Monday 24 June 2024

ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှု စစ်ကောင်စီလာရောက်တောင်းပန်သော်လည်း မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီး မိန့်ကြား


 ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှု စစ်ကောင်စီလာရောက်တောင်းပန်သော်လည်း မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီး မိန့်ကြား


"ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး၊ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ပျောက်နိုင်ဘူး" - ကြခတ်ဝိုင်းဆရာတော်ကြီး


သတိုး/People's Spring 


ပဲခူးမြို့ ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှုအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်စား လာရောက်တောင်းပန်သည့် သာသနာရေးဝန်ကြီးအား ယင်းဖြစ်ရပ်သည် မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီးက မိန့်ကြားခဲ့သည်။


" အခုလျှောက်ထားတဲ့အတွက်တော့ သိရှိရပြီပေါ့။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး၊ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ပျောက်နိုင်ဘူး"ဟု ကြခတ်ဝိုင်းဆရာတော်ကြီးက ပြန်လည်မိန့်ကြားခဲ့သည်။ 


ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူသည့်ကိစ္စအပေါ် တောင်းပန်ကြောင်း စစ်ကောင်စီ၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယနေ့(ဇွန်လ၂၄ ရက်)တွင် အဆိုပါကျောင်းတိုက်သို့ လာရောက်တောင်းပန်ခဲ့ခြင်းဖြစ်သည်။



ဆရာတော်ကြီးပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သောဒေသတွင် PDFများ လှုပ်ရှားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပစ်ခတ်ခံရသည့်ယာဥ်မှာလည်း သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများ မပါသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင်း စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးက လျှောက်ထားသည်။


"ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ပါသည်"ဟု ၎င်းက ပြောဆိုသည်။


ထိုသို့ လျှောက်ထားမှုအပြီးတွင် ကြခတ်ဝိုင်းဆရာတော်ကြီးက အထက်ပါအတိုင်း ပြန်လည်မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


ပဲခူးမြို့ ဝင်းနိမိတ္တာရုံဆရာတော်သည် ဇွန်လ ၁၉ ရက် နံနက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပိုင်း၌ စစ်ကောင်စီ၏ ပစ်ခတ်မှူကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။


ဇွန်လ ၂၂ ရက်က ဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်လာရောက်၍ ယင်းကိစ္စအပေါ် သံဃာတော်များအနေဖြင့် သီးခံခွင့်လွှတ်ရန် မိန့်ကြားခဲ့‌သောကြောင့် ဝေဖန်မှုခံ‌နေရသည်။


ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ‌ချောင်ဦးနှင့် ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များစုပေါင်းပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေသည်။


ဇွန်လ ၂၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် ဆရာတော် သံဃာတော်များစုဝေး၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင်ပြုလုပ်ခဲ့သည်။ ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ဒီပဲယင်းမြို့နယ် ကျေးရွာပေါင်း ၃၀ နီးပါးရှိ ဘုန်းကြီးကျောင်းများမှ ကိုယ်စားပြု သံဃာတော် ၃၀ နီးပါးက ကျောင်းတစ်ကျောင်းရှိသိမ်၌ စုဝေး၍ စစ်ကောင်စီကို ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း အဆိုပါ ဆရာတော်၊ သံဃာတော်များက မိန့်ကြားသည်။ 


ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေ၍ စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက လျှောက်ထားတောင်းဆိုလိုက်သည်။ 


ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သံဃာထုအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဗုဒ္ဓသာသနာနှင့် မြန်မာ့လူ့အဖွဲ့ အစည်းအား အလုံးစုံဖြိုချခြင်း(Year Zero)ကို လုပ်ဆောင်လာ၍ အလျှော့မပေးစတမ်း ခုခံကြပါရန် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များက သဘောထားထုတ်ပြန်သည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...