Thursday 19 October 2023

ရန်သူ့ လက်နက် ကိုယ့်လက်နက်




ရန်သူ့ လက်နက် ကိုယ့်လက်နက်

———————————————


အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူ-ဗန်းမော်လမ်း ငဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ ခမရ(၆၀၂) အထိုင်စခန်းနဲ့ ခလရ (၅၆) တပ်စခန်းကို KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်း ကျည်မိုင်း အများအပြားရရှိခဲ့ပါတယ်။ ဒါဟာ “ရန်သူ့ လက်နက် ကိုယ့် လက်နက်” ဆိုတဲ့ မူနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ 


ဒီလိုအလားတူဖြစ်စဉ်များကနေ တော်လှန်ရေး နှစ်နှစ်ကျော်တာ ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက် စစ်တပ်ထံကနေ ထောင်နဲ့ချီတဲ့ လက်နက်ငယ်တွေ၊ ၁၂၀ မမ စိန်ပြောင်းလို လက်နက်ကြီးတွေ၊ သောင်းနဲ့ချီတဲ့ ကျည်တွေထိ သိမ်းစည်းရမိပြီးဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနစ် အောက်တိုဘာလအတွင်းမှာ ရန်သူ့ လက်နက်သိမ်းဆည်းမှုတွေအနေနဲ့ 


🔺 အောက်တိုဘာ ၁၇ ရက်နေ့က ခင်ဦးမြို့တွင် ကင်းပတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား (၃)ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၃)ဦးလုံးသေဆုံးပြီး MA1 သေနတ် ၂ လက်ရရှိခဲ့ပါတယ်။


🔺အောက်တိုဘာ ၁၄ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်း၊ နမ်ဆန်ယန်၊ အောင်ဂျာ၊ မဒီးယန်ရှေ့တန်း စစ်မြေပြင်တွင် ထိုးစစ်ဆင်ရင်း ပိတ်မိနေသည့် စစ်တပ်စစ်ကြောင်းများအတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေယာဉ်ပေါ်မှတစ်ဆင့် ချပေးခဲ့ရာ KIA တပ်များက သိမ်းဆည်းရရှိခဲ့ပါတယ်။


🔺အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်လက်အောက်ခံ စကခ(၁၂) တပ်ရင်း(၃၃၅) မှ အင်အား ၃၀ ကျော်နဲ့ ကိုးကန့်(MNDAA)တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ်အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။


🔺 အောက်တိုဘာ ၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ တပ်မ ၁၀၁ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်း နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး-( MDY PDF)တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံးကာ ရန်သူ့လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


🔺 အလားတူ အောက်တိုဘာလ ၉ ရက်နေ့မှာပဲ ကန့်ဘလူမြို့နယ် တောင်ခြမ်း ၊ ငှက်ပျောတိုင်း ရွာသစ် အရှေ့ဘက်ရှိ လျှပ်စစ်ရုံးမှာ အင်အား ၇၀ ခန့်ဖြင့်ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်သား ၊ ပျူစောထီးများကို ကန့်ဘလူခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ ခင်ဦးမြို့နယ် အတွင်း ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခု လုံးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပါတယ်။


🔺 အောက်တိုဘာလ ၂ ရက်နေ့က စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ် ရွှေတော နယ်မြေမှ ကားဖြင့် ဆင်းလာသော ပျူစောထီး ငနိုင်နှင့်အဖွဲ့ကို ငွေတောင်ရွာနှင့် ညောင်ဝန်းရွာ အစပ်အရောက် စဉ့်ကူးမြို့နယ် ပကဖနှင့် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပက်လက်လန်တိမ်းမှောက်သွားခဲ့ပြီး ကားပေါ်လိုက်ပါလာသူ ပျူစောထီး ၄ ဦးသေဆုံးကာ လက်လုပ် သေနတ် အရှည်တစ်လက်နှင့် ၅ ဒသမ ၅၆ ကျည် အချို့တို့ကို သိမ်းဆည်း ရရှိခဲ့ပါတယ်။


ပြောက်ကျားစစ် ဆင်နွှဲနေတဲ့ တပ်တတပ်အတွက် လက်နက်ရရှိနိုင်ဖို့ အကောင်းဆုံးသော ရေသောက်မြစ်ဟာ ရန်သူတပ် ထံမှ ပဲ ဖြစ်ပါတယ်။ ရန်သူကို လက်နက်ဖြုတ်သိမ်းပြီး ဖြစ်သလို ကိုယ့်တပ်အင်အားကိုလဲ ကြီးထွားစေမှာ ဖြစ်ပါတယ်။ ပြောက်ကျားစစ်နဲ့ ညီစွာ ပိုင်နိုင်စွာ ချေမှုန်းနိုင်တဲ့ တိုက်ပွဲ တိုက်နိုင်မှလဲ ရန်သူ့လူ အင်အားသာမကဘဲ လက်နက်ကိုလဲ သိမ်းစည်းနိုင်မှာ ဖြစ်ပါတယ်။


ပြည်သူ့ ကာကွယ်ရေးတပ်မတော် အနေနဲ့ လက်ရှိ ကာလ မှာ တပ်ရင်း၊ စစ်ကြောင်းပေါင်း (၃၀၀) ကျော်၊ ပကဖ အဖွဲ့ပေါင်း (၂၅၀) ကျော်ရှိနေပြီး လူအင်အား အနေနဲ့ သိန်းဂဏန်းထိ ရှိနေပါတယ်။ တပ်ရင်း နဲ့ စစ်ကြောင်းတွေမှာကို အင်အား (၆၀ ၀၀၀) အထက်မှာ ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကဲ့သို့ တော်လှန်ရေးအစိုးရ မဆိုထားနှင့် တခြားသော ကမ္ဘာ့ အစိုးရများပင်လျှင် သောင်းချီ အင်အားရှိတဲ့ တပ်တတပ်ကို နေ့ချင်းညချင်း လက်နက်တပ်ဆင်ပေးနိုင်ဖို့ အတော် ရုန်းကန်ရပါတယ်။ အဲဒီအချိန်မှာ ရန်သူ့ လက်နက်ကိုယ့် လက်နက်မူ နဲ့ သွားမယ်ဆိုရင် ရန်သူ ကို ချေမှုန်းနိုင်ပြီး ဖြစ်သလို ကိုယ့်တပ်ကိုလဲ လက်နက် တပ်ဆင်နိုင်ပြီး ဖြစ်ပါတယ်။


ခုခံတော်လှန်စစ် အရှိန်မြှင့်လာလေ ရန်သူ့ လက်နက် သိမ်းမိမှု ပိုများလာလေ ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော် ရဲ့ လက်နက်တပ်ဆင်မှု၊ စစ်ရေး အတွေ့အကြုံ ရှိမှု ပိုမို များပြားလာမှာ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight
 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...