Saturday 15 June 2024

တနင်္သာရီတွင် ၂၇ နှစ်ကြာတပ်စွဲထားသည့် အောင်သာဝရစခန်းကို KNU နှင့် PDF များ တိုက်ခိုက်သိမ်းယူ


တနင်္သာရီတွင် ၂၇ နှစ်ကြာတပ်စွဲထားသည့် အောင်သာဝရစခန်းကို KNU နှင့် PDF များ တိုက်ခိုက်သိမ်းယူ 

Dawei Watch| ဇွန် ၁၅ 

၂၇ နှစ်ကြာတပ်စွဲထားသည့် တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အောင်သာဝရစခန်းကို KNU တပ်မဟာ (၄)၊ တပ်ရင်း (၇) နှင့် PDF ပူးပေါင်းတပ်များက ဇွန်လ ၁၄ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ 

အဆိုပါစခန်းသည် တနင်္သာရီမြစ်ဘေးတွင်တည်ရှိပြီး ကရင်တိုင်းရင်းသားများ နေထိုင်သည့်ရွာတွင် ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ 

ယင်းစခန်းတွင် ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အထိုင်ချပြီး စစ်ကောင်စီတပ်ဖွဲ့ ခန့်မှန်းအင်အား ၅၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။ 

“မတိုက်ခင် ကျွန်တော်တို့ သွားညှိနှိုင်းတာပဲ။ လက်နက်ချပါ၊ ပူးပေါင်းပေးပါဆိုပြီး၊ ဒါပေမဲ့ သူတို့က လက်နက်မချဘူး၊ သူတို့က အသေခံဖို့ ဆုံးဖြတ်လိုက်တာဆိုတော့ မလွဲမရှောင်သာ ကျွန်တော်တို့က တိုက်ရမှာပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ညှိနှိုင်း၍ မရသောကြောင့် ဇွန်လ ၁၄ ရက် နံနက် ၅ နာရီတွင် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။  

“ရေကြောင်းတော့မရဘူး။ လေယာဉ်ကတော့ နေ့တိုင်းလိုလို ဗုံးကြဲနေတာပဲ။ စခန်းသိမ်းတဲ့နေ့မှာလည်း တခါ နှစ်ခါ သုံးခါ ဗုံးကြဲတယ်။ အဲဒါပြီးတော့ ကျွတော်တို့ တပ်ရင်း ၇ ရဲ့ ဆေးရုံကိုလည်းသူတို့ ဗုံးလာကြဲတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စခန်း သိမ်းယူခံရပြီးနောက် အောင်သာဝရရွာမှ ရေလမ်းဖြင့် ၂ နာရီခန့်သွားသည့် KNU တပ်မဟာ ၄ KNDO တပ်ရင်း ၇ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဇွန်လ ၁၄ရက်က ဗုံးကြဲတိုက်ခိုက်သဖြင့် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ပဒိုစောအယ်နားက ပြောသည်။ 

လက်ရှိတွင် စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် နှစ်ဖက်ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ လက်နက်ခဲယမ်းရရှိမှု အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ရက်မှ ဇွန်လ ၁၄ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်စခန်းနှင့် ပျူစောထီးစခန်း ၁၀ ကျော်ကို KNLA ၊PDF နှင့် KTLA မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ 

Dawei Watch ရဲ့ သတင်းတွေကို 

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...