Wednesday 7 August 2024

သေနတ်သံထွက်သည်နှင့် အလံဖြူထောင်သည့် စစ်တပ် တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းပေါင်း (၈၄)ခုအထိ တော်လှန်ရေးတပ်ဖွဲ့များထံ ထိုးအပ်လာရသည့် အခြေအနေဖြစ်လာ


 သေနတ်သံထွက်သည်နှင့် အလံဖြူထောင်သည့် စစ်တပ် တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းပေါင်း (၈၄)ခုအထိ တော်လှန်ရေးတပ်ဖွဲ့များထံ ထိုးအပ်လာရသည့် အခြေအနေဖြစ်လာ 

https://www.tachileik.net/mm/news/36961

* * * * *


ပြည်သူလူထု၏ ထောက်ခံမှုမရှိဘဲ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် (၃)နှစ်အတွင်း ယနေ့ ၂၀၄ခုနှစ် ဩဂုတ်လ (၇)ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းပေါင်း(၈၄)ရင်း တော်လှန်ရေးတပ်များ၏ သိမ်းပိုက်ခြင်းကို ခံရထားကြောင်း စာရင်းအချက်အလက် များအရ သိရသည်။ 


တော်လှန်ရေးတပ်များအပေါ် ကြီးမားသည့် စစ်ရှုံးမှုကို ခံနေရသည့် စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များအနက် တပ်ရင်းပေါင်း(၆၈)ရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ-နခခ (၉)ခု၊ အခြေချစစ်ဗျူဟာ-စဗခ(၄)ခု၊ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်-စကခ(၃)ခု၊ ခြေလျင်တပ်မဟာဌာနချုပ်-သိန္နီ (၁)ခု၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ လောက်ကိုင် (၁)ခု၊ လားရှိုးတိုင်းစစ်ဌာနချုပ်(၁)ခုတို့ကို ညီနောင်မဟာမိတ်(၃)ဖွဲ့ထံ ထိုးအပ်လိုက်ရပြီ ဖြစ်သည်။ 


ထို့အပြင် KNU ကလည်း စစ်ကောင်စီတပ်ရင်း (၅)ရင်း၊ KIA က တပ်ရင်း(၉)ရင်း၊ ချင်းညီနောင်များက တပ်ရင်း(၂)ရင်းတို့ကို သိမ်းပိုက်ထားရာ စုစုပေါင်းတပ်ရင်း(၈၄)ရင်းမှာ အဆံမရှိ အခွံသာကျန် ဆိုသလို အမည်သာကျန်ရစ်ခဲ့ရပြီးဖြစ်သည်။ 


မကွေး၊ ကရင်၊ မွန်၊ ရှမ်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စသည့် တိုင်းနှင့်ပြည်နယ်တို့ရှိ စစ်ကောင်စီတပ်ရင်းများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခရှိ တပ်ရင်းပေါင်း (၃၀)ခန့်မှာလည်း စစ်ကူလိုက်ရာကနေ ချေမှုန်းခံလိုက်ရပြီး စစ်ကောင်စီတပ်သားထောင်ချီ သေဆုံးသွားပြန်သည်။ 


ညီနောင်မဟာမိတ်(၃)ဖွဲ့ သိမ်းပိုက်ထားသည့် နခခ (၉)ခုမှာ မောင်တောမှ နခခ(၁)၊ (၂)၊ (၄)၊ (၆)၊ (၇)၊ (၉)၊ (၁၀)၊ ဘူးသီး တောင်မြို့မှ နခခ(၃)၊ (၈)တို့ဖြစ်ပြီး မောင်တောမြို့ရှိ နခခ(၅)ကိုမူ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။


သိမ်းပိုက်ထားသည့် စကခ(၃)ခုမှာ စကခ(၉)ကျောက်တော်၊ စကခ(၁၅)ဘူးသီးတောင်နှင့် စကခ(၁)ကျောက်မဲတို့ ဖြစ်ပြီး စဗခ(၄)ခုမှာ ကွတ်ခိုင် စဗခ၊ မိုးမိတ် စဗခ၊ ကွမ်းလုံ စဗခ၊ ဘူးသီးတောင် စဗခတို့ဖြစ်သည်။ 


သိမ်းခံလိုက်ရသည့် တပ်ရင်းလိုက်အမည်များ ဖော်ပြရန်မှာ အရေအတွက်များလွန်းသဖြင့် ချန်လှပ်ထားခဲ့ခြင်းသာဖြစ်သည်။


၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် ဇန်နဝါရီလမှ ဇွန်လအထိ ပျူစောထီးစခန်းများအပါ ရှေ့တန်းစစ်ကောင်စီတပ်စခန်း (၂၀၀)ကျော်ကို သိမ်းထားပြီးဖြစ်ကာ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား အရေအတွက်မှာလည်း (၄,၁၀၈)ဦးရှိသည်ဟု သုတေသန အရပ်ဖက်အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။ 


စစ်တပ်ကအာဏာသိမ်းပြီး (၃)နှစ်အတွင်း နိုင်ငံတဝှမ်းရှိ ရဲစခန်း၊ ပျူစောထီးစခန်းနှင့် စစ်ကောင်စီတပ်စခန်းပေါင်း ထောင်ချီကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားနိုင်သည်ဟု အဆိုပါအဖွဲ့က ဆက်ပြောသည်။


စစ်တပ်ထောက်ခံသူများအကြားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှုများကို ဝေဖန်လာကြပြီး ရမခတိုင်းစစ်ဌာနချုပ် ပြန်မရပါက ရာထူးမှဆင်းပေးရန်လည်း ပြောဆိုခြင်းများရှိလာသည်။ 


လားရှိုး ရမခဌာနချုပ်သည် စစ်ဌာနချုပ်(၁၄)ခုရှိသည့်အနက် တတိယအကြီးဆုံးနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို တိုက်ထုတ်ခြင်းကြောင့် ဂုဏ်ရောင်ပြောင်ကြောင်း၊ ခိုင်မာကြောင်းအမွှန်းတင်၍ နေဝန်းနီတံဆိပ်တပ် ထားသော်လည်း MNDAA ထံ (၃)ရက်အတွင်း ထိုးအပ်လိုက်ရသည့် အခြေအနေရောက်သွားသည်။ 


စစ်ကောင်စီ၏ အခိုင်အမာ စစ်ရုံးဌာနချုပ် ရက်ပိုင်းအတွင်းကျသွားခြင်းသည် မင်းအောင်လှိုင်၏ ပေါ်လစီမူဝါဒ အမှားများအား စစ်တပ်ကိုယ်တိုင်က စိတ်ပျက်နေပြီး တိုက်ချင်၊ ခိုက်ချင်စိတ် မရှိကြတော့သည့် အခြေအနေကြောင့် သေနတ်သံထွက်သည်နှင့် အလံဖြူထောင် လက်နက်ချခြင်းဖြစ်သည်ဟု နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က Tachileik News Agency ကိုပြောသည်။


“သူတို့ရဲ့ အမာခံစစ်ဌာနချုပ်ကြီး ရက်ပိုင်းအတွင်း ကျဆုံးသွားပြီဆိုတာနဲ့ တပြိုင်တည်း ကျန်တဲ့(၁၃)ခုလည်း နောင်လာမယ့်ရက်ပိုင်းတွေမှာ တိုက်ဖို့ခိုက်ဖို့ လွယ်တဲ့အနေအထားရောက်သွားပြီ။ ဘာကြောင့်လည်းဆို စစ်ကောင်စီတပ်သားတွေ စစ်မတိုက်ချင်ကြတော့ဘူး။”ဟု နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 


စစ်ကောင်စီတပ်တွင် ကြည်းတပ်သည် တစ်နိုင်ငံလုံးကို စစ်တိုင်းဌာနချုပ်(၁၄)ခုဖြင့် နယ်မြေခွဲသတ်မှတ်ထားပြီး စစ်တိုင်းအလိုက် တိုင်းလက်အောက်ခံ ခြေလျင်တပ်ရင်းများရှိသည့်အပြင် တပ်မ(၁၀)ခုနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲ မှုဌာနချုပ်-စကခ(၂၀)ခု၊ စုစုပေါင်း(၃၀)နှင့် နောက်တန်းတပ်ရင်း၊ တပ်မဌာနချုပ်များအား ဖြန့်ခွဲချထားသေးသည်။ 


တပ်မနှင့် စကခ တစ်ခုလျှင် တပ်ရင်း(၁၀)ရင်းရှိပြီး စစ်တိုင်း(၁၄)ခု၌ လက်အောက်ခံတပ်ရင်း(၂၄၂)ရင်းနှင့် တပ်မ၊ စကခ(၃၀)မှ တပ်ရင်း(၃၀၀)ရှိရာ စုစုပေါင်း တပ်ရင်း(၅၄၂)ရင်း ရှိသည်။ 


စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်သည် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ချုပ်ကြီးများအဆင့်ထိ ဖြုတ်၊ ထုတ်၊ သတ် စနစ် ကျင့်သုံးနေခြင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရခြင်း၊ လက်နက်ချခြင်း၊ သေဆုံးခြင်းများကြောင့် ဗိုလ်မှူးချုပ်မှစ၍ ဗိုလ်ချုပ်(တိုင်းမှူး)အထိ (၁၈)ဦးကို ဆုံးရှုံးထားရသည်။


💧︎ ဖြုတ်၊ ထုတ်၊ ထောင်ချ၊ အညံ့ခံ၊ လက်နက်ချ၊ အလင်းဝင်၊ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ်များ


စစ်ခေါင်းဆောင် ဆုံးရှုံးထားရသူများမှာ ဗိုလ်မှူးချုပ် မင်းမင်းထွန်း တပ်မ(၁၁)မှူး (ရခိုင်တွင် သေဆုံး)၊ ဗိုလ်မှူးချုပ် အေးမင်းနောင် တပ်မ(၄၄)မှူး (ကရင်တွင်သေဆုံး)၊ ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း တပ်မ(၅၅)မှူး (ရှမ်းမြောက်တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် မင်းထွဋ်ဦး တပ်မ(၈၈)မှူး (ကချင်တွင် သေဆုံး)၊ ဗိုလ်မှူးချုပ် အောင်ကျော်လွင် တပ်မ (၉၉)မှူး (ရှမ်းမြောက်တွင် သေဆုံး)၊ ဗိုလ်မှူးချုပ် မင်းမင်းထွန်း တပ်မ(၁၀၁)မှူး (ရှမ်းမြောက်တွင် ဖမ်းမိ)၊ ဗိုလ်မှူးချုပ် လင်းအောင်မိုး စကခ(၇)မှူး (ဖမ်းခံရ)၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း စကခ (၉)မှူး (ရခိုင်တွင် ဖမ်းမိ)တို့ဖြစ် သည်။ 


ထို့အပြင် ဗိုလ်မှူးချုပ် အောင်ဇော်လင်း စကခ(၁၂)မှူး (ရှမ်းမြောက်တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် အေးမင်းဦး စကခ (၁၄)မှူး (ရှမ်းမြောက်တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ စကခ(၁၉)မှူး (ချင်းပြည်နယ်တွင် သေ ဆုံး)၊ ဗိုလ်မှူးချုပ် မိုးကျော်သူ လောက်ကိုင် ဒကစမှူး( ရှမ်းမြောက်တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် သော်ဇင်ဦး ‌ခြေလျင်တပ်မဟာ(၁၆)မှူး(ရှမ်းမြောက်တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ကိုးကန့်ဥက္ကဌ (ရှမ်းမြောက် တွင် လက်နက်ချ)၊ ဗိုလ်မှူးချုပ် အောင်ကျော်မိုး စကခ (၁၂) (အဆုံးစီရင်)၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး ရမခ တိုင်းစစ် ဦးစီးချုပ်(ရှမ်းမြောက်တွင် အရှမ်းဖမ်းမိ)၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေး စကခ(၁) မှူး (ရှမ်းမြောက်တွင် အရှင်ဖမ်းမိ)၊ ဗိုလ်ချုပ် စိုးတင့် တိုင်းမှူး(ရှမ်းမြောက်တွင် အရှင်ဖမ်း) တို့ဖြစ်ကြသည်။


ထို့သို့ စစ်တိုင်းမှူးနှင့် ဗျူဟာမှူးများကို ဆုံးရှုံးနေရသည့် စစ်ခေါင်းဆောင်တွင် ယုံကြည်ရသူများကို ရှာမရနိုင်သေး၍ တာချီလိတ်အခြေချစစ်ဗျူဟာမှူးကိုလည်း ၂၀၂၄ခုနှစ် ဩဂုတ်လ(၇)ရက်နေ့အထိ မခန့်အပ်နိုင်သေးသည့်အပြင် ရှမ်းမြောက်တွင် ဗျူဟာမှူး(၂)ဦး စစ်ရှုံးသွားသည့် စကခ(၁၂)မှူးနေရာကိုလည်း အသစ်မခန့်အပ်နိုင်သေးပေ။


“ဒါ တပ်ရင်းဌာနချုပ် နေရာတွေကို ပြောတာနော်။ ရှေ့တန်းစခန်းနေရာတွေကတော့ အများကြီးပေါ့။ အဲဒီတော့ စစ်တပ်ရဲ့ ကျဆုံးခန်း နိဒါန်းရဲ့အစကို ရောက်လာပြီလို့ ပြောလို့ရတယ်။ တကယ့်နိဒါန်းကိုရောက်ပြီဆိုရင် နိဒါန်းနဲ့ နိဂုံးသည် ဘယ်လောက်မှ မကြာဘဲနဲ့ နိဂုံးချုပ်တော့မယ်။ နိဒါန်းကိုရောက်ဖို့ နည်းနည်းလိုသေးတယ်။ နိဒါန်းကို ရောက်ပြီဆိုတာနဲ့ တန်းပြီးတော့ နိဂုံး အမြန်ဆုံးရောက်မယ်လို့ ပြောချင်ပါတယ်။”ဟု CDM ဗိုလ်ကြီး ဇင်ယော်က Tachileik News Agency ကိုပြောသည်။


တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် ဇွန်လအထိ စစ်ကိုင်းတိုင်းတွင် (၄)မြို့၊ ကချင်ပြည်နယ်တွင် (၅)မြို့၊ ရှမ်းပြည်နယ်တွင် (၂၃)မြို့၊ မန္တလေးတိုင်းတွင် (၂)မြို့၊ ချင်းပြည်နယ်တွင် (၁၃)မြို့၊ ရခိုင်ပြည်နယ်တွင် (၁၃)မြို့၊ ကရင်ပြည်နယ်တွင် (၁)မြို့၊ ကယားပြည်နယ်တွင် (၅)မြို့သိမ်းထားပြီးယနေ့အထိ ဆက်လက်သိမ်းပိုက်ထားသည့်မြို့များအပါအဝင် မြို့ပေါင်း(၇၀)နီး ပါးရှိနေပြီဖြစ်သည်။


ယခုခြေအနေများသည် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်မှသာ ဖြစ်ပေါ်လာသည့် အခြေအနေများ ဖြစ်သဖြင့် ၁၀၂၇ စစ်ဆင်ရေးရပ်တန့်သွားမည်ကို တော်လှန်ရေးအဖွဲ့များက စိုးရိမ်သည်။


သို့သော်လည်း စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်အား မြေမြှုပ်သဂြိုလ်ပစ်မည်ဆိုသော ကတိကဝတ်ကို ညီနောင်(၃)ဖွဲ့က ဆုတ်ကိုင်၍ မြေပြန့်ရှိ PDF တပ်များနှင့်အတူ တိုက်ပွဲဝင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ဦးသန်စိုးနိုင်က ဆိုသည်။


 ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးသည် ရှမ်းမြောက်မှ ရှမ်းတောင်-ကရင်နီ-နေပြည်တော်အထိ ဆက်လက်သွားနိုင်ပြီး မဟာမိတ်ပူးပေါင်းတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို ပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးသည့် စစ်ပွဲ ဖြစ်လာလိမ့်မည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်သည်။


#TachileikNewsAgency

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...