Sunday 14 January 2024

စစ်ကူမပို့ဘဲ စစ်ကူလာနေပြီဟု လိမ်ညာပြီး အသေခံတိုက်ခိုင်းသဖြင့် တပ်ရင်းမှူး အပါအဝင် ၂၅ ဦး ဇီဝိန်ချုပ်ခဲ့


 ◼️စစ်ကူမပို့ဘဲ စစ်ကူလာနေပြီဟု လိမ်ညာပြီး အသေခံတိုက်ခိုင်းသဖြင့် တပ်ရင်းမှူး အပါအဝင် ၂၅ ဦး ဇီဝိန်ချုပ်ခဲ့


၁၄ ဇန်နဝါရီ ||| နွေဦးအသံ ||| 


ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကူမပို့နိုင်ဘဲ စစ်ကူလာနေပြီလို့ လိမ်ညာပြီး အသေခံတိုက်ခိုင်းခဲ့တာကြောင့် အင်အား ၅၄ ဦး ပါ စစ်ကြောင်းမှာ ၂၅ ဦး ဇီဝိန်ချုပ်ခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သဖြင့် နောက်ဆုံးမှာ ဗလာစာရွက်ကို တုတ်နဲ့ ညှပ်ပြီး အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ရတယ်လို့ တပ်ကြပ်ကြီး မိုးကျော်အောင်က ပြန်လည်ပြောပြပါတယ်။


"ကျနော် သေနတ်ချလိုက်ပြီးတော့ ကျနော် အကာအကွယ်ယူထားတဲ့နေရာနေပြီးတော့ ဗလာစာရွက်လေး တုတ်နဲ့ ညှပ်ပြီးတော့ အလံဖြူထောင်လိုက်ရတယ်၊ ကျနော့်ဘေးမှာ ရှိတဲ့ စစ်သည်တွေ မှန်သမျှကလည်း အကုန်လုံးက တန်းစီပြီးတော့ ပုံနေပြီ" 


လက်နက်ချအညံ့ခံခဲ့ကြတဲ့ ၂၈ ဦးအနက် မိုးကျော်အောင်က ဇာသပြင် အခြေစိုက် ခလရ ၈၁ တပ်ခွဲ တပ်ကြပ်ကြီး တဦးဖြစ်ပြီး ဒဏ်ရာရရစစ်သည်တွေ အလောင်းပုံတွေကြားထဲက အလံဖြူထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သူလို့ ဆိုပါတယ်။


"မြေပြင်အခြေအနေကို သတင်းပို့တဲ့အခါမှာ မင်းတို့ ငါ့ကို တိုက်ပွဲ ဖြစ်ပြမနေနဲ့ ပုံစံမျိုးတွေ ကျနော်တို့ အဲ့လိုတွေ ကြားခဲ့ရတယ်၊ ကျနော်တို့ရဲ့အထက်က အတင်းအဓမ္မ ထိုးခိုင်းတယ်၊ ထိုးခိုင်းတဲ့အတွက်ကြောင့် တသွေမတိမ်း လိုက်လုပ်တယ်၊  


ချောင်းနှစ်ခွ ရဲစခန်းကို မရောက်ရောက်အောင် ဒဏ်ရာရ စစ်သည်တွေနဲ့ ဆက်လက်ချီတက်တယ်၊ လူ ၅၀ ပါတဲ့အထဲမှာ ကျနော်တို့က လူ ၂၅ ယောက်က ကျသွားတယ်၊ ၁၈ ယောက်လောက်က ဒဏ်ရာရနေတယ်" လို့ တပ်ကြပ်ကြီး မိုးကျော်အောင်က The Voice of Spring ကို ပြောပါတယ်။


ချောင်းနှစ်ခွစခန်းကို ချီတက်လာစဉ် ဖက်ထေးကုန်းရွာအနီးရှိ ဘုရားကုန်းမှာ တပ်စွဲထားတဲ့ တပ်ကြပ်ကြီးမိုးကျော်အောင်တို့ စစ်ကြောင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်၊ မနက် ၈ နာရီ ၃၀ မိနစ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှူး ၁ ဦး နဲ့ ဒုဗိုလ် ၂ ဦး အပါအဝင် စကစ ၂၅ ဦး ဇီဝိန်ချုပ်ခဲ့ပါတယ်။


"ကျနော်တို့မှာ ရေလည်း မသောက်ရဘူး၊ ထမင်းတို့ဘာတို့ဆိုတာ ဘေးနားထားထားလိုက်၊ ပြီးရင် ဒဏ်ရာရတဲ့စစ်သည်တွေကလည်း ပုံနေတယ်၊ ပြီးလို့ရှိရင် ကျတဲ့ စစ်သည်တွေလည်း အများကြီးပဲ၊ ကျနော်တို့ကို စစ်ကူလွှတ်လိုက်ပြီတဲ့၊ မနက် ၈ နာရီကတည်းကနေ မီတာ ၃၀၀၀ လောက်ပဲ လိုတော့တယ်တဲ့၊ နေ့လယ် ၂ နာရီ ထိုးပြီ၊ မရောက်လာဘူး၊ 


ကျနော်တို့မှာ မရှိတဲ့အင်အားလေးနဲ့ တောင့်ခံထားတာ၊ မြေပြင်မှာ ဖြစ်တာ ကျနော်တို့ ဖြစ်တာ၊ ခံစားရတာ ကျနော်တို့ ခံစားရတာ၊ ကိုယ့်အသက်တော့ မသေအောင်တော့ လုပ်မှ ရတော့မယ်လေ၊ အဲတော့ ကျနော် သေနတ်ချလိုက်ပြီးတော့ ကျနော် အကာအကွယ်ယူထားတဲ့နေရာနေပြီးတော့ ဗလာစာရွက်လေး တုတ်နဲ့ ညှပ်ပြီးတော့ အလံဖြူထောင်လိုက်ရတယ်၊ ကျနော့်ဘေးမှာ ရှိတဲ့ စစ်သည်တွေမှန်သမျှကလည်း အကုန်လုံးက တန်းစီပြီးတော့ ပုံနေပြီ"


အဲဒီနောက် တပ်ကြပ်ကြီး မိုးကျော်အောင်နဲ့ ထိခိုက်ဒဏ်ရာရသူတွေအပါအဝင် ၂၈ ဦးဟာ KNLA နဲ့ ပူးပေါင်းစစ်ကြောင်းထံ

နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၂ နာရီမှာ လက်နက်ချအညံ့ခံခဲ့ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။


"ကျနော်တို့လိုပဲ ကျန်ခဲ့တဲ့ တပ်တိုင်း တပ်တိုင်းက ညီနောင်တွေပေါ့၊ ပြည်သူ့ရင်ခွင်က ကျနော်တို့ ထင်ထားတဲ့ ပုံသဏ္ဍာန်မဟုတ်ဘူးဆိုတာကိုတော့ ကျနော် ရဲရဲဝင့်ဝင့်ပြောရဲတယ်၊ ကိုယ့်အသက် ကိုယ့်မိသားစု အားလုံးကို ငဲ့ညှာပြီးတော့ လက်နက်ချ အညံ့ခံလိုက်တာ ကိုယ့်ဘဝအတွက် အလုံခြုံဆုံးပဲလို့ ကျနော် ပြောချင်တယ်၊ 


အထက်က ခိုင်းတာဆိုတဲ့ အသိလေးတခုနဲ့တော့ ကျနော်တို့ လုပ်လို့ မရဘူး၊ လက်နက်မချဘဲ ဆက်လက်ခုခံတိုက်ခိုက်နေမယ်ဆိုရင်တော့ ကိုယ်သွားစရာလမ်းက တခုပဲရှိတယ်၊ အဲဒါဘာလဲ၊ ကိုယ့်ရှေ့မှာ ကျသွားတဲ့ ကိုယ့်ညီနောင်တွေ စစ်သည်တွေလိုပဲ ကိုယ်လည်း သေမှာပဲ၊ လက်နက်ချလိုက်လို့ မသေဘူး၊ မသေဘူးဆိုလို့ရှိရင် နောက်ဘာဆက်လုပ်မလဲဆိုတာကို ကိုယ်ပြုပြင်ပြောင်းလဲလို့ရတယ်" လို့ တပ်ကြပ်ကြီး မိုးကျော်အောင်က အကြံပြုတိုက်တွန်းပါတယ်။


ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကို မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက် အရှည်ကြာဆုံး ခံစစ်အောင်ပွဲအဖြစ် အလွန်အကျွံပုံဖော်ပြီး ရှေ့တန်းစခန်းတွေ လက်နက်ချ အညံ့မခံကြစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှ စတင်ပြီး သူ့ရဲ့ တယ်လီဂရမ်ချန်နယ်တွေကတဆင့် ကြိုးစားစည်းရုံးနေတာ တွေ့ရပါတယ်။


ဓါတ်ပုံ | တပ်ကြပ်ကြီး မိုးကျော်အောင် အလံဖြူထောင်ခဲ့စဉ်က /SOF


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...