Monday 15 January 2024

ကွတ်ခိုင်မြို့အနီးမှ နမ့်ဖတ်ကာကျေးရွာကို KIA တိုက်ခိုက်သိမ်းပိုက်


 ကွတ်ခိုင်မြို့အနီးမှ နမ့်ဖတ်ကာကျေးရွာကို KIA တိုက်ခိုက်သိမ်းပိုက်


ကွတ်ခိုင် - ဇန်နဝါရီ ၁၅၊ ၂၀၂၃။ 


ကချင်လွတ်မြောက်ရေးတပ် (KIA) က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို ယနေ့နံနက် ၈ နာရီခန့်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 


KIA တပ်မဟာ (၄)၊ (၆)နှင့် (၁၀) တို့မှ တပ်ဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၂၃) ကို ယမန်နေ့ည ၁၀ နာရီခွဲခန့်က စတင်ဝင်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။ 


“မနေ့ည ၁၀ နာရီကျော်မှာ စခန်းထဲဝင်နိုင်ခဲ့တယ်။ ဒီမနက်ကျမှ ကတုတ်ကျင်းတွေ အကုန်ဝင်ရှင်းနိုင်ခဲ့တယ်တဲ့။ ဘယ်လိုလက်နက်တွေ သိမ်းနိုင်ခဲ့တယ်၊ စစ်သုံ့ပန်း ဘယ်နှယောက်ဖမ်းနိုင်ခဲ့လဲဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး” ဟု ပြောသည်။ 


နမ့်ဖတ်ကာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသည့်သတင်းကိုသာ ကြားသိထားရပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 


“အဲ့ဒီသတင်းက တရားဝင်ပေးပို့လာတာတော့ မရှိသေးဘူး။ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းလောက်ပဲ ရထားပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့် လေယာဉ်နဲ့ ပစ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ ရှိနေပါတယ်” ဟု ပြောသည်။


နမ့်ဖတ်ကာကျေးရွာကို KIA သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မူဆယ်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ 


“Y-20 လေယာဉ်အမျိုးအစားနဲ့လည်း ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်။ ညသန်းခေါင်မှာရော လာပစ်သေးတယ်တဲ့” ဟု ပြောသည်။ 


နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ ရဲစခန်း၊ ခြေလျင်တပ်ရင်း ခလရ (၁၂၃) နှင့် တခြားတပ်စခန်းနှစ်ခုအပါအဝင် လေးနေရာကို KIA တပ်က ၁၇ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 


စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး နမ့်ဖတ်ကာကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ 

 

သတင်း - Pan Soon, Doi Awng

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...