Wednesday 6 September 2023

မြ၀တီတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိပြီး မဲဆောက် ဆေးရုံတက်နေသူ ရဲ ၅ ဦးအနက် ၄ ဦး ထပ်မံသေဆုံးဟု မြ၀တီသတင်းရင်းမြစ်များပြောဆို


 မြ၀တီတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိပြီး မဲဆောက် ဆေးရုံတက်နေသူ ရဲ ၅ ဦးအနက် ၄ ဦး ထပ်မံသေဆုံးဟု မြ၀တီသတင်းရင်းမြစ်များပြောဆို


■ ဒရုန်းဗုံးထိမှန် သေဆုံးသူများ၏ အသုဘ ဒရုန်းဖြင့် ဗုံးကျဲခံရမည် စိုးရိမ်၍ လူအနည်းငယ်ဖြင့်သာ နာရေးချရ 


ရန်ကုန်၊ စက်တင်ဘာ ၆ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကျဲခံရမှုကြောင့် ဒဏ်ရာရရှိပြီး မဲဆောက်ဆေးရုံတွင် တက်နေရသူ ရဲ ၅ ဦးအနက်မှ ၄ ဦးမှာ သေဆုံးသွားခဲ့ကြောင်း မြ၀တီမြို့ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် မြ၀တီမြို့ ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာမှ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်း၊ ခရိုင်ထွေအုပ် အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲ ရဲအုပ် နေလင်းစိုး တို့ သေဆုံးခဲ့ကြောင်း၊ ယင်းနောက် မြ၀တီခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း အပါအဝင် ရဲ ၅ ဦး မဲဆောက် အပြည်ပြည်ဆိုင်ရာ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့တွင် မြ၀တီခရိုင်ရဲမှူးမှ လွဲ၍ ဆေးရုံတက်နေရသူ ရဲ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


"ရဲ ၄ ဦးထပ်သေတယ်။ အလောင်းတွေကို မဲဆောက်ကနေ မြ၀တီဘက်ကို ပြန်သယ်တယ်" ဟု မြ၀တီမြို့မှ သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဒရုန်းဗုံးထိမှန်၍ သေဆုံးသူများကို စက်တင်ဘာလ ၅ ရက်နေ့တွင် သဂြိုလ်ကြပြီး ယင်းသို့ သဂြိုလ်ရာတွင် ဒရုန်းဖြင့် ဗုံးထပ်ကျခံရမည်စိုးရိမ်၍ ဌာနဆိုင်ရာ၊ မိဘဆွေမျိုးများက နာရေးအချိန်နှင့် နာရေးအကျဉ်းချုံး လုပ်ဆောင်ကြကြောင်း၊ နာရေးတွင် အပြင်လူ မိတ်ဆွေ အသိုင်းအဝိုင်းများ မပါဘဲ ခပ်မြန်မြန် အသုဘချခဲ့ကြကြောင်း သိရှိရသည်။ 


"မနေ့က အသုဘချကြတာမှာ ဆက်တိုက် သဂြိုလ်ကြတယ်။ နာရေးမှာလည်း လူနည်းနည်းလေးပဲ ။ သဂြိုလ်တာက မြ၀တီသင်္ချိုင်းမှာပါ။ လက် ခတ်တောင်ပေါ်က ကြည့်မယ်ဆိုရင် မြင်ရတယ်။ ဒရုန်းနဲ့ ဗုံးကျဲခံရမှာကြောက်လို့ ခပ်မြန်မြန် အစုလိုက်အပြုံလိုက် သဂြိုလ်ကြတယ်။ မနေ့ က မွန်းလွဲ ၂နာရီ မြဝတီ ဆေးရုံရင်ခွဲရုံမှတဆင့် မြဝတီသင်္ချိုင်းကို တိုးတိုးတိတ်တိတ်ပဲ ပို့ပါတယ်။ အမိန့်စာပြန်တာတွေကို ရင်ခွဲရုံမှာပဲ တစ်ခါ တည်း လုပ်ခဲ့တယ်ထင်တယ်။ သင်္ချိုင်းမှာ လုပ်တာ မမြင်ရဘူးလို့ လိုက်ပို့တဲ့သူတွေက ပြောကြတယ်" ဟု မြ၀တီသတင်းရင်းမြစ်က ပြောဆိုသည်။ 


ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန၊ ထွေ/အုပ်စာရေး ပြည့်ဖြိုးအောင်၏ ယမန်နေ့ နာရေး မြင်ကွင်း။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...