Friday 15 December 2023

နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု



 နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု


▪️စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အကြိမ်များစွာပြုလုပ်ခဲ့သော်လည်း တစ်ပတ်ခန့် အကြာတွင် မြို့ကို လက်လွှတ်ခဲ့ရ


သက်ဝေ/People’s Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို ယနေ့ တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောဆိုသည်။


TNLA အနေဖြင့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၀ရက်မှစတင်ခဲ့ရာ တစ်ပတ်ခန့်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


နမ့်ဆန်မြို့သိမ်းတိုက်ပွဲ၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းကို TNLAက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသအခြေစိုက် ရွှေဖီမြေ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး TNLA ခေါင်းဆောင် တစ်ဦးအား ဆက်သွယ်မေးမြန်းရာ "ဟုတ်တယ်၊ ငါတို့ရပြီ"ဟု ပြန်လည်ဖြေကြားသည်။


နန့်ဆန်မြို့ခံတစ်ဦးကလည်း "နမ့်ဆန်ကို TNLAက သိမ်းလိုက်ပါပြီ။ အတိအကျပါပဲ။ စစ်တပ်က လေကြောင်းကနေ လိုက်ပစ်နေပါတယ်။ အခုညအထိ ပစ်နေပါတယ်"ဟု ပြောသည်။


 ဒီဇင်ဘာ ၁၀ရက်မှစ၍ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး ကဒိုင်းဖူးတောင်တပ်စခန်းကို TNLAက စတင်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ရက်တွင် နမ့်ဆန်ရဲစခန်း၊ နမ့်ဆန် ကောင်းမှုဆိုင်တပ်စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 


ထို့ပြင် နမ့်ဆန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံတပ်စခန်းကိုလည်း ဒီဇင်ဘာ ၁၃ရက်ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် နောက်ဆုံးကျန်နေသည့် နမ့်ဆန် စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၅ရက်တွင် စခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်သည် နမ့်ဆန်ရှိ တပ်စခန်းများ မကျဆုံးရေးအတွက် လေကြောင်း၊ လက်နက်ကြီး ပစ်ကူအကြိမ်ကြိမ် ရယူခဲ့သော်လည်း စခန်းများကိုလက်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။


TNLA၏ ထုတ်ပြန်ချက်အရ ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် နမ့်ဆန်မြို့အတွင်း စစ်ကောင်စီတပ်မှ ATR-42 လေယာဉ်ဖြင့် (၅)ကြိမ်၊ Jet Fighterဖြင့် (၁၅)ကြိမ်၊ Mi35ဖြင့် (၁၀)ကြိမ်၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု၊ ပြည်သူလူထုနေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း TNLAက အသိပေးသည်။


ထို့ပြင် စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်ဖက်အချိုခြောက်စက်ရုံကိုပါ လေကြောင်း တိုက်ခိုက်ခဲ့၍ မီးလောင်ခဲ့ပြီး မြို့မဂိုဏ်းချုပ်ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

 

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး နေအိမ် ၃၀ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။


(နန့်ဆန်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...