Sunday 23 June 2024

သံတွဲ လေဆိပ်ကို AA သိမ်းပိုက်


 သံတွဲ လေဆိပ်ကို AA သိမ်းပိုက်


ဧရာဝတီတိုင်းမ်

ဇွန် ၂၃ရက်


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက  သိရသည်။


သံတွဲလေဆိပ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ-၅၆၆နှင့် ခလရ- ၅၅မှ ပူးပေါင်းတပ်များကို ယနေ့ ဇွန် ၂၃ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေဆိပ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"ဟုတ်ပါတယ်။ သံတွဲလေဆိပ်မှာ တပ်တော်(AA)အလံစိုက်လိုက်ပါပြီ။ စစ်ကောင်စီအဖွဲ့တွေ ခမရ-၅၆၆ ဘက်ပြေးတာတွေလည်းရှိတယ်။ ဖမ်းမိတာတွေလည်းရှိပါတယ်။ တပ်တော်ဘက်က ထုတ်ပြန်မလားပဲ" ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


AA ကစစ်ကောင်စီ၏ ခမရ-၅၆၆ တပ်ရင်းနှင့် လေဆိပ်တွင်တပ်စွဲထားသော တပ်ရင်းများကို  ပြီးခဲ့သည့် ဇွန် ၁၉ရက်နေ့မှစတင်၍  တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇွန် ၂၃ ရက်နေ့တွင် လေဆိပ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ လေဆိပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


AA ၏ ထိုးစစ်သည် သံတွဲမြို့အတွင်း အထိရောက်ရှိလာပြီး  စစ်ကောင်စီက မြို့တွင်းလမ်းများတွင် မိုင်းထောင်ကာ ဒေသခံများကို မြို့အတွင်းမှ‌ပေးမထွက်ဘဲ ပိတ်ဆို့ထားကြောင်း သိရသည်။


AA သည် သံတွဲတွင်  တိုက်ပွဲစတင်ခဲ့သည့် သူဌေးရေအားလျှပ်စစ်အနီးရှိ လက်နက်ကြီးစခန်းများကိုပါ သိမ်းပိုက်ထားပြီး ဇွန် ၂ရက်နေ့တွင် ငပလီမြို့ ဂေါ့ကျေးရွာရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 


ထို့ကြောင့်  စစ်ကောင်စီသည် သံတွဲလေဆိပ်ကို ဇွန် ၃ ရက်နေ့မှစတင် ပိတ်ဆို့ခဲ့ပြီး လေဆိပ်အတွင်း တပ်စွဲခဲ့သော်လည်း  AA က ယနေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 


#သံတွဲ #မဇင်လေဆိပ် #စစ်ကောင်စီ #တပ်စခန်း #AA #သိမ်းပိုက်ထိန်းချုပ် #Ayeyarwaddy_Times

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...