Tuesday 2 May 2023

ဗားရ်စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့သူတွေထဲမှာ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့သူနဲ့ ခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်ခဲ့သူတို့ ပါဝင်


 ဗားရ်စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့သူတွေထဲမှာ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့သူနဲ့ ခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်ခဲ့သူတို့ ပါဝင်


မဲခေါင်၊ မေ ၂


စစ်အာဏာရှင်ကို ဆန္ဒပြရင်း ဖမ်းဆီးခံရရာကနေ စစ်တပ်ထဲရောက်ခဲ့ရသူနဲ့ ရန်ကုန်မှာ ခါးပိုက်နှိုက်ခံရမှုကြောင့် ဒုက္ခရောက်နေချိန် စစ်သားတစ်ယောက်ရဲ့ မတရားစည်းရုံးခံရလို့ စစ်တပ်ထဲရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေကို ကာယကံရှင်တွေက ရင်ဖွင့်လာပါတယ်။


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းချရာ ဗားရ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်၊ မနက်အစောပိုင်း ၅ နာရီခွဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် - CNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သုံ့ပန်း ၁၅ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဖမ်းဆီးခံရတဲ့ သုံ့ပန်းထဲမှာ ဗိုလ်ကြီးကောင်းမြတ်ထွန်း အပါအဝင် သာမာန်တပ်သားတွေလည်းပါဝင်ခဲ့ရာမှာ တပ်သားဇော်ထက်အောင် နဲ့ တပ်သား ဝေယံထက်တို့ကတော့ စစ်ကောင်စီရဲ့ မတရားစည်းရုံးသိမ်းသွင်းခံရမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရမှုကို ရင်ဖွင့်လာတာပါ။


ရန်ကုန်ကိုအလုပ်လုပ်ဖို့ ဆင်းလာတဲ့ ဇော်ထက်အောင်ဟာ ပါလာတဲ့ပိုက်ဆံတွေခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်နေချိန် စစ်သားတစ်ယောက်နဲ့တွေ့ဆုံပြီး အကူအညီတောင်းခဲ့တာလို့ဆိုပါတယ်။


“သူက ဘာကူညီရမလဲပြောတော့ သူနဲ့လိုက်ခဲ့ပါဆိုလို့လိုက်သွားတယ်။ အဲဒီမှာ ပြန်မလွှတ်တော့ဘဲနဲ့ အဲဒီစစ်သားကလည်း ပြန်မလာတော့ဘူး။ အဲဒီမှာ တပ်ကြပ်တစ်ယောက်ကပြောတယ်။ မင်းစစ်ထဲဝင်မလားလို့မေးတယ်။ မဝင်ချင်ဘူးလို့ ပြောတော့ ဒလန်လားလို့မေးတယ်။ ဒလန်ဆိုတာဘာလဲလို့ ကျွန်တော်ပြန်မေးလိုက်တော့ ဒလန်ဆိုတာလာပြီးထောက်လှမ်းလာတာပဲ လို့ ပြောပြီးတော့ ကျွန်တော့်ကို ပြန်မလွှတ်ပေးတော့တာ။ အဲဒီကနေ တစ်ခါတည်း စစ်တပ်ထဲဝင်ခဲ့ရတာ” လို့ တပ်သားဇော်ထက်အောင် က ပြောပါတယ်။


အဲ့ဒီကနေ အခုဖလမ်းအခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၈) ဗားရ်တပ်စခန်းမှာစတင်တာဝန်ထမ်းဆောင်ခဲ့ရင်း ထွက်ဖို့ကြိုးစားရာကနေ စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းခံရတာလို့ ဆိုပါတယ်။


အလားတူ တပ်သား ဝေယံထက်မှာလည်း နွေဦးတော်လှန်ရေးကာလတုန်းက ဆန္ဒပြလိုက်ရင်း ဖြိုခွင်းခံရရာကနေ အဖမ်းခံပြီးနောက် စစ်ထဲရောက်လာခဲ့ရပုံကို ရင်ဖွင့်ခဲ့ပါတယ်။


“အာဏာသိမ်းချိန်မှာ ဆန္ဒပြလိုက်ရင်း ဖြိုခွင်းခံရရာကနေ အဖမ်းခံရတယ်။ အဲဒီမှာ ထောင်ကျခံမလား။ တပ်ထဲဝင်မလားဆိုပြီး ၂ မျိုးမေးတယ်။ အဲဒါနဲ့ ထောင်မကျချင်လို့ တပ်ထဲဝင်လိုက်တာဗျ။ နောက်တော့ ဦးလေးနဲ့ညှိပြီးတော့ ပြန်ထွက်ဖို့စဉ်းစားသေးတယ်။ ဒါပေမယ့်ချင်းပြည်နယ်ကို တခါမှ မရောက်ဖူးဘဲ ရောက်ခဲ့တာကနေ ဘယ်လိုမှ ပြန်ထွက်ဖို့မဖြစ်နိုင်တော့ဘူး” လို့ ဆိုပါတယ်။


ဗားရ်စခန်းသိမ်းတိုက်ပွဲမှာ စစ်သားနဲ့ရဲစုစုပေါင်း ၁၄ ယောက်သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာကို CNDF ဘက်ကသိမ်းဆည်းရမိခဲ့ပါတယ်။


ဒါ့အပြင် ဗိုလ်ကြီးအဆင့်ရှိ ကောင်းမြတ်ထွန်းနဲ့အတူတပ်သား ဇော်ထက်အောင်နဲ့ ဝေယံထက်တို့အပါ ၁၅ ယောက်တို့ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ။


ဖမ်းဆီးခံရသူတွေကို ကောင်းမွန်စွာ နိုင်ငံတကာစစ်ဉပဒေနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း နဲ့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ တန်းတူအခွင့်အရေး ရရှိကြောင်း ကာယကံရှင်တွေကလည်း ထုတ်ဖော်ပြောကြားလာသလို တော်လှန်ရေးအဖွဲ့ကို ယုံကြည်တယ်လို့ ဆိုပါတယ်။


“ကျွန်တော်တို့ ဒီအတိုင်းပြန်သွားလို့ အဆင်မပြေဘူး။ စစ်ကောင်စီက စခန်းစွန့်ခွာမှုနဲ့ ထောင်ချမယ်။ မိသားစုကိုလည်း အန္တရာယ်ရှိတယ်။ တစ်နေရာကို သွားအခြေချမှ ရမယ်” လို့ ဗိုလ်ကြီးအဆင့်ရှိ ကောင်းမြတ်ထွန်းက ပြောပါတယ်။


CJ005

#MeKongNews

#ဗားရ်စခန်းသိမ်းတိုက်ပွဲ

#ဖလမ်းမြို့နယ်

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...