Saturday 13 May 2023

ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦး သေဆုံး


 ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦး သေဆုံး 


ရန်ကုန်၊ မေ ၁၃


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦးသေဆုံးကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၄ ရက်နေ့မှ ၉ ရက်နေ့ အထိ စဥ့်ကူးမြို့နယ်နှင့် ခင်ဦးမြို့နယ် မြစ်ရိုး တစ်လျှောက် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


မေလ ၄ ရက်နေ့တွင် ကျောက်မြောင်းမြို့နယ် ဘက်မှ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ဘက်ကို အင်အား ၂၀၀ ဖြင့် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် အင်းဇောက်ကြီးရွာကို ညနေ ၄ နာရီ ၃၀ မိနစ်မှ စတင်ကာ ပစ်ခတ် ဝင်ရောက်ခဲ့ပြီးနောက် ရွှေကျင်ရွာသို့ ထပ်မံ ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်းသိရသည်။


မေလ ၅ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်သည် ရွှေကျင်ရွာကို စတင် မီးရှို့ဖျက်ဆီးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား တချို့သည် အင်းဇောက်ကြီးရွာသို့ ပြန်လည် ဝင်ရောက်လာပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အင်းဇောက်ကြီးရွာကို မီးရှို့ဖျက်ဆီးစဥ် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းများ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းသလဲကျေးရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာကို မီးရှို့ ဖျက်ဆီး နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းများ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မြစ်ကမ်းဘေး ချောင်းသလဲရွာရှိ စစ်သားများက နံနက် ၇ နာရီ ၄၅ မိနစ် မှ နံနက် ၈ နာရီ အထိ လက်နက်ကြီး များဖြင့် ၃၂ ကြိမ် ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာ (မြစ်ကမ်းစပ်)ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်မှ စစ်သားများက မော်တော် ၂ စီးဖြင့် ချောင်းသလဲရွာ၊ ရွှေကျင်ရွာ၊ အင်းဇောက်ကြီးရွာများ ကိုကူးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ တင်ဆောင်ပြီး ကျောက်မြောင်းဘက်သို့ ကူးသွားကြောင်း၊ ယင်း မော်တော် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များမှ ပစ်ခတ် တားဆီးခဲ့ရာ မော်တော် ပေါ်တွင်ပါလာ‌သည့် ပျူ‌စောထီး ၅ ကောင်မှာ ကမ်းသို့ မကပ်နိုင်ဘဲ ရေထဲခုန်ချ၍ ထွက်ပြေးသွားကြောင်း၊ ခိုးယူလာသော မော်တော်ပေါ်ရှိ ပြည်သူပိုင်ပစ္စည်းများကို ကမ်းပေါ်တင်ကာ မော်တော်အား နစ်မြုပ်ခဲ့ကြောင်း သိရသည်။


ချောင်းသလဲကမ်းမှ ကူးလာသည့် စစ်သားများသည် ရွှေတောကြီးရွာမှ တဆင့် ကဘွက်ရွာနှင့် ကုတ္တတ်ရွာဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြန့်ကာ ဝင်ရောက်လာစဥ် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကုတ္တတ်ရွာမှ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၂ နာရီ ၅ မိနစ်တွင် စစ်တပ် စစ်ကြောင်းက ကဘွက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ် စစ်ကြောင်းက ကဘွက်ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက်သွားကြောင်း၊ ည ၁၀ နာရီ ၁၄ မိနစ်တွင် ဗိုလ်ကြိမ်အဖွဲ့နှင့် KGDF အဖွဲ့တို့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။


မေလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကဘွက်ဘုန်းကြီးကျောင်းကို ရှင်းလင်းရေး ဝင်ရောက်စဥ် သင်ပေါင်းရွာ အရှေ့ဘက်သို့ ရောက်သွားသော စစ်သားများနှင့် ခင်ဦးမြို့နယ် တပ်ရင်း ၃အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်သည် သင်ပေါင်းရွာကို မီးရှို့ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ပြန်ဆုတ်၍ ကဘွက်ရွာနှင့် ကုတ္တတ်ရွာဘက်သို့ စစ်ကြောင်းများ မရောက်လာစေရန် ခုခံပေးခဲ့ကြောင်း သိရသည်။


မေလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်း တစ်ကြောင်းက နံနက် ၆ နာရီ ၃၀ မိနစ်တွင် တောင်ပို့ရေရွာ ကို မီးရှို့ခဲ့ပြီး တစ်ကြောင်းက သရက်ကုန်းရွာသို့ မရောက်မီ ကြိုတင် စောင့်ဆိုင်းနေသော ဗိုလ်လင်းယုန်အဖွဲ့နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တောင်ပို့ရေရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဗိုလ်ဇင်ယော်အဖွဲ့မှာလည်း ရုံးပင်ကျေးရွာ အနောက်ဘက်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက သရက်ကုန်းရွာမှ ပြန်လည် ဆုတ်ခွာခဲ့ပြီး ဗိုလ်ဇင်‌ယော်အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကြောင်း ၂ ကြောင်းခွဲ၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် အကြိမ်ကြိမ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

1 comment:

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...