Tuesday 24 October 2023

အောင်ဂျာစခန်းသိမ်းတိုက်ပွဲပြီးနောက် KIA စစ်ဦးစီးချုပ်က PDF အပါအဝင် မဟာမိတ် ၅ဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်း ပေးပို့


 အောင်ဂျာစခန်းသိမ်းတိုက်ပွဲပြီးနောက် KIA စစ်ဦးစီးချုပ်က PDF အပါအဝင် မဟာမိတ် ၅ဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်း ပေးပို့


▪︎စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်တိုက်တွန်း 


မောင်မောင်/People’s Spring


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်ထံမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်များထံသို့ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။


အောက်တိုဘာ ၂၀ရက်တွင် ကချင်ပြည်နယ် နမ့်ဆန်ယန် အနီးရှိ အောင်ဂျာဒေသ စစ်ကောင်စီ အထိုင်စခန်းကို KIAနှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းက အောက်တိုဘာ ၂၂ရက် နေ့စွဲဖြင့် ဂုဏ်ပြု မှတ်တမ်း ပေးပို့ခြင်းဖြစ်သည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းစာ လက်ခံရရှိကြောင်း PDFက ယနေ့ အသိပေး ထုတ်ပြန်သည်။

 

 ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်မှ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံသို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းတင်စာကို ရရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 

 ဂုဏ်ပြုမှတ်တမ်းစာတွင် ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူတကွလက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း ပါရှိသည်ဟုဆိုသည်။

 

 ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) / ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် မဆုတ်မနစ် ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်းလည်းအသိပေးထုတ်ပြန်ခဲ့သည်။


အောင်ဂျာ စစ်ကောင်စီတပ်စခန်းသည် ဒေသတွင်း ဗျူဟာမြောက်သည့် တပ်စခန်းနေရာဖြစ်ပြီး အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာ လုံခြုံရေးအတွက် လုံခြုံရေးစည်း ပိုမိုအားကောင်းစေခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


တိုက်ပွဲများ ရပ်သွားမည်မဟုတ်ဘဲ စစ်ရေးအရှိန်မြင့်လာရန်သာရှိကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


(စစ်ကောင်စီတပ်၏ အောင်ဂျာစခန်းကုန်းကို KIA နှင့် မဟာမိတ် ၅ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်စဥ်၊ သိမ်းပိုက်ပြီးနောက်မြင်ကွင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်သွားရောက်

ကြည့်ရှုစဥ်။ဓါတ်ပုံ-CJ ၊ ဗိုလ်ချုပ်ဂွန်မော်)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...