ဘေးနံများကို ကာရံ၊ အတွင်းပိုင်း ဒေသများကို ထိုးဖောက်
…………………………………………………
ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေ နဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားတဲ့ မြို့တွေကို ကြည့်ရင် မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသရဲ့ ဘယ်ညာ ဘေးနံ ဒေသတွေမှာ အဓိကထား သိမ်းပိုက်ထားတာကို တွေ့နိုင်ပါတယ်။ ရွှေပြည်အေးမြို့၊ မြို့သစ်မြို၊ ခါမ်းပါတ်မြို့တို့ဟာ မြေပြန့် ဒေသ လို့ ပြောလို့ရတဲ့ စစ်ကိုင်းတိုင်း (အိန္ဒိယ နယ်စပ်ဒေသ) အနောက်ဘက်ခြမ်းမှာရှိပြီး မြေပြန့်ဒေသရဲ့ အရှေ့ခြမ်း မြို့တွေ ကတော့ မော်လူး၊ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူး မြို့တို့ပဲ ဖြစ်ပါတယ်။ အတွင်းပိုင်း ဒေသ မြို့တွေကတော့ ပင်လည်ဘူး မြို့၊ တန့်ဆည်မြို့၊ ဒီပဲယင်းမြို့၊ ကနီ မြို့၊ နွားထိုးကြီးမြို့၊ တောင်သာ မြို့တို့ပဲ ဖြစ်ပါတယ်။ ဒီ စစ်ဆင်တိုက်ခိုက်ထားတဲ့ မြို့တွေကို ကြည့်ရင် ဘေးပတ်ချာလည် နှုတ်ခမ်းသား နယ်မြေကို အဓိကထား ခြေကုပ်ယူသိမ်းပိုက်ပြီး အတွင်းပိုင်း မြို့တွေကို တိုက်စစ်ဆင်နေတာ သိသာထင်ရှားပါတယ်။
အထက်ပါ ဖြစ်စဉ်တွေဟာ တော်လှန်ရေးစပြီး (၃) နှစ်ကျော် ကာလမှာ ဖြစ်လာတာဖြစ်ပါတယ်။ ယခုဆိုရင် မန္တလေးတိုင်းတွင်းမှာပါ မြို့သိမ်းတိုက်ပွဲဆင်နွဲနေနိုင်ပြီ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ အောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ မကွေးတိုင်း ဒေသ၊ ပဲခူးတိုင်း၊ နေပြည်တော် ဒေသတွေမှာပါ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။ မြေပြန့် ဒေသ ဘေးပတ်ချာလည် မြို့တွေကို သိမ်းယူခြင်းအားဖြင့် ရန်သူ့စစ်တပ်ကို အတွင်းပိုင်း ဒေသမှာ ပိတ်ဆို့ထားနိုင်ပြီးဖြစ်သလို ကိုယ့်အခြေခံဒေသအနီး မှာ ခြေကုပ် နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေ ထူထောင်နိုင်လိုက်ပါတယ်။ နွားထိုးကြီး၊ တောင်သာ၊ ကနီ မြို့တွေလို အတွင်းပိုင်း မြို့တွေကို တိုက်ခိုက်နိုင်မှုကို ကြည့်ရင် ခြေကုပ်နယ်မြေက အဝေးမှာရှိတဲ့ ဒေသ တွေမှာပါ စစ်ရေးလှုပ်ရှားနိုင်တာကို တွေ့ရပါတယ်။
အထက်ပါ မြို့တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဓိက အားဖြင့် တိုက်ခိုက်ထားတဲ့ မြို့တွေ ဖြစ်ပြီး ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်နီ နဲ့ ကရင် စတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ သိမ်းယူထားတဲ့ မြို့တွေ၊ နယ်မြေ မပါသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ မြို့သိမ်း၊ နယ်သိမ်းနိုင်မှု နဲ့ ဆက်စပ်ကြည့်လိုက်ရင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ နေပြည်တော် ဒေသတွေမှာလည်း မကြာခင် ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာနိုင်တာ သိသာထင်ရှားပါတယ်။ လက်ရှိကာလမှာ မြန်မာနိုင်ငံ အထက်ပိုင်း အထူးသဖြင့် စစ်ကိုင်းအထက်ပိုင်း နဲ့ မန္တလေး အထက်ပိုင်း ဒေသမှာ ကြီးမားတဲ့ စိုးမိုးနယ်မြေ တရပ်ကို ပထမ အဆင့် အနေနဲ့ ထူထောင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ တကောင်း၊ ကျွန်းလှ၊ ကလေးဝ အဖြောင့်မျဉ်းရဲ့ အထက်ပိုင်း ဒေသ လို့ ပြောလို့ရပါတယ်။ မကြာခင် ကာလမှာ အဲဒီမျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာလဲ မြို့သိမ်းမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အထက်ပါ မျဉ်းဖြောင့် အထက်ပိုင်းဒေသကို ခိုင်မာတဲ့ စိုးမိုးနယ်မြေ ကြီးအဖြစ် ထူထောင်နိုင်ပြီး ဖြစ်လို့ပါ။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စစ်မျက်နှာသစ် ဖွင့်လှစ်မယ်၊ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေး ဆောင်ရွက်မယ်၊ နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် က တရားဝင် ပြောကြားထားပြီးဖြစ်ပါတယ်။ ပေါ်ပေါက်လာတဲ့ ရေခံမြေခံတွေ အရ မကြာခင် ကာလမှာ နွားထိုးကြီး၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ထု မျဉ်းရဲ့ အောက်ပိုင်း ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်လာတော့မှာ ဖြစ်ပါတယ်။
ဒီအခြေအနေကို အကြမ်းဖက် စစ်အာဏာရှင်တွေ သိရှိပေမယ့်လဲ တပ်အင်အား မလုံလောက်တာ၊ တပ်အသစ်တွေ တိုက်စွမ်းရည် မပြည့်ဝတာ၊ တပ်တွေ စိတ်ဓာတ်ကျဆင်းနေတာကြောင့် ခိုင်ခိုင်မာမာ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ ကာလမှာကို ပဲခူးရိုးမ နယ်မြေ မှာ စစ်ကြောင်း လိုက် အထိနာအောင် တိုက်နိုင်တာ၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ဒေသမှာ စစ်ရေးလှုပ်ရှားနိုင်တာ၊ မကွေးတိုင်းထဲက လက်နက်စက်ရုံတွေကို ပုံမှန် တိုက်ခိုက်နိုင်တာတွေ တွေ့နေရပါတယ်။ ပထမ မျဉ်းကနေ ဒုတိယမျဉ်းဖြောင့် အောက်ဘက် ဒေသ မှာ စစ်ရှိန်မြှင့်လာတဲ့ အခါမှာ မြေပြန့် အတွင်းပိုင်း မြို့တွေကို ပိုမို တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ဘေးနံ ဒေသမြို့တွေကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့်လဲ နောက်ကျောလုံမှု နဲ့ ထောက်ပို့လမ်းကြောင်း ခိုင်မာမှုကို ရရှိထားပြီးဖြစ်သလို မြေပြန့် အတွင်းပိုင်း ဒေသတွေကို သွားရောက် စစ်ဆင်ရေး ပိုမိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
Done✊
ReplyDeleteDone ✅
ReplyDelete