Wednesday 27 December 2023

လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ



 လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက်နက်ချ အညံ့ခံကြပြီး လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


"မြို့စောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ အကုန်လက်နက်ချကြတယ်။ ကိုးကန့် ပြည်သူ့စစ်တွေ အားလုံးနီးပါး လက်နက်ချကုန်ကြပြီ။ စစ်ကူလွှတ်တဲ့ တပ်မ ၅၅ က စစ်သားတွေလည်း လက်နက်ချကြတယ်လို့သိရတယ်။ လောက်ကိုင်မြို့နေရာအားလုံးနီးပါးကို MNDAA က ထိန်းထားနိုင်ပြီ။ ဒကစ ပဲကျန်တော့တယ်" ဟု တရုတ်-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ဖျက်ဆီးနေကြောင်း လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ MNDAA တပ်များက လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 


"ပယ်မိသားစုနေအိမ်၊ လောက်ကိုင်ရဲစခန်း၊ ၂၁ ရဲတပ်ရင်း ကင်းစခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေ တော်တော်များများကို MNDAA က သိမ်းပိုက်ထားပြီးပြီ။ လက်နက်ချ အညံ့ခံတာကလည်း တပ်ဘက်ကရော ပြည်သူ့စစ်တွေရောပဲ။ လောက်ကိုင် ဒကစ တစ်ခုပဲ ကျန်တော့တာ။ လောက်ကိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို MNDAA တွေက သိမ်းပိုက်ထားပြီလို့ ပြောလို့ရတယ်။ စစ်တပ်ဘက်ကတော့ ဒီမနက်ကလည်း လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲချတယ်။ မနေ့ကရော တစ်နေ့ကရော တောက်လျှောက် လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ။ လောက်ကိုင်မြို့တစ်ခုလုံးအနေနဲ့တော့ ဇန်နဝါရီလထဲမှာပဲ MNDAA က သိမ်းပိုက်နိုင်မယ်ထင်တယ်။ ဒကစ တစ်ခုတည်း တင်းခံနေတာဆိုတော့လေ" ဟု လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ 


တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပ ပြုလုပ်သော စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့၏ စေ့စပ်ညှိနှိုင်းမှု ပျက်ပြယ်သွားပြီးနောက် စစ်တပ်က လောက်ကိုင်မြို့ကို နေ့ရော ညပါ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးနေသည့်သဘောဖြစ်ကြောင်း အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


"စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲနေတဲ့ပုံစံက သူတို့မှ အုပ်ချုပ်မရရင် အကုန်ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗုံးကျဲနေတာလို့ မြင်တယ်။ ဘာလို့ ဆိုတော့ ဗုံးကျဲတဲ့နေရာတွေက MNDAA တွေရှိတာလည်းမဟုတ်ဘူး။ အများပြည်သူပိုင် နေအိမ်အဆောက်အအုံတွေကို အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေတာ။ စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး" ဟု လောက်ကိုင်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...