Friday, 3 May 2024

KNU တပ်မဟာ(၆)နယ်မြေရှိ တောင်စွန်းစစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ် သိမ်းပိုက်


 KNU တပ်မဟာ(၆)နယ်မြေရှိ တောင်စွန်းစစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ် သိမ်းပိုက်


ဟန်နွေ/People’s Spring


ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေရှိ တောင်စွန်း စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။


ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando ဗျူဟာစစ်ကြောင်း နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တောင်စွန်းစခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး စခန်းသိမ်းတိုက်ပွဲ သတင်းအပြည့်အစုံကို ယနေ့ညပိုင်း၌ ထပ်မံအသိပေးမည်ဟု ဖော်ပြသည်။


တိုက်ပွဲဝင် ရဲဘော်အချို့ကလည်း တောင်စွန်းစစ်ကောင်စီစခန်း သိမ်းပိုက်နိုင်မှုကို ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။


" တောင်စွန်းစခန်း ခြေမြန်တပ်ရင်း ၂၈၄ ဖြစ်ပါတယ်ခင်ဗျား"ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက စခန်းသိမ်းပိုက်နိုင်မှု အခြေအနေဖော်ပြထားသည့် ရုပ်သံ၌ ပြောကြားခဲ့သည်။ အဆိုပါ ရုပ်သံ၌ စခန်းအတွင်း အပျက်အစီးများကိုလည်း မြင်တွေ့ရသည်။


တောင်စွန်းစစ်ကောင်စီတပ်စခန်း၌ KNU အလံနှင့် PDF အလံ လွှင့်ထူထားသည့် ဓာတ်ပုံများ လည်း တွေ့ရသည်။


"ဝမ်းသာစရာ သတင်းက တောင်စွန်းစခန်းကို တော်လှန်ရေးအလံတော် လွှင့်ထူနိုင်ခဲ့ပါပြီ။ တောင်စွန်း စခန်းသိမ်း တိုက်ပွဲမှာ အသက်ပေးသွားခဲ့တဲ့ ရဲဘော်များကို အလေးနီပြုပါသည်"ဟု ထောက်ပို့ရဲဘော်တစ်ဦးက ရေးသားကာ တောင်စွန်း စစ်ကောင်စီစခန်း၌ PDFနှင့် KNU အလံ လွှင့်ထူအောင်ပွဲခံနေသည့် ဓာတ်ပုံ ဖော်ပြထားသည်။


ထို့ပြင် Lion Battalion Commando ဗျူဟာစစ်ကြောင်း တပ်မှူး ဗိုလ်အယ်စေးဝါးက စစ်ကောင်စီ တပ်သားများ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်သည့် ရုပ်သံဖိုင်ကိုလည်း တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်၌ ဖော်ပြသည်။ ဧပြီ ၂၄ရက်က ရိုက်ကူးထားသည့် အဆိုပါ ရုပ်သံဖိုင်ကို ယနေ့ (မေလ ၃ရက်)တွင် ဖော်ပြလာခြင်းဖြစ်သည်။


အဆိုပါ ရုပ်သံတွင် ဗိုလ်အယ်စေးဝါးက စစ်ကောင်စီအရာရှိ ဗိုလ်ကြီး သန့်ဇင်ဝင်းထံသို့ အသံချဲ့စက်ဖြင့် ဖိတ်ခေါ်နေမှုကိုဖော်ပြထားသည်။


“ဗိုလ်ကြီးတို့ အချိန်ပေးမယ် နည်းနည်းစဉ်းစားပေးပါ။ ကျနော်တို့ ပြည်သူလူထုရဲ့ တော်လှန်ရေးဘက်တော်သားတွေနဲ့ ပူးပေါင်းမလား ဒါမှမဟုတ်ဘူးဆိုရင် စစ်အာဏာရှင်တစ်စုအတွက်နဲ့ အသက်ကို ပေးဆပ်သွားမလား နော် ကျနော်တို့ အချိန်နည်းနည်း တိုတိုလေးအတွင်းမှာ ကျနော်တို့ စကားပြောမယ်နော်။ကျနော်တို့ တက်လုံးပြီဆိုလို့ရှိရင်တော့ စခန်းထဲမှာ ရောက်မှ တက်လုံးပြီဆိုရင် ကျနော်တို့က မောင်ဖြူမောင်မဲက မသိတော့ဘူးနော်။အခုလောလောဆယ် ကျနော်တို့ အချိန် ပေးတဲ့ အချိန်မှာ ကျနောတို့ကို ဆက်သွယ်မှုလုပ်ပါ။ ကျနော်တို့ ကြိုဆိုပါ့မယ်။ ပြီးလို့ရှိရင် နွေးနွေးထွေးထွေးနဲ့ ကျနော်တို့ ထားပေးပါ့မယ်။ ကျနော်တို့ ကတိဝန်ခံတယ်နော်”ဟု ဗိုလ်အယ်စေးဝါးက ပြောကြားသည်။


စစ်ကောင်စီတပ်ဖွဲ့များအား နာရီဝက်အချိန်ပေးကြောင်း ဗိုလ်အယ်စေးဝါးက ပြောကြားခဲ့ပြီး အကယ်၍ ပူးပေါင်းလာပါက စစ်ကောင်စီကို ပြန်လည်တော်လှန်တိုက်ခိုက်နိုင်သကဲ့သို့ နယ်မြေအတွင်းလုံခြုံစွာ နေထိုင်ခိုလှုံနိုင်ကြောင်း၊ အခြားနိုင်ငံသို့ ကူးနိုင်ကြောင်း အသိပေးခဲ့သည်။


တောင်စွန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယခု ဧပြီ ၁၇ရက် သင်္ကြန်ကာလကတည်းက တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် အကောင့်အချို့က ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။


(တောင်စွန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ Shwe Htoo/FB)

1 comment:

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...