Friday 14 June 2024

တိုင်းပြည်တစစီ ဖြစ်သွားနိုင်သလား?


 တိုင်းပြည်တစစီ ဖြစ်သွားနိုင်သလား?


ဆောင်းပါးမစမီ ဒီမေးခွန်းကိုအရင်ဖြေရရင် တိုင်းပြည်တစစီ ဖြစ်မသွားနိုင်ပါဘူးလို့ပဲ ဖြေရမှာပါ။ ဒီအဖြေအတွက် ခိုင်မာတဲ့အကြောင်းအချက်တွေရှိပါတယ်။ ဒါတွေကို မြန်မာမှာရှိနေကြတဲ့ တိုင်းရင်းသား များအားလုံး နားလည်သဘောပေါက်ထားပြီးဖြစ်တယ်ဆိုတာပါ တဆက်ထဲပြောပါရစေ။ ဒီလို တိုင်းပြည်တစစီဖြစ်သွားနိုင်တယ်ဆိုတဲ့ အစကို ဆွဲထုတ်လာကြသူတွေဟာ စိုးရိမ်ရမှာကို မစိုးရိမ်ပဲ မစိုးရိမ်ရမယ့်ဟာကို စိုးရိမ်နေကြသူတွေပဲဖြစ်ပါတယ်။


     တကယ်စိုးရိမ်ရမှာက စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်တာအတွင်း မြန်မာပြည်သူတွေ ရောက်နေတဲ့ ဆင်းရဲဒုက္ခတွေအတွက် စိုးရိမ်ရမှာဖြစ်တယ်။ စစ်အုပ်စု မြန်မြန်မပြုတ်ကျလေ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လေဖြစ်မှာကို စိုးရိမ်ရမှာ၊ စစ်အုပ်စု အာဏာဆက်ရှိလေ အရှေ့တောင်အာရှနဲ့ ပစိဖိတ်အရှေ့ခြမ်းတခုလုံး လုံခြုံရေးအန္တရာယ်ရှိနေတာကို စိုးရိမ်ရမှာပါ။ စကစ အာဏာဆက်ရှိလေ ကျားဖြန့်လိုကိစ္စတွေနဲ့ မူးယစ်ဆေးဝါး အန္တရာယ်ဆက်ရှိလေ ဖြစ်မှာပါ။ လွန်ခဲ့တဲ့ ရက်တပတ်လောက်ကပဲ ထိုင်းနယ်စပ်မှာ မူးယစ်ဆေးပြား သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်ထိတွေ့မှုဖြစ်ခဲ့ပြီး ဆေးပြား သန်း ၉၀၀ ဖမ်းမိခဲ့တာဖြစ်တယ်။ ဒါတွေက စစ်အုပ်စု ခန့်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိကပါဝင်ပတ်သက်နေတာဖြစ်လို့ စစ်တပ်တည်မြဲနေသ၍ ဆက်ရှိနေမယ့်ပြသနာတွေဖြစ်တယ်။ သူတို့ဆက်ရှိလေ အိမ်နီး ချင်းနိုင်ငံတွေအဖို့ လူကုန်ကူးမှု အန္တရာယ်နဲ့ စစ်ဘေးစစ်ရှောင်တွေ တရားမဝင်ပြောင်းရွှေ့အခြေချသူတွေ ဆက်ရှိနေမှာဖြစ်တယ်။ ဒီလိုကိစ္စတွေအတွက် စစ်တပ်ဟာ ဘယ်လိုတာဝန်ယူမှုမျိုးကိုမှ လုပ်မှာမဟုတ်ပဲ လက်ပိုက်ကြည့်နေမှာပဲဖြစ်တယ်။ စစ်အုပ်စုရှိနေသ၍ မြန်မာမှာ ပြည်သူတွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး နယ်စပ်ဒေသမတည်ငြိမ်မှုတွေဆက်ဖြစ်နေမှာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေရော မြန်မာပါ နှစ်နိုင်ငံ အကျိုးရှိစေခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးတွေလဲ ရပ်တန့်နေမှာပဲဖြစ်တယ်။ ဒီလိုဆိုးကျိုးတွေအတွက် အိမ်နီးချင်းများအပါ ကမ္ဘာကြီးက ဒါတွေကိုအဓိက စိုးရိမ်ရမှာပါ။

       

အခုတော့ မြန်မာ့အရေးအကဲခတ်ဆိုသူတချို့နဲ့ Think Tank တခုတလေက ပြောလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲနိုင်သလားဆိုတာကြီးက တကယ့်စိုးရိမ်စရာကြီးလိုဖြစ်လာတော့တာပါ။ တကယ်ကတော့ အဲလိုမဟုတ်ပါဘူး၊ ဗမာနဲ့အခြားသော တိုင်းရင်းသားတွေအားလုံးဟာ ဒီမြေ ဒီရေမှာ အတူယှဥ်တွဲနေထိုင်လာကြတာက ထောင်စုနှစ်နဲ့ချီနေပါပြီ။ ဒီကြားကာလတွေမှာ စစ်ပွဲတွေမရှိတာမဟုတ်၊ ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲတွေကြောင့် တိုင်းပြည် နှစ်ခု သုံးခုဖြစ်လာတာမဟုတ်ပဲ ပိုပြီးစည်းလုံးတဲ့နိုင်ငံတွေပဲ ပေါ်ထွန်းလာတာပါ၊ ဒါက အထူး အဆန်းမဟုတ်ပါဘူး၊ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်း နှစ်ထောင် သုံးထောင်သမိုင်းမှာလဲ ဒီလို စစ်ပွဲပေါင်းများစွာဆင်နွှဲပြီးမှ တစည်းတလုံးထဲသောနိုင်ငံဖြစ်လာတာပါ။ နှစ် ၂၀၀ ကျော်သမိုင်းပဲရှိသေးတဲ့ အမေရိကန်တောင် ပြည်တွင်းစစ်ကိုဖြတ်ပြီးမှ ခုလိုအင်အားတောင့်တင်းတဲ့ ဘဝရောက်လာတာပါပဲ။ ဒီတိုင်းပြည်ကတော့ လွတ်လပ်ရေးရအပြီး တိုင်းပြည်တည်ဆောက်နေချိန် အလားအလာကောင်းနေချိန်မှာ စစ်တပ်အာဏာသိမ်းရာက ဒီဇာတ်လမ်းတွေစလာတာဖြစ်တယ်။ ၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ချိန်မှာ ကမ္ဘာမှာလဲ စစ်တပ်အာဏာသိမ်းမှုလှိုင်းတွေ ရိုက်ခတ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အာဏာရှင်စနစ်တွေဟာ စစ်အေးအလွန်ကာလမှာ အားလုံးပြောင်းလဲကုန်ကြပေမယ့် မြန်မာမှာတော့ စစ်တပ်ကအာဏာထပ်သိမ်းလို့ သူများနိုင်ငံတွေလောက် မတိုးတက်ခဲ့တာပါ။ ၂၀၁၀မှာ ဒီမိုကရေစီအရိပ်အငွေ့ကလေးရလာပြီး တိုးတက်တော့မယ် ကြံကာရှိသေး ၂၀၂၁ မှာ စစ်တပ်ကပဲ အာဏာထပ်သိမ်းပြန်လို့ ဒီအခြေအနေရောက်တာပါ။ အဲတော့ မကောင်းတဲ့ ဖြစ်စဥ်အားလုံးအတွက် တရား ခံက များများရှိနေတာမဟုတ်ပါဘူး။ စစ်တပ်တခုတည်းသာ ဖြစ်တယ်။ ဒီဖြစ်စဥ်တွေဖြတ်သန်းလာကြတဲ့ တိုင်းရင်းသားအားလုံးဟာ ကိုယ့်တိုင်းပြည်အခြေအနေကိုယ် ကောင်းစွာနားလည်ပြီးဖြစ်တယ်။     


       အဲဒါကြောင့် စစ်တပ် သို့မဟုတ် စစ်အာဏာရှင် စနစ်မရှိတဲ့နောက်တိုင်းပြည်ဟာ တစည်းတလုံးထဲသော ဖက်ဒရယ်ပြည်ထောင်စု အဖြစ်ကလွဲလို့ အခြားလမ်းကြောင်းဖြစ်သွားစရာမရှိပါဘူး၊ သမိုင်းကြောင်းတလျောက်လုံး အများစုတိုင်းရင်း သားများဟာ ရောထွေးယှက်တင်နေခဲ့ကြတာပါ။ ဒါတွေက ရေကို မျဥ်းတားလို့မရသလိုပါပဲ။ အခုမှ ခွဲခြားပိုင်းဖြတ်ပစ်လို့မရပါဘူး။ လက်ရှိအခြေအနေမှာ တချို့က ကွန်ဖက်ဒရိတ်အဆင့်လောက်ပြောနေတာရှိပေမယ့် ခွဲထွက်ပြီးသီးခြားနိုင်ငံထူထောင်ဖို့အထိ ပြောသူမရှိပါဘူး။ လက်တွေ့မှာလည်း ကမ္ဘာမှာ နိုင်ငံသေးသေးလေးပေါ်လာမှာကို ဘယ်အိမ်နီးချင်းကမှ ကြိုဆိုကြမှာမဟုတ်ပါဘူး။ ခွဲထွက်သူ အတွက်ပဲ အန္တရာယ်ပါတ်လည်ဝိုင်းလာမှာ ကို သိကြတာဖြစ်ပါတယ်။ မြန်မာမှာရှိတဲ့ လူများစု ဗမာအပါ အဝင်အားလုံးသော လူမျိုးတိုင်းဟာ စစ်အာဏာရှင်စနစ်အောက်မှာ ခံစားခဲ့ရတာတွေသိပ်များခဲ့လို့ ပေါက်ကွဲထွက်လုနီးပါးပြောဆိုကြတာ သို့မဟုတ် ဖော်ပြခဲ့ကြတာတွေရှိကောင်းရှိနိုင်ပေမယ့် လက်တွေ့မှာ ကိုယ်ပိုင်အုပ်ချူပ်ခွင့် အပြည့်အဝနဲ့ ကိုယ်လူမျိုးကိုယ် တိုးတက်အောင်လုပ်ခွင့်တွေရလာကြတဲ့အခါ တိုင်းပြည်ဟာ ပိုပြီးစည်းလုံးလာတာကိုပဲတွေ့ကြရမှာပါ။ ကွဲလွဲမှုတွေရှိလာရင်တောင် လူမျိုးတိုင်းဟာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းတတ်တဲ့ အလေ့အကျင့်ကောင်းတွေ သုံးတတ်လောက်အောင် နိုင်ငံရေးအရ ရင့်ကျက်လာကြပြီဖြစ်ပါတယ်။ ဒါက တဘက်ကပြောရင် စစ်အာဏာရှင်တွေအောက်က ဖြေရှင်းနည်းတွေ အလုပ်မဖြစ်ခဲ့ဘူးဆိုတာအပေါ် သင်္ခန်းစာယူ နိဂုံးချုပ်ထားတာလဲဖြစ်တယ်။ 


           မှန်ကန်တဲ့ နိုင်ငံရေးအမြင် မှန်ကန်တဲ့သဘောထားတွေ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေနဲ့သာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်မယ်ဆိုတာ အားလုံး နားလည်လက်ခံကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ တိုင်းပြည် တစစီဖြစ်သွားနိုင်တယ်ဆိုတာအပေါ် စိုးရိမ်စရာမလိုပါဘူး။ တကယ်စိုးရိမ်ရမှာတွေက အပေါ်မှာပြောခဲ့ပါပြီ။ နောက်တခု စိုးရိမ်ရမယ့်အချက်ရှိပါသေးတယ်။ နိုင်ငံကြီးတွေအနေနဲ့ မြန်မာ့အရေးမှာ လိုတာထက်ပိုပြီးမပတ်သက်ကြဖို့ပါပဲ။ အဲဒါက အင်အားကြီးတွေရဲ့ အင်အားချိန်ခွင်လျှာ ထိန်းညှိမှုများအကြား မြန်မာဟာ မြေဇာပင်ဖြစ်သွားနိုင်လို့ပါ။ တဘက်ကလည်း ပေါ့လျော့နေခဲ့မယ်ဆိုရင် စကစဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ ပြန်ခိုင်သွားသလိုဖြစ်လာနိုင်တာပါ။ ဒါလောက်ဆိုရင် တကယ်စိုးရိမ်ရမှာနဲ့ မစိုးရိမ်ရမှာတွေ ရှင်းလောက်ပါပြီ။ မြန်မာပြည်သူတွေအတွက်ကတော့ နောက်ပြန်ဆုတ်စရာအကြောင်းမရှိပါ၊ ရှေ့ကိုပဲ ဆက်လက်ချီတက်ပြီး အောင်ပွဲကိုအရယူကြတော့မှာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...