Sunday 7 January 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် AA တပ်ဖွဲ့ထံတွင် လက်နက်ချ အညံ့ခံ


 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် AA တပ်ဖွဲ့ထံတွင် လက်နက်ချ အညံ့ခံ


■ လောက်ကိုင် ဒကစမှ အရာရှိနှင့်စစ်သည် ၄၀၀၀ ကျော် လက်နက်ချပြီးနောက် ဒုတိယမြောက် အစုလိုက်အပြုံလိုက် လက်နက်ချမှု ဖြစ်လာ


ရန်ကုန်၊ ဇန်နဝါရီ ၇ 


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် AA တပ်ဖွဲ့ထံတွင် လက်နက်ချ အညံ့ခံကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 


ယမန်နေ့ ဇန်နဝါရီလ ၆ ရက်၊ ညနေ ၉ နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် AA တပ်ဖွဲ့ ထံတွင် လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍နောက်ဆက် တွဲ သတင်းများကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 


ထို့ပြင် ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) က လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် စေတနာကို နားလည်ပြီး စောလျင်စွာဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်ကြောင်း ညီနောင် ၃ ဖွဲ့က တိုက်တွန်းသည်။ 


တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် မိမိတို့သတ်မှတ်ထားသော ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက် ဆက်လက်ကြိုးပမ်းနေရင်း စစ်ဆင်ရေးကြီး (၇၂) ရက်မြောက်ကို အကောင်းဆုံးအနေအထားဖြင့် ဖြတ်သန်းလျက်ရှိကြကြောင်း၊ ယမန်နေ့ ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီက၀ ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့် အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာ ယမန်နေ့တစ်နေ့လုံး ဆက်လက်ပြင်းထန်လျက် ရှိကြောင်း သိရှိရသည်။ 


အလားတူ စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ (၉)” ၊ “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ “မီးဝဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယမန်နေ့ တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်းများမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရှိရသည်။ 


ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်များတွင် မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် စစ်ကောင်စီသည် ရေကြောင်းဖြင့် လက်နက်၊ စစ်ကူအင်အားများ ဖြည့်တင်းလျက်ရှိကာ ရေကြောင်းအင်အားကို ယခုရက်များအတွင်း ပေါ်ပေါ်ထင်ထင် ပိုမိုတိုးချဲ့လှုပ်ရှားလာနေကြောင်း သိရှိရသည်။ 


စစ်ကောင်စီအနေဖြင့် ရက္ခိုင်‌ဒေသရှိ ၎င်းတို့၏ အာဏာစက်လက်တစ်ဆုပ်စာသာကျန်တော့သည့် မြို့ကြီးအချို့တွင် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများအား ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ဖြတ်တောက်ထားပြီး ၎င်းတို့၏ လက်ကျန်ဂိတ်စခန်းများမှ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။ 


ဇန်နဝါရီလ ၄ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် စစ်သည် ၄၀၀၀‌ ကျော် အစုလိုက် အပြုံလိုက် လက်နက်ချ အညံ့ခံပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီဘက်မှ အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံမှုသည် ဒုတိယမြောက် အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံမှုဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...