Thursday, 4 April 2024

တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီရုံးအားလုံး ချိတ်ပိတ်လိုက်ပြီး KIO/KIA အုပ်ချုပ်မှုစတင်


 တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီရုံးအားလုံး ချိတ်ပိတ်လိုက်ပြီး KIO/KIA အုပ်ချုပ်မှုစတင်


ဟန်နွေ/People’s Spring


တရုတ် -မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်နေရာယူပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အုပ်ချုပ်ရေးယန္တရားကို စတင်ဖော်ဆောင်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


လွယ်ဂျယ်မြို့ကို မတ်လကုန်ပိုင်း၌ KIAက ဝိုင်းပတ်ပိတ်ဆို့ကာ နောက်ပိုင်းတွင် တိုက်ခိုက်ခြင်းမပြုဘဲ မြို့ထဲသို့ ဝင်နေရာယူခဲ့ခြင်းဖြစ်သည်။


“စကစ အစိုးရရုံးတွေ အားလုံးကို ချိတ်ပိတ်လိုက်ပြီ။ KIO/KIA အုပ်ချုပ်မှုကို စတင်ပြီ။ စကစ စစ်တပ်ကုန်းကိုတော့ ဒီအတိုင်းပဲ ဝိုင်းထားဆဲ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။


အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ စကစ တပ်က သူ့စခန်းမှာ ရှိသေးတယ်။ မြို့ကို ကျနော်တို့ ထိန်းချုပ်လိုက်ပြီ”ဟု ပြောသည်။


KIA အနေဖြင့် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဗန်းမော် - လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီးနောက် လွယ်ဂျယ်မြို့ကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


တရုတ်နိုင်ငံ၏ ဖိအားကြောင့် လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အခက်တွေ့နေသော်လည်း အဆိုပါတပ်ကို ဝိုင်းရံထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIAသည် မတ်လ ၇ရက်မှစတင်သည့် ထိုးစစ်အရှိန်မြှင့်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် တပ်စခန်း ၇၀နီးပါးကိုသိမ်းပိုက်ထားပြီးဖြစ်သည်။

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...