Thursday 25 April 2024

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLAနှင့် PDF ပူးပေါင်း တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိ


 ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLAနှင့် PDF ပူးပေါင်း တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိ


ရန်ကုန်၊ ဧပြီ ၂၅ 


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLA တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အင်အား ၄၀ ဝန်းကျင်ရှိသော ယင်းစခန်းမှ စစ်သားများက ခုခံ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ထွက်ပြေးသွားကြသဖြင့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


"စခန်းမှာရှိတဲ့ စစ်သားတွေက ထွက်ပြေးသွားတော့ စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်။ လက်နက်တွေပါ ထားပြီး ထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီးကျည်တွေ အပါအဝင် ခဲယမ်း တွေရပါတယ်။ စခန်းကိုတော့ အပြီး သတ်နယ်မြေရှင်းလင်းပြီးပါပြီ"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


အဆိုပါစခန်းတွင် မြိတ်အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ သို့ရာတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အားလုံးကို တစ်ပါတည်း သယ်ပိုး ထွက်ခွာခဲ့ကြသည့် ပုံရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။ 


မောထစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...