Tuesday 16 January 2024

ပလက်ဝ သို့မဟုတ် အိန္ဒိယ နယ်စပ်ကို ထိန်းချုပ်ခြင်း


 ပလက်ဝ သို့မဟုတ် အိန္ဒိယ နယ်စပ်ကို ထိန်းချုပ်ခြင်း


၂၀၂၄ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်မတော် AAက စစ်ကောင်စီရဲ့ အထိုင် ခံတပ်စခန်းများတည်ရှိရာ ပလက်၀မြို့ နဲ့ မြို့နယ် တခုလုံးကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ကြောငြာလိုက်တာကို တွေ့ရှိရပါတယ်။


ဒါဟာတရုတ်ရဲ့အကူအညီနဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တတိယအကြိမ်မြောက် ဆွေးနွေးမှု အပြီးရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီအတွက် AA ဆီမှာ ထပ်မံဆုံးရှုံးလိုက်ရတဲ့ မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ 


ရက္ခိုင့်တပ်တော် AAအနေနဲ့လည်း ပလက်၀မြို့ကို မထိန်းချုပ်နိုင်ခင် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးအတွက်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့သလို စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း ဗျူဟာမြောက်စွာဖြင့် တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့ပြီး နောက်ဆုံးမှသာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်မှာရှိတဲ့ စစ်စခန်းများကို ထောက်ပို့ပေးနေတဲ့ ထောက်ပို့ဗျူဟာကုန်းကြီးလည်းဖြစ်တဲ့ စစ်ကောင်စီရဲ့ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး "ပလက်၀မြို့" ကိုပါ အပြီးသတ်ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ် ။ 


ပထဝီအနေအထားအရ ပလက်၀မြို့ အနောက်ဘက်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဘန်ဒါဘန်ခရိုင်၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ ဒေသများ တည်ရှိပါတယ်။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေကို ပလက်ဝ ဒေသကနေ ကုလားတန်မြစ်ကြောင်းအတိုင်း ပင်လယ်ထွက်ပေါက်ရစေရေး စီမံလုပ်ဆောင်နေတဲ့ ကုလားတန် စီမံကိန်း အတွက် အရေးကြီးတဲ့မြို့လဲ ဖြစ်ပါတယ်။ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်မတိုင်ခင် မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံကြား သဘောတူညီမှုရရှိထားတဲ့ စီမံကိန်းဖြစ် ပြီး ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ကြကာ၂၀၀၉ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။


 အိန္ဒိယ နိုင်ငံအတွက်ရော၊ စစ်အုပ်စု အတွက်ပါ အရေးကြီးတဲ့ ကုလားတန် စီမံကိန်း ကို ပလက်ဝ မြို့နယ်ကို ထိန်းချုပ်လိုက်ခြင်းဖြင့် ရက္ခိုင့် တပ်တော်က လွှမ်းမိုး စိုးမိုးလိုက်ပါတယ်။ စစ်အာဏာရှင်တွေ အတွက် နယ်စပ် ကုန်သွယ်ရေး အရေးကြီးရာ မြို့နယ်တခုကို ဆုံးရှုံးလိုက်ရတာဖြစ်သလို စစ်အုပ်စု ကို အားပေးအားမြှောက်ပြုနေတဲ့ အိန္ဒိယအနေနဲ့လဲ အရေးကြီး စီမံကိန်း တခု ထိန်းချုပ်ခံလိုက်ရခြင်းလို့ ပြောနိုင်ပါတယ်။ တရုတ် နယ်စပ်နားမှာ အဓိက အင်အားတည်ဆောက်ထားတဲ့ ရက္ခိုင့်တပ်တော်ဟာ အိန္ဒိယ တံခါးဝ ကို ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ နယူးဒေလီအနေနဲ့ ဘေဂျင်းနီးစပ်အင်အားစု တခု သူတို့ နယ်နိမိတ် နားကို ရောက်လာပြီလို့ သုံးသပ်ရှုမြင်ကြမှာဖြစ်ပါတယ်။ အဲဒီအရေးကို ကိုင်တွယ်ဖို့ ဆိုရင် ပလက်ဝ ဒေသ ကို လက်တွေ့ထိန်းချုပ်ထားတဲ့ ရက္ခိုင့် တပ်တော်ကို အိန္ဒိယ အနေနဲ့ မဖြစ်မနေ စကားပြောရတော့မှာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် အနေနဲ့လဲ နယ်စပ် ဒေသ ကို ထိန်းချုပ်နိုင်မှု၊ စစ်အုပ်စု ကို အထိနာစေမှု၊ နိုင်ငံတကာ ရပ်တည်ချက် တိုးမြင့်သွားမှု ဖြစ်ပါတယ်။


Photo credit - AA Info desk 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...