Monday 29 July 2024

တော်လှန်ရေးက ဆက်ရေးတော့မယ့် လားရှိုးသမိုင်း


 တော်လှန်ရေးက ဆက်ရေးတော့မယ့် လားရှိုးသမိုင်း


၃ နှစ်ကျော် ခက်ခက်ခဲခဲကြိုးပမ်းကြရခဲ့ပြီးနောက် မြန်မာရဲ့ စစ်ရေးနိုင်ငံရေးအခြေအနေတွေက အလျှင်အမြန်ပြောင်းလဲနေပါတယ်၊ ၁၀၂၇ ဒုတိယအကျော့ လို့ဆိုတဲ့ ရှမ်းမန်းစစ်ဆင်ရေးဟာ အောင်မြင်မှုကြီးစွာရနေတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘယ်သူမှမရခဲ့တဲ့ အောင်ပွဲတွေရရှိနေတာပါ။ ၁၉၄၅ နှစ်ဆန်းပိုင်းမှာ အင်္ဂလိပ် နဲ့ မဟာမိတ်တပ်တွေက ဂျပန်လက်ရောက်နေတဲ့ လားရှိုးကိုပြန်လည်သိမ်းပိုက်ခဲ့တာပါ။ ၇၀ ခုနောက်ပိုင်းကစလို့ လားရှိုးဟာ ဗကပ ဆန့်ကျင်ရေးတိုက်ပွဲတွေနဲ့အတူ အရေးပါလာခဲ့တာပါ။ အဲဒီကာလအတွင်းမဆလအစိုးရက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆိုတာကို လားရှိုးမှာဖွဲ့စည်းခဲ့ပြီး သူတို့အခေါ် သောင်းကျန်းသူနှိမ်နင်းရေးဆိုတာတွေ တောက်လျှောက်လုပ်လာခဲ့တဲ့ အချက် အခြာနေရာတခုပါပဲ။ ခေတ်တွေအမျိုးမျိုးပြောင်းလာခဲ့ပါတယ်။ ဗကပပေါ်လာပြီးနောက် ကာကွယ်ရေးခေတ်မှာ လော်စစ်ဟန်နဲ့ အခြားအဖွဲ့များ လားရှိုးမှာ ခြေချင်းလိမ်နေခဲ့တဲ့ ကာလတွေရှိခဲ့သလို ဗကပ အပျက်မှာလဲ ကိုးကန့်အားပြိုင်မှုတွေကနေ ရှုံးနိမ့်သူတွေ လားရှိုးကိုရောက်လာကြတာဖြစ်တယ်။ KIA တပ်မဟာ ၄ ကခွဲထွက်လာတဲ့ မထုနော်အဖွဲ့ဟာလဲ လားရှိုးအနီး ကောင်းခါးမှာ ဖျက်သိမ်းမခံရမီအချိန်အထိ ဆယ်စုနှစ်အချို့ရှိနေခဲ့ပြီး မူးယစ်ဆေးဝါးချက်သူများနဲ့ အကြီး အကျယ် ပါတ်သက်ခဲ့ကြသေးတာပါပဲ။ ပြောမယ်ဆိုရင် လားရှိုးဟာ ကာကွယ်ရေးခေတ်ကစလို့ မူးယစ်ဆေးဝါး ၊ ဘိန်း၊ လက်နက် နဲ့ တရားမဝင်စီးပွားရေးပေါင်းစုံ ရှိနေခဲ့ပြီး လားရှိုးမှာတာဝန်ကျဘူးတဲ့ စစ်ခေါင်းဆောင်တိုင်း အဲဒီလုပ်ငန်းတွေက အကျိုး အမြတ်တွေ အနည်းနဲ့အများဆိုသလို ပါတ်သက် ရရှိနေခဲ့ကြတာပါ။ မန္တလေးက တာမိုးညဲပြည်သူ့ စစ်က ဖွင့်ထားတဲ့ ဘီယာဆိုင်မှာ သန်းရွှေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတောင် တွေ့ခဲ့ကြရသေးတာပဲ။ ခင်ညွန့်ကတော့ ပိုအခြေအနေဆိုးပါတယ်။ ရန်ကုန်က အကြီးဆုံး ဇိမ်အိမ်ကြီးမှာ ခင်ညွန့်နဲ့ အဲဒီပိုင်ရှင်နဲ့တွဲရိုက်ထားခဲ့တဲ့ ဓါတ်ပုံချိတ်ထားတာ သူ့ ထောက်လှမ်းရေးတွေ တွေ့သွားလို့ အရှက်ကွဲပြီး အဲဒီလူကို ထောင်နှစ်အစိတ်လောက် ချလိုက်သေးတယ်မဟုတ်လား။ဘယ်လိုပဲဖုံးကြ ဖိကြပစေ စစ်ခေါင်းဆောင်များနဲ့ ပါတ်သက်ရာ ပတ်သက်ကြောင်းတွေ နဲ့ အဖျားအနားကလူတွေကအစ တသွေးတမွေးတောက်ပြောင်လာတာ၊အခုချိန်ထိ ထိပ်တန်းစီးပွားရေးတွေပိုင်ကြပြီး သုံးနိုင်ဖြုံးနိုင် ဖြစ်နေတာကတော့ အားလုံးမျက်မြင်ပါပဲ။  


        တဘက်မှာလဲ ပြည်သူတွေအတွက်တော့ လားရှိုးဟာ ရှမ်း ၊တရုတ် ၊ဂျိန်းဖော၊ တအာင်း ၊ ဗမာ အပါအဝင် လူမျိုးစုံ ယဥ်ကျေးမှုမျိုးစုံ ရောယှက်နေထိုင်ရာ ကူးလူး ဆက်ဆံရာ အဖိုးတန်လှတဲ့ နေရာဖြစ်နေပါတယ်။ အင်္ဂလိပ်ဦးဆောင်တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကချင်အပျော်တန်းစစ် သည်တွေ ထောင်နဲ့ချီပြီး ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ သမိုင်းဝင်မြို့လဲဖြစ်တယ်။ ဒီမိုကရေစီကာလလေးတခုမှာ NLD နဲ့ SNLD တို့ အေးချမ်းစွာ အားပြိုင်ခဲ့တဲ့နေရာလဲဖြစ်ခဲ့တာပါ။ အခုတော့ မြို့တမြို့ရဲ့ သမိုင်းကြောင်းထဲက ကောင်းမွေကိုသာဆက်ခံပြီး စစ်အာဏာရှင်တွေခေတ်က ဆိုးမွေအားလုံးပယ်ဖျက်ပစ်ဖို့ အခွင့်ကောင်းတခု ရလာပြီလို့ဆိုရမှာပါ။


      တွေ့မြင်ရတဲ့ သတင်းဓါတ်ပုံတွေအရ အကျာကျားတို့ ဘယ်လိုပဲဖင်ပိတ်ငြင်းပစေ လားရှိုးဟာ MNDAAနဲ့ ပူးပေါင်းတပ်တွေလက်ထဲရောက်နေပါပြီ။ ဟိုအရင်က ဦးသိန်းဖေမြင့်ရဲ့ အရှေ့မြောက်တိုင်းတခွင် ဆိုတဲ့ စာအုပ်မှာ လော်စစ်ဟန်ကို စီးတတ်ရင်မြင်းကောင်းပဲလို့ ရေးခဲ့တယ်။ တကယ်လဲ နောက်ပိုင်းမှတ်တမ်းတွေအရဆိုရင် ဗကပ ပြိုကွဲအောင်လုပ်ရာမှာ လော်စစ်ဟန်က အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။ အခုအဲဒီမြင်းရဲ့ သားကို စာထုတ်ပြီး ကိုးကန့်ကိုနားချခိုင်းတော့ ဘာမှထူးမလာပါဘူး။ လွန်ခဲ့တဲ့ နှစ်၄၀လောက်က အကွက်ကို ကြံရာမရထုတ်သုံးတော့ ဒါတွေကရိုးသွားပြီပေါ့။ တကယ်တော့ ဟိုလူကလဲ မကောင်းတတ်လို့ လုပ်ရတာ အခြေနေတွေသိတာပေါ့၊ နောက်ဖေးပေါက်ကနေတောင် အခုခေါင်းဆောင်တွေနဲ့ ချိတ်ထားပြီးလောက်ပါပြီ။ အခုခေတ် လူငယ်စစ်ခေါင်းဆောင်တွေက ဆွန်ဇူးတို့ သုံးပြည်ထောင်ဝထ္ထုတို့လဲ အတော်ဖတ်ထားကြပုံရပါတယ်။ စစ်ရေးဗျူဟာတွေက အတော်လှတာတွေ့ရတယ်။ ဒေါ်စိန်အေးကျောင်းရဲ့ သမရိုးကျအမြင်တွေနဲ့ လိုက်လို့မမှီတော့ပါဘူး။ ဒီလိုအရှိတရားတွေကို လက်ခံကြဖို့လိုတာပါပဲ။ မည်သို့ဆိုစေ မြန်မာဟာ ခေတ်သစ်တခုကို ရောက်ရတော့မှာပါ။ ထွန်းလင်းတောက်ပတဲ့ လားရှိုးသမိုင်းကို ဆက်ရေးကြရမှာပါ။ ဒီကမှတဆင့် စစ်တပ်ရဲ့ ခွန်နှစ်ဆွေး ရှစ်ဆွေး ဂျင်းတွေကိုခွာချပြီး သစ်လွင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းကြရမှာပါ။ ဒီလမ်းကြောင်းမှာ လားရှိုးမြို့သိမ်းတိုက်ပွဲဟာ အင်္ဂလိပ်တို့ ဂျပန်လက်က သိမ်းခဲ့ရတဲ့ တိုက်ပွဲထက် မလျော့တဲ့ သမိုင်းတန်ဖိုးရှိလာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...