Friday 2 August 2024

တရုတ်ရင်းနှီးမြှုပ်ထားသော တကောင်းနီကယ်စက်ရုံကို PDF များသိမ်းပိုက်



 တရုတ်ရင်းနှီးမြှုပ်ထားသော တကောင်းနီကယ်စက်ရုံကို PDF များသိမ်းပိုက်


▪︎စက်ရုံဆက်လက်လည်ပတ်ရန် ၊တရုတ်နိုင်ငံသားများအပါအဝင်စက်ရုံဝန်ထမ်းများဘေးကင်းရန် NUG ကတရုတ်နှင့်ဆွေးနွေး၍ စီမံပေးထား


-လီလီယန်၊ ဟန်နွေ ၊မိထက်/People's Spring 


စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်သောတကောင်း နီကယ်စက်ရုံမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက PDF များထံလက်

နက်ချပြီးနောက် စက်ရုံကို PDF များက သိမ်းပိုက်ထိန်းချုပ်လိုက်သည်။ 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ ၊ပကဖ များ၊ကွန်မန်ဒိုများ ၊မဟာမိတ်တပ်များက သပိတ်ကျင်း မြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ် ကို ဇူလိုင် ၂၁ ရက်တွင်လည်းကောင်း ၊တကောင်းတောင်ပေါ်ရှိ စစ်တပ် လက်အောက်ခံ ရဲကင်းအား ဇူလိုင် ၂၄ ရက်တွင်လည်းကောင်း ၊တွင်းငယ် နယ်မြေရဲစခန်းအား ဇူလိုင်လ (၂၅) ရက်နေ့တွင်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် တကောင်နီကယ် စက်ရုံမှ စစ်ကောင်စီတပ်မှ ဆက်သွယ်လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးရင်းမြစ်များကပြောသည်။


" ၄၀ နဲ့အစွန်း (စက်ရုံရှိစစ်ကောင်စီတပ်သားအရေအတွက်) တော့ရှိတယ်။ ပြီးခဲ့တဲ့ ၄၊ ၅ရက်လောက်က သွားတာ။ ဘာမှ အခက်အခဲမရှိဘူး။ သူဟာနဲ့သူ လက်နက်ချပြီးသွားတာ။ သူတို့ကိုလည်းသေချာပို့ပေးလိုက်ပြီ။အဆင်ပြေတယ်"ဟု ဒေသခံ စစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။


NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကလည်း တကောင်းနီကယ်စက်ရုံကို PDF များကထိန်းချုပ်ပြီး စက်ရုံဆက်လက်လည်ပတ်နိုင်ရန်

 နှင့် လက်နက်ချစစ်သားများဘေးကင်းရန် ၊ စက်ရုံရှိ တရုတ်နိုင်သားများဘေးကင်းအောင် စီမံဆောင်ရွက်ပေးနေကြောင်း အတည်ပြုပြောကြားသည်။


"ကျွန်တော်တို့ PDF တွေရဲ့ လှုပ်ရှားမှုတွေ မြင့်မားလာတဲ့အချိန်မှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)အနေနဲ့က PDF တွေကို ရင်ဆိုင်နိုင်မှု မရှိတော့တဲ့အတွက်ကြောင့် သူတို့ လက်နက်ချဖို့အတွက် ဆွေးနွေးလာခဲ့တာရှိပါတယ်။ တရုတ်အစိုးရဘက်ကလည်း ကျွန်တော်တို့ဘက်ကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကလည်း ကျွန်တော်တို့ကို ချိတ်ဆက်ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ (စစ်ကောင်စီစစ်သားတွေ) လက်နက်ချတာကို လက်ခံပြီးတော့ သူတို့လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဆွေးနွေးမှုတွေအတိုင်း နေရအောင် PDF တွေကပြီးတော့ လက်နက်ချတဲ့ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို ထွက်ခွာခွင့်ပေးလိုက်ပါတယ်။ ကုမ္ပဏီတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း PDF တွေနဲ့ တာဝန်ရှိတဲ့သူတွေ ဆွေးနွေးပြီး သူတို့တတွေလုံခြုံရေးအတွက် ကျွန်တော်တို့တတွေ စောင့်

ရှောက်ပေးတယ်"ဟု ဦးကျော်ဇောPeople's Spring သို့ပြောကြားသည်။


တကောင်းနီကယ် စက်ရုံကို တရုတ်နိုင်ငံပိုင် 

သတ္ထုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nickel နှင့် စစ်အစိုးရ၏ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့က ၂၀၀၈ ခုနှစ်တွင်အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်လျင် နီကယ်တန်ချိန် ရှစ်သောင်းခွဲထုတ်လုပ်ရန် လျာထားပြီး

 နှစ်ပေါင်း ၂၀ သက်တမ်းရှိသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။၂၀၁၁ မှစတင်စတင် ၍ နီကယ်တူးဖော်ထုတ်လုပ်ခဲ့ပြီး ၂၀၃၁ အထိ့ဆက်လက်တူးဖော်မည်ဖြစ်သည်။ တရုတ် နိုင်ငံပိုင် ကုမ္ပဏီကအမေရီကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။ 


တကောင်းနီကယ်သတ္ထုထုတ်လုပ်မှုစီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်မှ စတင်ကာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်ကုမ္ပဏီ Myanmar CNMC Nickel တို့က အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းစာချုပ်ကာလမှာ နှစ် ၂၀ဖြစ်သည်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရုတ်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟုမူဝါဒချမှတ်ထားပြီး မူအတိုင်း တကောင်းနီကယ်စက်ရုံပုံမှန်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းလည်း ဦးကျော်ဇောက ရှင်းပြသည်။  


"ကျွန်တော်တို့တတွေကတော့ တရုတ်ရင်းနှီး

မြှုပ်နှံမှု စက်ရုံတွေ အပါအဝင် ဘယ်စီးပွားရေးစက်ရုံတွေ၊ စီးပွားရေးဇုန်တွေမှာ စစ်တပ်မဝင်ဖို့က အရေးကြီးတယ်ဆိုတာ ပြောကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကစစ်ဇုန်မဟုတ်ဘူး။ စစ်တပ်

အနေနဲ့ နိုင်ငံခြာရင်းနှီးမြှုပ်နှံမှုတွေကို အသုံးချပြီးတော့ ပြည်သူလူထုအပေါ်မှာ နိုင်ထက်စီးနင်းမှု၊အကြမ်းဖက်မှု အဲဒါတွေ မဖြစ်ပွားအောင် ဒီစက်ရုံတွေမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ဝင်ရောက်တပ်စွဲတာ မလုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါလည်း ကျွန်တော်တို့ ဆွေးနွေးကြပါတယ်"ဟု သမ္မတရုံးပြောရေးဆိုခွင့် ရှိသူက NUG နှင့် တရုတ်တို့ စက်ရုံအနာဂါတ်ဆွေးနွေးခဲ့မှု အခြေ

အနေကို ပြောသည်။ 


စစ်ကောင်စီတပ်သည် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တရုတ်နိုင်ငံသားပိုင် Alpha ဘိလပ်မြေစက်ရုံကို ဇူလိုင်လလ်တွင် စစ်ရှုံးပြီးနောက် မီးရှို့ဖျက်ဆီးသွားကြောင်း NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်အသိပေးခဲ့သည်။


"အကြမ်းဖက်စစ်တပ်သည် သူတို့ ရှုံးနိမ့်သွားရင် မီးရှို့ဖျက်ဆီးသွားတဲ့ စက်ရုံတွေ ရှိခဲ့တယ်ဆိုတာလည်း သာဓကရှိပါတယ်။ Alpha ဘိလပ်မြေစက်ရုံဆိုလည်း စစ်တပ်က ဖျက်ဆီးသွားခဲ့တယ်။ PDF တွေက အကြမ်းဖက်စစ်တပ်နဲ့ပြောင်းပြန် တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။ တရုတ်တကောင်းနီကယ်စက်ရုံရဲ့ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတယ်။ နောက် အဲဒီစက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံမှုတွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတာလည်း ပြောကြားချင်ပါတယ်"ဟု ဦးကျော်ဇောကဆက်လက်ပြောသည်။


ထိုကြောင့် တကောင်းနီကယ်စက်ရုံ နှင့် Alpha ဘီးလပ်မြေစက်ရုံတို့သည် PDF များသိမ်းပိုက်ထိန်းချုပ် နိုင်သော တရုတ်နိုင်ငံပိုင်စက်ရုံများဖြစ်လာသည်။


နီကယ်စက်ရုံမှ တရုတ်ပညာရှင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်းပြီးနောက် သဘောတူညီချက်ရခဲ့ခြင်းဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။


" အခု PDF က စက်ရုံကိုထိန်းချုပ်ထားတယ်။ စက်လည်းလည်နေတယ်။ စာချုပ်အရ အစိုးရကို ပေးသွင်းရမယ်ငွေကို NUG ကို ပေးလိုက်ရုံပဲလေ" ဟု ၎င်းက ‌ပြောသည်။


စက်ရုံတွင် တရုတ်ပညာရှင်များနှင့် PDF များ အဆင်ပြေစွာ ရှိနေကြပြီး ယင်းအခြေအနေသည် စစ်ကောင်စီကို မျက်စိလည်စေခဲ့သည်ဟု ဒေသခံချို့က သုံးသပ်သည်။ 


" စက်ရုံဝင်းထဲတင် ဟတ်စကီးကွင်းရှိတယ်။ ဟိုတယ်လည်း ရှိတယ်။ အဆင်မပြေရင် ထွက်သွားမှာလေ။ အခုက စက်ရုံလည်နေတယ်။ သူတို့ (တရုတ်နိုင်ငံသားများ) အဆင်ပြေကြတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။


ထို့အပြင် စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံပိုင်နီကယ်စက်ရုံအတွင်း သေနတ်မဖောက်ရဲကြောင်း ဒေသခံအချို့ကပြောသည်။


မန္တလေး PDF သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ဇွန်လ ၂၄ ရက်မှစ၍ မတ္တရာ ၊စဥ့်ကူး မြို့နယ်ရှိ စစ်တပ်စခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်ရာ ဇူလိူင် ၁င ရက်တွင် စဥ့်ကူးတစ်မြို့နယ်လုံးသိမ်းပိုက်နိုင်ခဲ့သည်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကိုလည်းသိမ်းပိုက်ခဲ့သည်။ တချိန်တည်းတွင် အမှတ် (၁) စစ်ဒေသအောက်ရှိ တပ်ရင်းများ၊ပကဖ များ နှင့် မဟာမိတ်တပ်များကလည်း စဥ့်ကူးမြို့ ၊ထီးချိုင့် မြို့တို့နှင့် ကပ်လျက်ရှိသော သပိတ်ကျဥ်းမြို့နယ်ရှိ စစ်တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်၍ ဆက်တိုက်သိမ်းပိုက်လိုက်ခြင်းကြောင်း တကောင်နီကယ်စက်ရုံရှိစစ်သားများမှာ မခုခံတော့ဘဲ လက်နက်ချခဲ့ခြင်းဖြစ်သည်။


"မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်း အစပ်က ရေရှင်ပေါ့နော်။ ရေရှင်ရဲ့ အောက်ဘက် အင်းနက်ရွာကို ဒီဘက်က သိမ်းလိုက်တာ။ အင်းနက်စခန်းသိမ်းပြီးတဲ့အခါ လန့်ပြီးမှ နောက်ဆက်တွဲဒီလိုဖြစ်လာတာ။ အဲဒီ စခန်းသိမ်းလိုက်တော့ထောက်ပို့လုံး၀ပြတ်သွားပြီ။နဂိုရ်ကလည်း ခပ်ပြတ်ပြတ်ဆိုတော့ အဲဒီမှာ သိမ်းလိုက်တဲ့အခါသူတို့လန့်ပြီးမှ ဒီလိုဖြစ်သွားတဲ့သဘောပေါ့"ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။


 အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်း နှင့် စစ်ဆေးရေးဂိတ်ကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်း အဖွဲ့ နှင့် သပိတ်ကျင်းမြို့နယ် (ပကဖ) တို့က ဇူလိုင် ၂၁ ရက်တွင်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၈) လောင်း၊ စစ်သုံ့ပန်း (၈) ဦး ရရှိခဲ့ပြီး လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်

ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ ကျည်ဘောက် (၉၉) ဘောက် သိမ်းဆည်းရရှိခဲ့သည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...