Friday 20 October 2023

လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းတချို့ ဖမ်းဆီးရရှိပြီး လက်နက်များ သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား




 လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းတချို့ ဖမ်းဆီးရရှိပြီး လက်နက်များ သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား 


ရန်ကုန်၊ အောက်တိုဘာ ၂၀ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းကို KIA တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ 


ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လိုင်ဇာမြို့ဘက်ပင် လက်နက်ကြီးကျည်သံများ ကြားရကြောင်း၊ ယင်းနောက် မွန်းလွဲပိုင်းတွင် အောင်ဂျာစစ်တပ်စခန်းကို KIA တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ဒီနေ့ မနက်ပိုင်းတစ်ပိုင်းလုံး တိုက်ပွဲက အပြင်းအထန်ဖြစ်တာ။ လိုင်ဇာမြို့ဘက်ကတောင် လက်နက်ကြီးသံတွေကြားရတာ။ စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ လိုင်လွမ်အောင်ဂျာမှာ  စစ်စခန်း ၃ ခု ရှိတဲ့အနက် ဒီနေ့ သိမ်းတာက နောက်ဆုံးစခန်းပဲ။ အရင်စခန်း ၂ ခုက အရင်လတွေထဲက သိမ်းထားတာ။ အခု ၃ ခုစလုံး KIA သိမ်းလိုက်ပြီ" ဟု  KIA သတင်းရင်းမြစ်က ဆိုသည်။ 


အခြား KIA သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ယနေ့ သိမ်းပိုက်သော အောင်ဂျာစစ်တပ်စခန်းတွင် အင်အား ၇၀ ခန့်ရှိပြီး အခိုင်အမာ ကုတုတ်ကျင်းများ တူး ၍ ခုခံကြောင်း၊ နောက်ဆုံးတွင် စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာ ထွက်ပြေးကြကြောင်း၊ KIA တပ်များက စွန့်ခွာ ထွက်ပြေးသူများကို လိုက်လံ တိုက်ခိုက် ကြောင်း သိရှိရသည်။ 


အောင်ဂျာစစ်တပ်စခန်း သိမ်းပိုက်ရရှိမှုတွင် စစ်တပ်ဘက်မှ သေဆုံးသည့်အရေ အတွက်ကို မသိရှိရသေးဘဲ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ၊ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အရေအတွက်လည်း မသိရှိရသေးကြောင်း သိရှိရသည်။


(ဖမ်းဆီးရရှိသော စစ်သုံ့ပန်းတချို့ကို စစ်ဆေးမေးမြန်းသော ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်  https://t.me/khitthitnews/141472 တွင် ကြည့်ရှုနိုင်ပါသည်။)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...