Monday 2 September 2024

မြို့ပေါင်း ၃၆ မြို့သိမ်းထားသော ညီနောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီကအကြမ်းဖက်အုပ်စုဟုကြေညာပြန်


 မြို့ပေါင်း ၃၆ မြို့သိမ်းထားသော ညီနောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီကအကြမ်းဖက်အုပ်စုဟုကြေညာပြန် 


ဟန်နွေ/People's Spring


မြို့ပေါင်း ၃၆ မြို့သိမ်းပိုက်ထားသော အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို အကြမ်းဖက် အုပ်စုအဖြစ်ဟုဆိုကာ ကြေညာကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်ကြေညာသည်။


MNDAA၊ TNLAနှင့် AAတို့၏ စစ်ဆင်ရေးများအတွင်း တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ၊ မြို့များ အပြင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီက ယနေ့တွင် အဆိုပါ အဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ ကြေညာခဲ့ခြင်းဖြစ်သည်။


ထိုသို့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာရာတွင် စစ်ကောင်စီက ၎င်းကိုယ်တိုင်ကျူးလွန်နေသည့် ပြည်သူအပေါ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု၊ နေအိမ်၊မြို့ရွာများ မီးရှို့မှု၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှု၊ အတင်းအဓမ္မလူသစ်စုဆောင်းမှု၊ ပြည်သူကို သတ်ဖြတ်မှုစသည့်တို့ကို ဖုံးကွယ်ပြီး MNDAAနှင့် TNLA အဖွဲ့များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ဟုဆိုကာ စွပ်စွဲခဲ့သည်။


ထို့ပြင် AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်းတို့ကြောင့် အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ ကြေညာခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည်။ 


"စစ်ကောင်စီက ကျမတို့ကို အကြမ်းဖက်ကြေညာတာက အခုမှမဟုတ်ပါဘူး။ အရင်ကလည်း အဲလို ကြေညာထားပြီးသားဖြစ်တယ်။ အခုချိန်လည်း အရင်ကြေညာထားတာ ပယ်ဖျက်ထားတာ မရှိသေးဘူး။ ဟိုက်ဂင်ကတော့ လက်ရှိကတော့ဘာမှ ပြောနိုင်ခြင်းတော့ မရှိသေးဘူး"ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။


စစ်ကောင်စီသည် AAကို ၂၀၂၁မတ်လ ၁၁ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုတ်သိမ်းထားခြင်းဖြစ်ပြီး ယနေ့တွင် အဆိုပါ ရုတ်သိမ်းမှုကို ပယ်ဖျက်လိုက်သည်ဟု အသိပေးသည်။


AAကို ၂၀၂၀ မတ်လ ၂၃ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက AAနှင့်အပစ်ရပ်စဲရေး လုပ်ဆောင်ကာ

၂၀၂၁ မတ်လ ၁၁ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။


AA၊ MNDAA၊ TNLA အဖွဲ့များသည် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အချိန်တိုအတွင်း တပ်စခန်းရာချီနှင့် မြို့များ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။


၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAAက လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ မုံးကိုး အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် ဆက်စပ်နယ်မြေများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီ၏ ဗျူဟာမြောက်လက်နက်များ၊ တင့်ကား၊ သံချပ်ကာများအပါအဝင်လက်နက်ကြီး လက်နက်ငယ်များစွာ၊ ခဲယမ်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ TNLA အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ္မတူ မြို့များကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။


AA အနေဖြင့်လည်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစ၍ ချင်းပြည်နယ် ပလက်၀နှင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်များကို ထိုးစစ်ဆင်ခဲ့ရာအချိန်တိုအတွင်း ပလက်၀ နှင့်ရက္ခိုင်ပြည်နယ်ရှိ မြို့ ၉မြို့ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီး အလုံးစုံနီးပါးသိမ်းပိုက်ရရှိသည့်မြို့၊ တဝက်တပြတ် သိမ်းပိုက်ရရှိသည့်မြို့နှင့် တိုက်ခိုက်သိမ်းပိုက်ရန် ကျန်နေသည့် မြို့အချို့သာ ရက္ခိုင်ပြည်နယ်၌

ကျန်ရှိနေပြီး ရက္ခိုင်ဒေသအများစုမှာ စစ်ကောင်စီ ကင်းစင်နေပြီဖြစ်သည်။


တရုတ်၏ ကြားဝင်မှုဖြင့်ရှမ်းမြောက်ဒေသ အပစ်ရပ်စဲရေးကို ၂၀၂၄ ဇန်နဝါရီတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်များအကြား သဘောတူညီခဲ့သော်လည်း ၂၀၂၄ ဇွန်လ ၂၅ရက်တွင် TNLAက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို ဆက်လက်ဆင်နွှဲခဲ့သည်။ ကိုးကန့်တပ် MNDAAကလည်း ဇူလိုင် ၃ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ တစ်လခန့် အကြာ ဩဂုတ် ၃ရက်တွင် ရမခစစ်တိုင်း အပါအဝင် လားရှိုးကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 


TNLA အနေဖြင့်လည်း နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့များကို အလုံးစုံသိမ်းပိုက်ထားပြီး သီပေါမြို့ကိုလည်း TNLAက ထိန်းချုပ်ထားသည်။

ထိုသို့ မြို့များစွာနှင့် တပ်ရင်း၊တပ်ဖွဲ့ ဌာနချုပ်များစွာ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယခုထိ ၁၀လကျော်အကြာတွင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် MNDAA၊ TNLAနှင့် AA ညီနောင်မဟာမိတ် ၃ဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ဟုဆိုကာ စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။


AAက ယခုအခါ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မြို့ပေါင်း ၁၆မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်ရှိမြို့အားလုံးကို သိမ်းပိုက်မည်ဟု ကြေညာထားသည်။


MNDAAက လားရှိုးမြို့ အပါအဝင် မြို့ပေါင်း ၉ မြို့ ၊ TNLA က ၁၁ မြို့ကို သိမ်းပိုက်ထားသည်။ ထိုကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့သိမ်းပိုက်ထိန်းချုပ်ထားသောမြို့ပေါင်း  ယနေ့(စက်တင်ဘာ ၂ )အထိ့ အနည်းဆုံး ၃၆မြို့ရှိသည်။


မြေပြင်တွင် ပြည်သူများကို နေ့စဥ်သတ်ဖြတ်ဖမ်းဆီး ၊နေအိမ်များမီးရှို့နေသည်မှာ စစ်ကောင်စီပင်ဖြစ်သည်။စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၄ ဇွန်လကုန်အထိ ၃ နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းပြည်သူ့နေအိမ်ပေါင်း ၉၅,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်အုပ်စုမီးရှို့ဖျက်ဆီးမှုများ ဖော်ပြပေးနေသော Data For Myanmar ကဖော်ပြထားသည်။


ထို့အပြင် စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် ၃ နှစ်ခွဲကျော်အတွင်း(စက်တင်ဘာ ၂ ရက်အထိ) အနည်းဆုံးပြည်သူ ၅,၅၉၂ ဦးကိုသတ်ဖြတ်ခဲ့ပြီး ၊ပြည်သူ ၂၇,၂၉၄ ဦးကိုဖမ်းဆီးခဲ့ကာ ထိုထဲမှ ပြည်သူ ၂၀,၈၂၇ ဦးမှာ ထောင်သွင်းအကျဥ်းချခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။ 


ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေမှု ကြောင့် အချက်အလက်ရရှိရန်အခက်အခဲရှိသဖြင့် မြေပြင်တွင် ပြည်သူ့နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုနှင့် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှုအခြေအနေမှာ အထက်ပါကိန်းဂဏန်းများထက်ပင်များနိုင်ပါသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...