Friday 4 August 2023

တိုင်း (၃) တိုင်းဆုံရာ အရပ်မှ PDF အောင်ပွဲများ


 တိုင်း (၃) တိုင်းဆုံရာ အရပ်မှ PDF အောင်ပွဲများ

———————————————————————


တိုင်း (၃) တိုင်း ဆုံရာ ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်လာပြီ ဖြစ်ပါတယ်။ ဒါကတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ ဆုံရာ ဧရာဝတီမြစ် အနောက်ခြမ်းမှာရှိတဲ့ ပခုက္ကူ ခရိုင် ပဲ ဖြစ်ပါတယ်။ 


အဲဒီခရိုင်မှာ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ ရေစကြိုမြို့နယ်တို့ ပါဝင်ပြီး ၂၀၁၄ ခုနစ် သန်းခေါင် စာရင်းအရ လူဦးရေ ၁ သန်း ကျော်ရှိပါတယ်။ ဒီအတွက်ကြောင့် ကချင်ပြည်နယ် လူဦးရေ နဲ့ သိပ်မကွာသလို၊ ချင်း နဲ့ ကရင်နီပြည်နယ် လူဦးရေတွေထက် ထက်ဝက်ကျော်ကို ပိုများတဲ့ ခရိုင်ကြီးတခု ဖြစ်ပါတယ်။ ပခုက္ကူဟာ ချင်းပြည်နယ် ရဲ့ ဝင်ပေါက်ဒေသလဲ ဖြစ်ပါတယ်။


အဲဒီလို မဟာဗျူဟာမြောက် တည်ရှိနေတဲ့ ပခုက္ကူခရိုင်မှာ ၂၀၂၃ ခုနစ်၊ ဇူလိုင်လတွင်း အကြမ်းဖက်စစ်တပ် နဲ့ တိုက်ပွဲပေါင်း (၂၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၃) ဦး သေဆုံး၊ (၈၀) ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် စစ်ရုံး ချုပ်က ထုတ်ပြန်ထားပါတယ်။ 


တလ အတွင်း ရန်သူ့တပ်ရင်း (၁) ရင်းစာနီးပါး အင်အား ပြုန်းတီးအောင် ပခုက္ကူ ခရိုင် တပ်ရင်းတွေ တိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ရန်သူ့တပ်တွေထဲမှာ တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ (၉၉) နဲ့ တပ်မ (၁၀၁) တပ်တွေ နဲ့ တခြားတပ်ရင်းတွေ ပါဝင်ပြီး ရန်သူ့ရဲ့ မဟာဗျူဟာ လှုပ်ရှားအမြန် တပ်မ တွေကို မြေပြန့်ဒေသမှာပါ ဦးနိုမ် တိုက်ခိုက်နိုင်လာတာကို တွေ့ရပါတယ်။ 


ပခုက္ကူ ခရိုင်တွင်းမှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ရဲ့ တပ်ရင်းပေါင်း ဘယ်လောက်ကို တပ်ဖြန့်ထားလဲ မသိရပေမယ့် စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် တပ်ရင်းပေါင်း (၂၀) ထက် မနည်း၊ အင်အား အနေနဲ့ (၅၀၀၀) ပတ်ခြာလည် ကို တပ်ဖြန့်ထားမယ့် ပုံစံ ရှိပါတယ်။ ရန်သူ့ဘက်ကတော့ တပ်မ (၁၀၁) ဌာနချုပ်ဟာ ပခုက္ကူ မြို့မှာ အခြေစိုက်ထားပါတယ်။


တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို ကြည့်ရင် တပ်မ ဌာနချုပ် ရှိတဲ့ ပခုက္ကူမြို့ အနီးအနား နဲ့ နာမည်ကျော် ပုဂံ မြို့ဟောင်းရဲ့ တဘက်ကမ်း ဧရာဝတီမြစ် အနောက်ဘက် မှာ အဓိကထား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို ကြည့်ရင် ရန်သူ့အနေနဲ့ ကိုယ့် တပ်မ ဌာနချုပ် အနီးမှာရှိတဲ့ နယ်မြေတွေ၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်နဲ့ ပုဂံ မြို့ အနီးက နယ်မြေတွေမှာပါ နယ်မြေ ထိန်းချုပ်မှု ကို လျှော့ပါးနေပြီ ဆိုတာ ကို ပြသနေပါတယ်။ ပခုက္ကူ ခရိုင် တိုက်ပွဲ (၂၀) မှာ တိုက်ပွဲပေါင်း (၁၇) ပွဲဟာ ရန်သူ့ အင်အား ၇၀ အထက် အင်အားရှိတဲ့ စစ်ကြောင်းတွေ၊ စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပ်ခွဲအဆင့် နဲ့ စစ်ကြောင်း အဆင့် ရန်သူ ကို ပါ ထိုးနှက် တိုက်ခိုက်နိုင်နေပြီ ဆိုတာ ပြသနေပါတယ်။


မြို့ပေါ် တိုက်ခိုက်မှု အနေနဲ့ဆိုရင် ပခုက္ကူ မြို့ပေါ်၊ ရေစကြိုမြို့ပေါ်၊ မြိုင်မြို့ပေါ် နဲ့ ပေါက်မြို့ပေါ်တွေမှာလဲ မြို့ပြ စစ်ရေး တိုက်ခိုက်မှုတွေက ပုံမှန် ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ ဒါကလဲ တောကို အခြေခံပြီး မြို့ဝိုင်းဆိုတဲ့ ပြောက်ကျားစစ် သီအိုရီအတိုင်း ကျေးလက်တော ဒေသ ကို ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေ ခိုင်မာစွာ စိုးမိုးထားနိုင်လို့ မြို့ပြ စစ်ရေး လှုပ်ရှားမှုတွေကို ပုံမှန်ဖော်ထုတ်ကာ မြို့ပြ ရှိ ရန်သူ့ အုပ်ချုပ်ရေး နဲ့ စစ်ရေး ကို ထိုးနှက်နိုင်ခြင်း ဖြစ်ပါတယ်။


သမိုင်းကြောင်းအရ ပြောရရင် ဒုတိယကမ္ဘာစစ်မှာ ဗမာပြည်တိုက်ပွဲစဥ် (ယင်းကာလ အသုံး) ကို အဆုံးဖြတ်ပေးမယ့် မိတ္ထီလာ တိုက်ပွဲ ကို ဆင်နွဲမယ့် မဟာမိတ်တပ်တွေဟာ အင်ဖာ၊ ကိုဟီးမား နဲ့ ချင်း ဒေသကနေ ဆင်းလာပြီး ညောင်ဦး နားကနေ ဧရာဝတီမြစ်ကို ဖြတ်ကာ မိတ္ထီလာ ကို ဝင်ရောက် တိုက်ခိုက်ပြီး ဖက်ဆစ် ဂျပန်တွေကို အလဲထိုးခဲ့တာ ဖြစ်ပါတယ်။ 


၂၁ ရာစုမှာလဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေဟာ ဖက်ဆစ် စစ်တပ်ကို အမြစ်ဖြုတ်နိုင်ဖို့ ပုဂံ၊ ညောင်ဦး နဲ့ ပခုက္ကူ ဒေသတွေမှာ ခိုင်ခိုင်မာမာ အခြေစိုက် လှုပ်ရှားနေပြီဖြစ်ပါတယ်။ ဧရာဝတီ မြစ် အနောက်ဘက်ခြမ်း နယ်မြေတွေ၊ ချင်းပြည်နယ် ဝင်ပေါက် နဲ့ တိုင်း (၃) တိုင်း ဆုံရာ အရပ်မှာ မဟာဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုတွေ ကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ဖော်ဆောင်နိုင်နေပြီဖြစ်တဲ့ အတွက် ပြည်သူတွေရဲ့ အောင်ပွဲဟာ မဝေးတော့ပါဘူး။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...