Wednesday, 20 November 2024

Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ


 Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ


ရန်ကုန်၊ နိုဝင်ဘာ ၂၀ 


ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ 


"ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတွေ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။ 


ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့် ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ၊ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို KIA က အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်သည်။ 


KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ရာတွင် ချီဖွေမြို့ကို စက်တင် ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...