Tuesday 5 September 2023

ကရင်နီပြည်နယ်တွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်သား ၁၁၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

ကရင်နီပြည်နယ်တွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်သား ၁၁၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ


ရန်ကုန်၊ စက်တင်ဘာ ၅ 


ကရင်နီပြည်နယ်တွင် ဩဂုတ်လ တစ်လတာတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိများအပါအဝင် စစ်သား ၁၁၀ ဦးသေဆုံးပြီး အရှင် ၃ ဦးဖမ်း မိကာ လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၁၅ လက်အပါ အဝင် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက တရားဝင် သတင်း ထုတ် ပြန် သည်။


ဩဂုတ်လအတွင်း ကရင်နီပြည်တစ်ဝန်း KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲ အကြိမ်ရေ ၅၀ ခန့် ရှိခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးကို အရှင်ဖမ်းနိုင်ခဲ့ပြီး လက်နက်ငယ် ၁၅ လက်နှင့် လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲများ အတွင်း KNDF တပ်ဖွဲ့ဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ ရကြောင်း သိရှိရသည်။


ဩဂုတ်လ ၂ ရက်နေ့ မှစ၍ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမ ကြီးအား ထိန်းချုပ်နိုင်ရန် ဒီးမော့ ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စု လမ်းမကြီးဘေး ဝဲ၊ ယာရှိ ကျေးရွာများကို အကြမ်း ဖက်စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများမှ စစ်ကြောင်း ၃ ကြောင်းဖြင့် အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ နှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်များနှင့် နေ့စဉ်ထိ တွေ့ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း သိရသည်။ 


ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်စစ်မျက်နှာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီးအဆင့် ရှိသူအပါအဝင် ထိခိုက်ကျဆုံးမှုများ များပြားခဲ့ သဖြင့် တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းဖြင့် တိုက်ခိုက် ခဲ့ကြောင်း၊ အလားတူ မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် ဖားဆောင်းမြို့ နယ် ဘက်မှ အပြင်းအထန်စစ်ကြောင်းထိုးလာသဖြင့် ပန်းတိန်းကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိ ကြောင်း သိရသည်။


ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက် တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ်များ ကိုလည်း ကရင်နီပူးပေါင်းတပ်များက အဆက်မပြတ် ခြုံခိုတိုက်ခိုက်လျက် ရှိသည်ဟု ဆိုသည်။


ဩဂုတ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် တိုက် ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် အလုံး ၂၀ ၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း နှင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ ထို့အတူ တိုက် ပွဲဖြစ်ပွားရာ ကျေးရွာ များအတွင်း စစ်သားများ၏ မီးရှို့ဖျက်ဆီး မှုကြောင့် လူနေအိမ် ၁၈ လုံး မီးလောင် ပြာကျပျက်စီးခဲ့ကြောင်း သိရသည်။
 

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...