Tuesday 27 February 2024

မင်းပြားမြို့ တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက် “ မြောက်ဦးခရိုင်တစ်ခုလုံး စစ်ကောင်စီလက်လွတ်ခဲ့ရပြီ”


 မင်းပြားမြို့ တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

“ မြောက်ဦးခရိုင်တစ်ခုလုံး စစ်ကောင်စီလက်လွတ်ခဲ့ရပြီ” 


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄


ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟုသတင်းရရှိသည်။


မင်းပြား အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နေ့လယ် ၁နာရီခန့်ကနေ အပြီးသတ်သိမ်းပိုက်ရရှိထားပြီဟု ရက္ခိုင့်တပ်တော်နှင့်နီးစပ်သည့် မင်းပြား ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။


" ဒီနေ့နေ့ခင်းလောက်က ကျနော်တို့ရွာဖက်ကိုလာတဲ့ ကိုယ့်တပ်တော်ကဗိုလ်တွေနဲ့တွေ့တော့ သူတို့ကရပြီလို့ ပြောခဲ့တယ်။ ကျနော်တို့လည်းတကယ်ဝမ်းသာတယ်" ဟုပြောသည်။


ယင်းအပြင် အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကောင်စီ ၂၀၀ခန့် ထွက်ပြေးလွတ်မြောက်သည့် သတင်းများကြားနေရသည်ဟု ၎င်းကပြောသည်။


" စစ်သား ၂၀၀ကျော်လောက် ထွက်ပြေးတယ်လို့ပြောတယ်။ ဘယ်ကိုထွက်ပြေးလဲဆိုတာ ကျနော်တို့လည်း မသိရသေးပါဘူး" ဟုပြောသည်။


တိုင်းဗဟို (၉) သင်တန်းကျောင်းအနီးရှိ မေလွမ်းရွာသားတစ်ဦးကလည်း တိုင်းဗဟို (၉) အား ရက္ခိုင့်တပ်တော်က ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


“ မနေ့ညကတည်းက စစ်တပ်က လက်နက်ချသူချ၊ ထွက်ပြေးသူထွက်ပြေး အဲသလို ကြားပါတယ်။ ဒီနေ့တော့ အပြတ်သိမ်းလိုက်ပြီလို့ သိရပါတယ်” ဟု ပြောကြားသည်။ 


စစ်ကောင်စီလော်ဘီတစ်ဦးကလည်း “တဗဟ ၉ အောင်မြင်စွာဆုတ်ခွာပါပြီ”ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ 


ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၁၇ရက်ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


တိုက်ပွဲဖြစ်ပွားနေသည့် မင်းပြားတိုင်းဗဟို(၉) မှ ဒရုန်းဖြင့် အနီးအနားရှိ မေလွမ်းရွာကို ဖေဖော်ဝါရီ ၂၅ ရက် ညအချိန် ကလည်းဒရုန်းဖြင့် လာရောက်ပစ်ခတ်၍ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး အိမ် ၆ လုံး ပျက်စီးသွားကြောင်းသိရသည်။ 


လေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့ရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိနေသေးသော လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


ထို့အပြင် လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


မင်းပြားမြိုရှိ ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တို့ရှိကိုလည်း ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းနှင့်ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းက သိမ်းပိုက်ထားပြီဖြစ်သည်။


မင်းပြားမြို့နယ်ရှိ နောက်ဆုံးလက်ကျန် တိုင်းဗဟို (၉) အေအေလက်ထဲ ကျရောက်သွားပြီ ဖြစ်သဖြင့် မြောက်ဦးခရိုင်သည် စစ်ကောင်စီများကင်းရှင်းသွားပြီဖြစ်သည်။( NN-11)


ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>


https://burmese.narinjara.com/news/detail/65dcb72268f273a1d1130fec

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...