၊ မြိုမရဲစခန်းမှ ရဲအုပ်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၂၃) ယောက်၏ လက်နက်ချအလင်းဝင်ခဲ့မှု၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုအပြီး အင်အား (၁၀၀) ခန့် ပါဝင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ အာရက္ခ တပ်တော် ထံ လက်နက်ချခဲ့မှု၊

• ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်းက ဗျူဟာမှူး နှင့် အရာရှိကြီး (၁၂) ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


ဆက်လက်ပြီးလည်း ဧပြီလရဲ့ ပထမအပတ်တွေကတည်းကစပြီး စစ်ရှုံးစစ်တပ်ရဲ့ လက်နက်ချအညံ့ခံ ရှုံးနှိမ့်မှု မှတ်တမ်းတွေကိုလည်း အောက်ပါအတိုင်းမြင်တွေ့ရပြန်ပါတယ်။

• ဧပြီလ ပထမအပတ် ၅ ရက်နေ့က ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့မှုဖြစ်စဉ်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်တဲ့ စစ်ဘက် ရဲဘက်အရာရှိနဲ့ တပ်သားအဆင့်အပါအဝင် တပ်မိသားစုဝင် စုစုပေါင်း (၆၁၇) ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။ အဲ့ဖြစ်စဉ်အပြီး နောက်တစ်ရက် (၆)ရက်နေ့မှာပဲ တစ်ဆက်တည်းဆိုသလို အင်အား (၄၀၀)ကျော်ပါဝင်ခဲ့တဲ့ ခမရ(၃၅၇) တပ်ရင်းတစ်ခုလုံးကလည်း လက်နက်ချခဲ့ပြန်ပါတယ်။


ဒါ့အပြင်

• အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ (၉)ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ခန္တီးခရိုင်အတွင်းက ပျုစောထီး (၄) ရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁၀၀ကျော်ရဲ့ လက်နက်ချ အညံ့ခံမှု

• KNU တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်း တပ်ရင်းအလိုက် လက်နက်ချတဲ့ပထမဆုံး ဖြစ်စဉ်ဖြစ်တဲ့ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးရဲ့ တပ်မဟာ(၄)ထံသို့ လာရောက်လက်နက်ချမှုဖြစ်စဉ်

• ဖားကန့် ဆယ်ဇင်းရဲစခန်းမှ ရဲ (၂၂) ဦးလက်နက်ချမှု၊ ကျိုက်မရောပြည်သူ့စစ်စခန်းမှ စစ်ကောင်စီတပ်သားအားလုံး၏ လက်နက်ချမှု

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာ စစ်စခန်းမှ စစ်ကောင်စီတပ်တွေရဲ့လက်နက်ချမှု 


၂၀၂၄ ရဲ့ ငါးလမြောက် ကာလဖြစ်တဲ့ မေလမှာ

• ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အပါအဝင် ရာချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များရဲ့ AA ထံ လက်နက်ချ အညံ့ခံမှု

• အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုဖြင့် တမူးခရိုင်၊ မြို့သစ်မြို့အား သိမ်းပိုက်စဉ် တိုက်ပွဲအတွင်း ရဲအုပ်နဲ့ ဒုရဲအုပ်တို့ ပါဝင်တဲ့ ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချမှု

• ကော့ကရိတ်မြို့နယ် ဖူ့ချိမူစခန်းမှ ဒုရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး KNLA ထံ လက်နက်ချအညံ့ခံမှု စတဲ့ဖြစ်စဉ်တွေကို ဆက်တိုက်ဆိုသလို တွေ့မြင်ကြရမှာဖြစ်ပါတယ်။


ငါးလတာအတွင်းမှာကိုပဲ စစ်ကောင်စီတပ်တွေရဲ့ အရေးနိမ့် လက်နက်ချအညံ့ခံမှုတွေဟာ လစဉ် ဆက်တိုက်ဆိုသလို ဒေသအနှံ့မှာ ဖြစ်ပေါ်လျက်ရှိသလို လာမယ့် လတွေမှာလည်း ဒီလို အစုလိုက်အပြုံလိုက်လက်နက်ချပွဲကြီးတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာ အသေအချာပဲဖြစ်ပါတယ်။ မကြာခင်ကာလအတွင်း မြေပြန့်ဒေသမှာ မဟာဗျူဟာထိုးစစ်စတင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးရဲ့ သတင်းစကားအရ မကြာခင်ကာလမှာ မြေပြန့်ဒေသထိုးစစ်တွေဟာ အလုံးအရင်းနဲ့ စတင်တော့မှာဖြစ်ပါတယ်။ တောင်တန်း မြေပြန့် မကျန် တစ်နိုင်ငံလုံးတင်းပြည့်ကြပ်ပြည့် ထိုးစစ်ဆင်မှုတွေကို တိုက်တိုင်းရှုံး လက်နက်ချနေရတဲ့ အကြမ်းဖက် စစ်တပ် ရဲ့ စစ်ကောင်စီတပ်သားတွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့ အဖြေဟာ ရှင်းလင်းစွာ ပေါ်ထွက်ထားပြီးဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...