Tuesday 3 September 2024

တနင်္သာရီမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်းလာသော တပ်သား ၁ ဦး အလင်းဝင်



 တနင်္သာရီမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်းလာသော တပ်သား ၁ ဦး အလင်းဝင်


ရန်ကုန်၊ စက်တင်ဘာ ၃ 


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်းလာသော တပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း - ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။


စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ၅၅၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်း တပ်သား မင်းခန့်သည် ရှေ့တန်း တစ်နေရာမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပကဖ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အလင်းဝင်ရောက်ခဲ့သူ တပ်သား မင်းခန့်သည် ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင် နေထိုင်သူဖြစ်ပြီး လမ်းခရီး တစ်နေရာတွင် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးကာ အဓမ္မ တပ်သား စုဆောင်းခြင်းခံရသူ ဖြစ်ကြောင်း၊ စကက ၆ ဟင်္သတတွင် ၆ လ ကြာ သင်တန်းတက်ခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်းခဲ့လာခဲ့သူဖြစ်ကြောင်း သိရသည်။


“သူက လက်နက်ဖွတ်ထားခဲ့ပြီး ရောက်လာတာ ရောက်လာပြီးတော့ လက်နက်က ဖွတ်ထားခဲ့တဲ့နေရာကို ပြန်သွားယူတော့ မတွေ့ရတော့ဘူး။ အခုတော့ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်” ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 


အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် ၁၀၁ တပ်ရင်းတွင် ၂ နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး စက်တင်ဘာလတွင် ရှေ့တန်း စစ်မြေပြင် ပို့ဆောင်ခံရပြီးနောက် ထွက်ပြေး လာခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လကလည်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး မြိတ်ခရိုင် ပူးပေါင်း စစ်ကြောင်း ၂ ထံ အ လင်းဝင်ခဲ့သေးကြောင်း သိရသည်။


အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အသက်သွင်းကာ ပြည်သူများကို မဲဖောက် ရွေးချယ်ခြင်း၊ အိမ်ပေါ်တက် ဝင်ဆွဲခြင်း၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် တရားမဝင်နေထိုင်မှုဖြင့် ပြစ်ဒဏ်ကျခံပြီးပြန်လာသည့် မြန်မာနိုင်ငံသား များကို ဖမ်းဆီးကာ တပ်သားသစ်စုဆောင်းနေကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...