Friday 26 May 2023

ရေဖြူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံး


 ရေဖြူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံး


ရန်ကုန်၊ မေ ၂၅


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစတပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၉ ရက်နေ့တွင် ရေဖြူမြို့နယ် အနောက်ဘက်ကမ်းရှိ ပုဂေါဇွန်းကျေးရွာ၊ ဝက်ချောင်းကျေးရွာနှင့် ခမောင်းချောင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် အကြမ်းဖက် စစ်တပ်သည် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ခမောင်းချောင်းကျေးရွာမှ ပြန်လည်ထွက်ခွာလာစဥ် ရေဖြူ မြို့နယ်၊ နဘုလယ်ရေနက်ဆပ်ကမ်း လမ်းပိုင်း တစ်နေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထက်မနည်းထသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မေလ ၁၄ ရက်နေ့တွင် ရေဖြူ မြို့နယ် နဘုလယ်ဒေသ ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွါးရေးဇုန်သို့ လာသည့် စစ်ကား ၃ စီးကို နံနက် အစောပိုင်း ၄ နာရီ ၄၀ မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့ကာ စစ်ကား ၂ စီး မိုင်းထိမှန် ပျက်စီး၍ တောင်စောင်းမှ နောက်ပြန်လှိမ့်ကျကာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။


အပြန်အလှန် ထိတွေ့ တိုက်ပွဲ ၁ နာရီအတွင်း ကာကွယ်ရေး တပ်ဖွဲ့များက ၈၁ မမ နှင့် ၇၉ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင်လည်း ထပ်မံ၍ စစ်ကူဆင်းလာခဲ့သည့် စစ်ကား ၂ စီးကို ဆက်လက် မိုင်းဆွဲ တိုက်ခဲ့ကာ ၈၁မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းသိရသည်။


မေလ ၁၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ဝင်ရောက်ခဲ့ကာ ၆၀ မမ ဗုံးသီးများ ၊ ၇၉ ကျည်၊ အီနာဂါ၊ ၅၆ ကျည် ၄၀ နှင့် ကျောပိုးအိပ် ၁ လုံး စသည့် ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သားများ ဆေးကုသမှု ခံယူထားသည့် နေရာတို့ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။


မေလ ၁၆ ရက်နေ့တွင် ထားဝယ်စီးပွါးရေးဇုန် နဘုလယ်ရေနက် ဆိပ်ကမ်း အခြေချစခန်းသို့ စစ်ကူရောက်ရှိလာသော အင်အား ၁၀၀ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာ ရရှိထားသော တပ်သားများကို တင်ဆောင်ပြီး အဆိုပါ အခြေချစခန်းမှ မူးဒူး ကျေးရွာဘက်ကို နံနက် ၇:၀၀ နာရီတွင် ပြန်လည်ထွက်ခွာလာကြောင်း သိရသည်။


ယင်း စစ်ကြောင်းသည် မူးဒူးတွင် နေ့လည်စာစားပြီး မူးဒူးရွာမှ သပြေဘက်အထွက် လမ်းပိုင်း တစ်နေရာတွင် မွန်းလွဲ ၁ နာရီခန့်၌ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နဘုလည် ရေနက်ဆိပ်ကမ်းကိုလည်း ၈၁ မမ လက်နက်ကြီးများဖြင့် စစ်ကြောင်းခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မူးဒူးနှင့်သပြေ ကျေးရွာ လမ်းပိုင်း တစ်နေရာတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက် ပစ်ခတ်မှုများကြောင့် စစ်တပ်က ပြန်လည် ပစ်ခတ်စဥ် PDF ရဲဘော်များထွက်ပေါက်ပိတ်၍ အဝိုင်းခံနေရသည့်ချိန်တွင် နောက်တန်းမှ လက်နက်ကြီး စစ်ကူဖြင့် ပစ်ခတ်ကာ ကယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်ကြောင်း သိရသည်။


" စစ်ခွေး ၁၀ ကောင်က ၉ ရက်နေ့ကတည်းက သေတာ ကျန်တဲ့ တိုက်ပွဲတွေကတော့ စုံစမ်းဆဲမို့ မသိရသေးဘူး။ ၁၄ ရက်နေ့ကဆို မိုင်းဆွဲတာ ကား ၂ စီးတောင် ပက်လက်လှန် မှောက်တယ်။ အပြန်လှန်ပစ်တာ နံနက်လင်းတဲ့ အထိပဲ အဲပွဲမှာ စစ်ခွေးတွေ ဆုတ်သွားတဲ့အချိန် နယ်မြေရှင်းတာ ၆၀ မမ တွေရတယ်။ စစ်ခွေး သေစာရင်းကတော့ အတိအကျ မသိရသေးဘူး။ ဒီထက်မက ပွဲတွေ များများ ကဖို့ပဲ ရှိတော့တာမို့ ပြည်သူများအားမလျော့ဘဲ နိုင်တဲ့ နေရာကနေ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်" ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို "ဗထူးစစ်ကြောင်း" ဖြစ်သည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF (လောင်းလုံး-ပကဖ) ၊ Guerilla Revolutionary Force - DGRF (ထားဝယ်-ပကဖ)၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူ-ပကဖ)၊ နှင့် YPPDF (ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...