Friday 30 August 2024

ပြင်းထန်နေဆဲ ဗန်းမော်စစ်မျက်နှာနှင့် ဟိန်းထနေသေးသော မြောက်ပိုင်းရှိ စစ်တပ်များ (စစ်ရေးသတင်းဆောင်းပါး)


 ပြင်းထန်နေဆဲ ဗန်းမော်စစ်မျက်နှာနှင့် ဟိန်းထနေသေးသော မြောက်ပိုင်းရှိ စစ်တပ်များ (စစ်ရေးသတင်းဆောင်းပါး)


အဂမ်


မဇ္ဈိမ။ ။ ကချင်ပြည်နယ်၏တောင်ဘက်ပိုင်း ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များက မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ဘက်များသို့ ဩဂုတ် ၂၄ ရက်မှစတင်ကာ မြေပြင်စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းများနဲ့ပါ တိုက်ခိုက်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)စစ်ရေးရုံး သတင်းရင်းမြစ်များက ဆိုသည်။


မိုးမောက်မြို့က စစ်ကောင်စီရဲ့ ခမရ (၄၃၇) တပ်စခန်းကြီးနဲ့ မံစီမြို့၃အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KI A)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)နှင့် အာရက္ခတပ်တော်(AA)တို့က ဩဂုတ် ၁၉ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီဘက်ကနေ ယခုလို တခါပြန်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းပြန်ထိုးလာသည့်အတွက် စစ်ရေးတင်းမာနေရခြင်းလည်း ဖြစ်သည်။


“ဒီလ ၂၄ လောက်ကတည်းနေ စပြီးမှ မိုးမောက်ဘက်ကို သူတို့ (စစ်တပ်) ထိုးစစ်ဆင်လာတာရှိပါတယ်။ ကျွန်တော်တို့တပ်ပေါင်းစုအဖွဲ့တွေက ဗန်းမော်နဲ့ မိုးမောက်ကြားက ငါးမိုင်နဲ့ ခြောက်မိုင်ကြားမှာ ခုခံပြီး တိုက်နေတာမို့ တိုက်ပွဲတွေက နေ့တိုင်းပြန်ဖြစ်နေပါတယ်။ လေယာဥ်လည်း နေ့တိုင်းကို လာနေတာပဲ ” ဟု ကေအိုင်အေစစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။


လက်ရှိအချိန်မှာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသော ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ ခမရ(၄၃၇) တပ်ခစန်းဘက်ကို စစ်ကြောင်းပြန်ထိုးလာသည့်အပြင် ဩဂုတ်လ ၂၃ နေ့ ကစပြီး၊ ဗန်းမော်နှင့် မံစီမြို့နယ်ကြားက ကောင်ဂျာယန်ဘက်ကိုလည်း စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲတွေက နေ့တိုင်းနီးပါး ဖြစ်ပွားလာနေသည့် အခြေအနေဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


စစ်ကောင်စီတပ်က ယခုလို တန်ပြန်ထိုးစစ်ဆင်ရာတွင် မြေပြင်စစ်ကြောင်းသာမက လေကြောင်းပစ်ကူလည်း ပါဝင်သည်ဟု KIOဗဟိုကော်မတီ၏ သတင်းနှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသတွင်းမီဒီယာများကို အခိုင်အမာ အတည်ပြုပြောဆိုထားသည်။ 


ဗိုလ်မှူးကြီးနော်ဘူက “လက်နက်ကြီးမျိုးစုံနဲ့လည်း ပစ်တယ်။ ဒရုန်းကလည်း တခါတက်လာရင် နှစ်စီး ဒါမှမဟုတ် သုံးစီးကနေ လေးငါးစီးထိ တက်လာတယ်ပြောတယ်။ ” ဟု ဆိုသည်။


လက်ရှိ စစ်ကောင်စီ၏ စစ်ကြောင်းပြန်ထိုးလာသော စစ်ကောင်စီတပ်များမှာ အခြေချစစ်ဗျူဟာ (မိုးမိတ်ရွေ့လျားတပ်) များဖြစ်သော ခလရ(၁၂၁) ငအိုး၊ ခမရ (၃၁၉) ဂါးရာယန်၊ ဗန်းမော်၊ ခမရ( ၃၄၈ )မိုးမိတ် နှင့် ခမရ (၄၃၇) မိုးမောက်တို့ ဖြစ်သည်။ 


ဗန်းမော်မြို့ကို အဓိကလုံခြုံရေးယူပေးနိုင်ရန် မိုးမောက်မြို့တွင် ခမရ (၄၃၇)၊ မံစီမြို့တွင် ခြေမြန်တပ်ရင်း (၆၀၁)နှင့် (၃၁၉)တို့ အခြေစိုက်ခဲ့သည်။ ထိုအထဲမှ မိုးမောက်မြို့ရှိ ခမရ (၄၃၇) တပ်ရင်းက ယခုလ ၁၉ ရက်နေ့တွင် အပြီးတိုင် တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားပြီ ဖြစ်သည်။


ဟိန်းထနေသေးသော မြောက်ပိုင်းက စစ်ကောင်စီတပ်များ


ယခု ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စတင်ပြီး တန်ပိုမြင့်စစ်မျက်နှာဖွင့်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် စစ်ဆင်ရေးစသည့်နေ့မှစပြီး တလကျော်ကာလအတွင်း စစ်တပ်၏ ဗျူဟာကျစခန်းများအပါအဝင် ကာကင်းရှေ့တန်းစခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်ဟု ကေအိုင်အေစစ်ရေးရုံး အချက်အလက်များအရ သိရသည်။


သို့သော် ကချင်ဒေသတွင် စစ်ကောင်စီအဖို့ စစ်အင်အားပြည့် လှုပ်ရှားနိုင်သေးသည့် တပ်ရင်းအရန်တပ်များစွာ ရှိနေသေးသည်။ ဤသတင်းဆောင်းပါးပါ အချက်အလက်များသည် မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က မတ်လ ၇ ရက်နေ့မှ လက်ရှိ သြဂုတ်လအထိ အနီးကပ်ဆုံး မြေပြင်ဆင်းအချက်အလက်ကောက်ယူထားသည့် စစ်ရေးအချက်အလက်များပင် ဖြစ်သည်။


အာဏာသိမ်းစစ်ကောင်စီ၏ ကချင်ဒေသမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် အခြေခံအားဖြင့်မူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ အခြေချစစ်ဗျူဟာ (စဗခ)၊ စစ်ဗျူဟာ (စဗဟ) လက်အောက်ခံ တိုင်းတပ်များ၊ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များဟူပြီး ဖြန့်ခွဲထားသည်ဟု မပခစစ်ရေးရုံးအချက်အလက်အရ သိရသည်။


ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ - တနိုင်း)


ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေးအရ အောင်မြင်မှုအနည်းဆုံးဒေသဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကချင်နိုင်ငံရေး သုတေသီများက မှတ်ချက်ပြုထားသည်။


ဗဟိုကော်မတီအုပ်ချုပ်ရေးနှင့် အဝေးဆုံးဒေသဖြစ်သလို ဝေးလံကာ သွားလာရခက်ခဲလွန်းသည့်အတွက် ထောက်ပို့လုပ်ရန် ခက်ခဲတာကြောင့် ကေအိုင်အေအတွက် ခြေကုပ်ရယူထားမှု အားအနည်းဆုံးဖြစ်သည်ဟု သုတေသီများက မှတ်ချက်ပြုထားသည်။


ထိုအချက်များကြောင့် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တနိုင်းပယင်းမှော်တိုက်ပွဲအပြီး စစ်ကောင်စီတပ်က စစ်ရေးအရ အားသားမှုအများဆုံးရသွားခဲ့သည့် နေရာဖြစ်သည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး၏ တခုတည်းသော လုပ်ပိုင်ခွင့်ရှိသော စစ်ဆင်ရေးနယ်မြေဖြစ်သည်။ လက်ရှိအချိန်မှာ ဒကစ - တနိုင်းဒေသရှိ ရှေ့တန်းစစ်ဗျူဟာကျနေရာအချို့ကို ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။


သို့သော် ယင်းဒေသတွင် အဓိကကျသော ခလရ (၈၆)၊ခလရ (၁၂၆ )နန်ယွန်၊ ခလရ (၂၃၈)တနိုင်း၊ ခလရ (၂၉၇) ရှထူးဇွပ်၊ ခလရ (၂၉၈) ဒွမ်ဘန်နှင့် ခမရ (၃၁၈ )တနိုင်း တပ်ရင်းများကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပါ။


မိုးကောင်းအခြေစိုက် အမှတ် (၃) စကခဌာနချုပ်ရွေ့လျားတပ်များနှင့် အမှတ် (၇၀၀၄) သံချပ်ကာတပ်ရင်းက လိုအပ်ရင် လိုအပ်သလို ပစ်ကူစစ်ဆင်ပေးနေသည့် စစ်ဆင်ရေးနယ်မြေတခုလည်း ဖြစ်သည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အရန်စစ်ဗျူဟာ


မဇ္ဓျိမ၏ ကချင်ဒေသအတွင်းက သတင်းရင်းမြစ် အဆိုအရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဗျူဟာ (၃) လက်အောက်ခံတပ်ရင်းများဖြစ်သည့် မြစ်ကြီးနားမြို့ အခြေစိုက် ခလရ (၂၁) မပခ၏ အရန်တပ်ရင်းစခန်းတခု ဖြစ်သည်။ (ယခု အမှတ်( ၄ )အထူးကွန်မန်ဒိုတပ်ရင်းအဖြစ် ပြောင်းလဲထားသည်။ ၎င်းကွန်မန်ဒိုတပ်ရင်းက မပခသို့လာရောက်သည့် စစ်ခေါင်းဆောင်များကို အထူးလုံခြုံရေးရယူပေးသော တပ်ရင်းဖြစ်လာသည်။)


မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၂၉ )တပ်ရင်း


ယခင်တပ်ရင်းက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းက လက်ရှိ မြစ်ကြီးနားအကျဥ်းထောင်ဘေးရှိ အမှတ် (၃၀) ရဲတပ်ရင်းဖြစ်သည်။ ထိုမှတဆင့် KIAတပ်ရင်း (၁၁) သို့သွားသည့် ပလန - အင်ခိုင်ဘွမ်းတောင်လမ်းမပေါ်သို့ ပြောင်းရွေ့ထားသည်။


မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၃၇ )တပ်ရင်း


မပခ၏ နောက်ထပ် အရန်တပ်ရင်းဖြစ်သလို၊ မြစ်ကြီးနားမြို့၏ မြို့စောင့်တပ်လည်း ဖြစ်သည်။ (ယခင် ခေါင်ဖူး - တာလောကြီးရှိ ဌာနေရှမ်းပြည်သူ့စစ်အဖွဲ့ကို မွေးထုတ်ပေးခဲ့သည့် တပ်ရင်းဖြစ်သည်။ လက်ရှိ မြစ်ဆုံရွာဟောင်းအဝင်မှာ အထိုင်ချကာ မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းကို အထူးလုံခြုံရေး ရယူပေးထားသည့် တပ်ရင်းဖြစ်သည်။


ဝိုင်းမော်မြို့အခြေစိုက် ခလရ (၅၈) တပ်ရင်း


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီမြစ်တဖက် ကမ်းအကွာမှာ တည်ရှိပေမယ့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အရန်တပ်ရင်းအဖြစ် ထည့်သွင်းထားသည်ကို စစ်ရေးအချက်အလက်အရသိရသည်။ ခလရ(၅၈)တပ်သည် ဝိုင်းမော်မြို့စောင့်တပ် ဖြစ်နေသည်။ ထို့ကြောင့် လက်ရှိ KIAနှင့် တော်လှန်ရေးအင် အားစုများ ခလရ (၅၈) အနီး ထိုးစစ်ဆင်လာသည့်အတွက် မပခလက်အောက်ခံ လက်နက်ကြီးအမြောက်တပ်က နေ့တိုင်းညတိုင်းလိုလို ပစ်ခတ်ပေးနေခြင်း ဖြစ်သည်။

( ယခင်က ဝိုင်းမော် - ကန်ပိုက်တီလမ်းပိုင်းကို နယ်ခြားစောင့်တပ်နှင့်ပူးပေါင်းကာ နယ်မြေလုံခြုံရေးရယူထားသော တပ်ရင်းဖြစ်သည်။သို့သော် ယခုက မြစ်ဆုံရွာဟောင်းမှ တီယန်ဇွပ်ဗျူဟာတပ်ရင်းနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ရသော တပ်ရင်းဖြစ်သလို၊ ဝိုင်းမော်ဌာနေအခြေပြု လီဆူပြည်သူ့စစ် [ဦးရွှေမင်းခေါင်းဆောင်]အဖွဲ့ကို မွေးထုတ်ကာ အဓိကစစ်လက်နက်နှင့် ထိန်းချုပ်ထားသော တပ်ရင်းဖြစ်သည်။ )


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ကချင်ဒေသတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ရေးဌာနချုပ် နယ်မြေနှစ်ခုက ကျန်ရှိနေသေးသည်။


အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (မိုးကောင်း)

၁။ ခမရ (၃၈၁) နမ္မတီး

၂။ ခမရ (၃၈၂) နမ္မတီး

၃။ ခမရ (၃၈၃) ကညှင်မြိုင်

၄။ ခမရ (၃၈၄) ပြွန်သုံးလုံး

၅။ ခမရ (၃၈၅) နန်းမား

၆။ ခမရ (၃၈၆) နန်းမား

၇။ ခလရ (၄၀ )ဟိုပင်

၈။ ခမရ (၃၈၈) ဟိုပင်

၉။ ခမရ (၃၈၉) ဟိုပင်

၁၀။ ခမရ (၃၉၀) နမ္မတီး

၁၁။ ခမရ (၁၂၀) နန့်ယား

လက်ရှိမှာ စကခ (၃) ၏ လှုပ်ရှားတပ်များမှ ကေအိုင်အေက ခမရ (၁၂၀) ဖားကန့်နန့်ယားအခြေစိုက်တပ်ရင်းတခုတည်းကိုသာ ထိုးစစ်ဆင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားနိုင်သေးသည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အဖြစ်တည်ရှိပေမယ့် အထက်ပါခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းများက စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်မဌာနချုပ် တပ်မ (၃၃) ၏ လက်အောက်ခံတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။


အမှတ် (၂၁ )စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (ဗန်းမော်)

၁။ ခလရ (၄၇)ဗန်းမော်

၂။ ခလရ (၅၆) ရွှေကူ

၃။ ခလရ (၂၂၃) မိုးမိတ်

၄။ ခလရ (၂၃၇) ဗန်းမော် ဝက်ကုန်း

၅။ ခလရ (၂၇၆) မိုးမိတ်

၆။ ခမရ (၆၀၁) မံစီ

၇။ ခမရ(၆၀၂ )ရွှေကူ


လက်ရှိ စစ်ရေးအပြင်းထန်ဆုံး စစ်မျက်နှာ တခုဖြစ်သည်။ ဗန်းမော်မြို့အခြေစိုက် စကခ (၂၁) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်အဖြစ်တည်ရှိပေမယ့် အထက်ပါခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းများက တပ်မ (၈၈) ၏ လက် အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။


သို့သော် လက်ရှိ ပြင်းထန်နေသော တိုက်ပွဲစစ်မျက်နှာအတွင်း လုံးဝဝင်ရောက်ခြင်းမရှိသေးသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ကြီးတခု ကချင်ဒေသတွင်းမှာ စစ်ကောင်စီအတွက် ရှိနေသေးသည်။


အမြောက်စစ်ဆင်ရေးဌာနချုပ်


အာဏာသိမ်းစစ်ကောင်စီ၏ အမှတ် (၉၀၄) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အခြေစိုက်ပြီး လက်အောက်ခံ အမြောက်တပ်ရင်း (၁၂)ရင်း ရှိသည်။ လက်အောက်ခံ အမြောက်တပ်ရင်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကချင် - စစ်ကိုင်းအစပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း ဖြန့်ခွဲထားရှိသည်။ သို့သော် တပ်ရင်း အများစုက ကချင်ဒေသတွင်သာ ရှိသည်ကို စုံစမ်းသိရှိရသည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မော်ဖောင်းကျေး ရွာတွင် အမှတ် (၃၆၄) အမြောက်တပ်ရင်း၊ မြစ်ကြီးနားမြို့အထွက် (ဒေသအခေါ် ၁၈ မိုင်) ဂတ်ရှန်ယန်ရွာတွင် အမှတ် (၇၀၀၄) သံချပ်ကာတပ်ရင်း ရှိသည်။


မိုးညှင်းမြို့


အမြောက်စစ်ဆင်ရေးဌာနချုပ်ရှိရာ မြို့ဖြစ်သလို၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိသည့် လက်နက်ကြီးတပ်ဖြစ်သောကြောင့် အမြောက်တပ်ရင်း အများစု တည်ရှိထားသည်။


၁။ အမှတ် (၂၀၈) အမြောက်တပ်ရင်း ( မိုးညှင်းမြို့အထွက် နမ့်ပုတ်ကျေးရွာ)

၂။ (၄၀၈) အမြောက်တပ်ရင်း (မိုးညှင်းမြို့အထွက် နမ့်ပုတ်ကျေးရွာ)

၃။ (၃၆၇) အမြောက်တပ်ရင်း ( ၁၀ မိုင်ရွာတွင် ရှိ)

၄။ အမှတ်( ၇၀၀၅ )သံချပ်ကာတပ်ရင်း (၁၀မိုင်)

၅။ (၁၈) အမြောက်တပ်ရင်း (နန်းမား)


မိုးကောင်းမြို့ (အမှတ် - ၃ စကခနယ်မြေ)

၁။ (၃၇၂) အမြောက်တပ်ရင်း (မရန်းကျေးရွာ)


ဗန်းမော်မြို့ (အမှတ် - ၂၁ စကခနယ်မြေ)

၁။ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း

လက်ရှိ KIAနှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသော ဗန်းမော်စစ်မျက်နှာတွင် KIAက အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းမှ တင့်ကာ သုံးစီးခန့်ကို ဖျက်ဆီးထားပြီး၊ တစီးကို တိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်သည်။


လေကြောင်းရန်ကာကွယ်ရေး


ကချင်ဒေသ၏ စစ်မျက်နှာတခွင်ကို လေကြောင်း တိုက်ခိုက်မှုကို အများဆုံးလုပ်နေသော စစ်ကောင်စီအဖို့ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက စစ်ဗျူဟာအရ အခရာကျနေပြန်သည်။


၎င်းတပ်စခန်းက မိုးညှင်းမြို့နယ် ဘီလူးမြို့၊ အုန်းစံဆိုင်းကျေးရွာ (ဒေသအခေါ် အင်းတော်ကြီး ကပ်ကျော်လမ်း)အနီးမှာရှိသည့် လေကြောင်းရန် (ရေဒါစခန်း) ကာကွယ်ရေးတပ်စခန်းဖြစ်သောကြောင့် ၎င်းတပ်စခန်းကို ကချင်ဒေသက စစ်ကောင်စီ၏ စစ်သင်တန်းကျောင်းရွေ့လျားတပ်ဖွဲ့ဝင်များက သီးသန့် စောင့်ကြပ်လျက်ရှိသည်။


နယ်ခြားစောင့်တပ်များ


၂၀၀၉ ခုနှစ် နောင်းပိုင်း ယခင်စစ်အစိုးရနှင့် သဘောတူညီစွာ အသွင်ကူးပြောင်းခဲ့ကြသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။ ကချင်ဒေသတွင်းမှာ နယ်ခြားစောင့်တပ် သုံးခုရှိပြီး၊ ၎င်းနယ်ခြားစောင့်တပ်များက ယခင် KIAတပ်ဖွဲ့များမှ ခွဲထွက်ခဲ့သူများသာ ဖြစ်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် ကချင်ဒေသတွင်း စစ်မျက်နှာ၏ ထူးခြားမှုတခုမှာ နယ်ခြားစောင့်တပ်သုံးခုစလုံးမှ စစ်ကောင်စီဘက်ကနေ ကျည်တချက်မှ မဖောက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မဟာမိတ်အဖြစ် ပြည်သူ့စစ်တပ်ဖွဲ့များလည်း ကချင်ပြည်နယ်မှာရှိနေပြီး၊ စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ပေးမှုကို တွေ့မြင်ခဲ့ကြရပြီဖြစ် သည်။


၁။ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်

၂။ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်

၃။ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်


ဒီ နယ်ခြားစောင့်တပ် သုံးခုစလုံးက ကချင်တောင်တန်း ဒေသများဖြစ်သည့် ဆော့လော် ၊ ပန်ဝါနှင့် ကန်ပိုက်တီ (ဝေမိုး)တို့တွင် တည်ရှိသည်။


မတ် ၇ ရက်နေ့ကတည်းက KIA နှင့် စစ်ကောင်စီတပ်တို့အကြားက စစ်မျက်နှာပြင်ထန်းခဲ့ကြသည့် က ချင်စစ်မျက်နှာက ဆက်ပြီးပြင်းထန်နေဦးမှာဖြစ်သည် ဟု ကချင်နိုင်ငံရေးသုတေသီများက မှတ်ချက်ပြုထားကြသည်။ 


Crd.Mazzima news

2 comments:

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...