Wednesday 4 September 2024

မြင်းခြံမြို့နယ်ရှိ ပျူစောထီးဂိတ်အား PDF တိုက်ခိုက်၊ သေနတ် ၃လက်ရ


 မြင်းခြံမြို့နယ်ရှိ ပျူစောထီးဂိတ်အား PDF တိုက်ခိုက်၊ သေနတ် ၃လက်ရ


အင်ကြင်း/People's Spring


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်အား ဒေသတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေနတ် ၃လက် သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။


ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်က မြင်းခြံမြို့အထွက်၊ မြင်းခြံ - မြို့သာလမ်းပိုင်းရှိ လယ်သစ်ကျေးရွာ ပျူစောထီးဂိတ်အား ဝင် ရောက်ပစ်ခတ်ရာ ပျူစောထီး လေးဦးသေဆုံးကြောင်း 8Star မြင်းခြံအဖွဲ့ တာဝန်ခံက ပြောသည်။


"သူတို့ပျူရွာထိပ်မှာ ပိုက်ဆံကောက်နေတာ။ ပြည်သူတွေကားတွေကို။ အဲဒီမှာ ကျွန်တော်တို့က ကားနဲ့ဝင်ပစ်တာ။သေတာက မျက်မြင်ကတော့ လေးယောက်ပဲ။ မြင်းခြံတပ်နဲ့လည်းနီးတော့ ပစ်ပြီး ပြန်ဆုတ်ခဲ့တယ်။"ဟု အထက်ပါတာဝန်ခံက ပြောသည်။


ထို့အပြင် သေဆုံးပျူစောထီးများ၏ ကာဘိုင် သေနတ် ၂ လက်နှင့် ပါရီသေနတ် တစ်လက်အား သိမ်းဆည်းရခဲ့ကြောင်း စစ်ဆင်ရေးတပ်ဖွဲ့များက ပြောသည်။


အဆိုပါ စစ်ဆင်ရေးကို Freedone Fighter Guerrilla Force ၊ Anyar Federal Task Force ၊ 8 Star မြင်းခြံ ၊ Burmese Independent Army BIA စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။


လယ်သစ်ရွာပျူစောထီးဂိတ်အပါအဝင် မြင်းခြံနှင့် နဘူးအိုင်ကျေးရွာကြား၌ မြင်းခြံမြို့၏ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ လက်အောက်ခံ စစ်ကောင်စီတပ်နှင့် ပျူစောထီးဂိတ်အများအပြားရှိပြီး ခရီးသွားပြည်သူများထံမှ ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများ ဓါးပြတိုက်ယူလေ့ရှိကြောင်း ခရီးသွားများက ပြောသည်။


မြင်းခြံမြို့၌ သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံမြို့ရှိ အမှတ်(၁၅)ခြေမြန်တပ်ရင်း၊ လေးရွာဆုံပျူစောထီးစခန်း၊ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီ ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးသွားပြီး Non CDM ဝန်ထမ်းများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...