Sunday 7 January 2024

လောက်ကိုင် ဒကစမှ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ်ခြောက်ဦး စစ်ကောင်စီဖမ်းဆီးအချုပ်ချထား


 လောက်ကိုင် ဒကစမှ လက်နက်ချခဲ့​သော 

ဗိုလ်မှူးချုပ်ခြောက်ဦး စစ်ကောင်စီဖမ်းဆီးအချုပ်ချထား


ဇော်ရမ်း/People's Spring


လောက်ကိုင်တွင်လက်နက်ချပြီး လားရှိုးပြန်သွားသော ဒကစ-​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ခြောက်ဦးအပါအဝင် အရာရှိများကို စစ်ကောင်စီက လားရှိုးရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြော

သည်။


"လောက်ကိုင်က ပြန်ရောက်ကတည်းက လားရှိုးအချုပ်ထဲ ထည့်ထားတာ။ ဘာဆက်လုပ်မလဲ‌တော့ မသိဘူး။ ဒါပေမယ့် ဗိုလ်မှူးချုပ်ခြောက်ယောက်စလုံး အကုန်အချုပ်ထဲမှာ" ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။


လောက်ကိုင်ဒကစမှ ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူနှင့် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ဦးတို့သည် မိသားစုဝင် ၁၆၀၁ ဦးနှင့်အတူ ဇန်နဝါရီ ၄ ရက်တွင် MNDAA ထံ လက်နက်ချခဲ့သည်။ထို​နောက် ဇန်နဝါရီ ၅ ရက်တွင်လည်း ပွိုင့် ၂၀၂၂ (​ခေါ်) နမ်ထင်အိန်ရှန်း စခန်းကုန်းမှာ စစ်​ကောင်စီ တပ်ဖွဲ့ဝင့် ၂၆၆ ဦးထပ်မံလက်နက်ချခဲ့သည်။ ထို​ကြောင့် စစ်​ကောင်စီတပ်သား ၂၄၀၀ ခန့်နှင့် မိသားစုဝင် ၁၆၀၁ ဦးဖြစ်၍ ​လောက်ကိုင်မှ စစ်သားနှင့်မိသားစု စုစု​ပေါင်း ၄၀၀၀ ခန့် လက်နက်ချခဲ့ခြင်းဖြစ်သည်။


သမိုင်းတွင် စစ်တပ်မှ တစ်​နေရာတည်းတွင် စစ်သား​ထောင်နှင့်ချီ လက်နက်ချခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကြောင်းလိုက် ၊တပ်ရင်းလိုက် စစ်သား ရာနှင့်ချီလက်နက် ချ ခဲ့ခြင်းများရှိ​သော်လည်း ယခုအကြိမ်မှာအများဆုံးဖြစ်သည်။


ဒကစမှ လက်နက်ချသူများကို ဇန်နဝါရီ ၄ ရက် ​မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ၎င်းတို့ပြန် လိုရာသို့ ပြန် နိုင်ရန် စီစဥ်​ပေးခဲ့​ကြောင်း MNDAA ​ပြော​ရေးဆိုခွင့် ရှိသူ လီကျာဝင်းက People's Spring သို့ ​ပြောသည်။ 


People's Spring ၏ စုံစမ်းမှုအရ ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်က လက်နက်ချသူများကို MNDAAက ကျိုင်းတုံနှင့် လားရှိုးမြို့သို့ ပို့ပေးခဲ့သည်ဟု သိရသည်။ ပြန်ရောက်လာသူများမှ အရာရှိများကို စစ်ကောင်စီက ဖမ်းထားပြီး အခြားအဆင့်များကို ရှေ့တန်းသို့ ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။


စစ်​ကောင်စီ တပ်ဖွဲ့ဝင်များမှာ ကား ၊ဆိုင်ကယ် တို့ဖြင့် ​လောက်ကိုင်မှ ပြန်ကြ​သော်လည်း  ဗိုလ်မှူးချုပ် ၆ ဦးမှာ တန်ယန်းမှ  ရဟတ်ယာဥ်ဖြင့် လာရှိုးသို့သွားခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။


လောက်ကိုင်ဒကစ လက်နက်ချခြင်းမှာ တရုတ်နိုင်ငံဘက် သို့ကျည်မကျရေးနှင့် တပ်မိသားစုများလုံခြုံရေးတို့ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဇော်မင်းထွန်းက စစ်​ကောင်စီသတင်းများကိုသာဦးစား​ပေး​ဖော်ပြ​သောသတင်းဌာနများကို ပြောထားသည်။


လက်နက်ချသော ဗိုလ်မှူးချုပ်များကို စစ်ကောင်စီက ဖမ်းချုပ်ထားသည့်သတင်းသည် တပ်တွင်း၌လည်း ပြန့်နှံ့

နေပြီး တပ်မိသားစုဝင်များအကြား စိုးရိမ်မှုများ ရှိနေသည်။ TNLA ၏ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် ကွတ်ခိုင်

ဗျူဟာမှ အရာရှိများသည်လည်း လက်နက်ချလိုသော်လည်း လောက်ကိုင်ဒကစမှ ‌ဗိုလ်မှူးချုပ်များ ဖမ်းချုပ်ခံထားရသည့် သတင်းကြောင့် လက်နက်မချသေးဘဲ ခံတိုက်နေခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံအချို့ကပြောသည်။


" လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်" ဟု MNDAA က ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ၌မဆို မိမိတို့ထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း ညီ​နောင် မဟာမိတ် သုံးဖွဲ့က အသိပေးထားသည်။


"စစ်တပ်ခေါင်းဆောင်တွေက သူတို့အတွက်ပဲသူတို့ကြည့်တာ။ အခုအခြေအနေက ထွက်ပြေးတာပဲ အကောင်းဆုံးပဲ။ ဒါပေမယ့် မိသားစုဝင်တွေက တပ်ထဲမှာဆိုတော့ ခက်နေတာ" ဟု စစ်ကောင်စီ ဒုဗိုလ်မှူးတစ်ဦး၏ ဇနီးကပြောသည်။


(​လောက်ကိုင် ဒကစ မှ ဗိုလ်မှူးချုပ်များနှင့် ညီ​နောင်သုံးဖွဲ့မှ တာဝန်ရှိသူများ   စစ်​တပ်ကလက်နက်ချရန် သ​ဘောတူပြီး​နောက် အတူစား​နေစဥ် /​လောက်ကိုင် ဒကစ မှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ )

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...