Saturday 3 August 2024

လားရှိုးပြီးရင် ဘာလာမလဲ


 လားရှိုးပြီးရင် ဘာလာမလဲ

………………………….

လားရှိုးမြို့သိမ်းတိုက်ပွဲက မကြာခင်လုံးဝ ပြီးသွားတော့မှာပါ။ စခန်းအားလုံးရဲ့ ဆယ်ပုံ ကိုးပုံလောက်သိမ်းထားပြီဆိုမှတော့ လက်ကျန်စကစတွေလဲ မကြာခင် အလံဖြူထောင်လာပါလိမ့်မယ်။ တော်လှန်ရေးအင်အားစုများ စဥ်းစားတွက်ဆနေတာကတော့ လားရှိုးပြီးရင် ဘယ်မြို့သိမ်းမလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်နယ်ဝန်းအရပြောရင် မေမြို့ နဲ့ မန္တလေးပဲဖြစ်မှာပါ။ ဒါပေမယ့် ဒီတလောထူးခြားတဲ့ ဖြစ်ရပ်တချို့ရှိလာပါတယ်။ အဲဒါတွေကတော့ လားရှိုးမြို့ထဲကို UWSA တပ်တချို့ဝင်လာတဲ့ကိစ္စပါ။ နောက် ကိုးကန့်တပ်က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအတိုင်းလိုက်နာမယ်လို့ စာထုတ်ပါတယ်။ ထုံးစံအတိုင်း အကြောင်းပြချက်တွေကတော့ ရှိပါတယ်။ ဒါပေမယ့် နောက်ကွယ်ကအကြောင်းရင်းက ဘာလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းမှာပါ။ ယေဘူယျအားဖြင့်ဆိုရင်တော့ ကိုးကန့် ၊ဝ လှုပ်ရှားမှုအားလုံးဟာ နောက်ကွယ်က လက်မဲတွေရှိနေတတ်တာပါပဲ။ တဘက်မှာလဲ (၃၀) ရက်နေ့ကပဲ အမေရိကန်လွှတ်တော် ဝါရင့် အမတ် မစ်ချ်မက်ကော်နဲ နဲ့ ဒီမိုကရက်အမတ်အချို့က US အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနကို စာပို့ တောင်းဆိုခဲ့တာတွေ့ရပါတယ်။ အကြောင်းကတော့ အစိုးရအနေနဲ့ လွှတ်တော်ကခွင့်ပြုထားပြီးဖြစ်တဲ့ NDAA ဥပဒေပါအချက်တွေကို အကောင်ထည်ဖော်မှာ မလုံလောက်တာ ပျက်ကွက်နေတာတွေကိုထောက်ပြတာပါ။ Non-lethal ဆိုတာကို အဓိပ္ပာယ်ကျဥ်းမြောင်းစွာဖွင့်ဆိုနေတာလို့ဆိုတာပါ။ ခုချိန်မှာ ဒရုန်းကာကွယ်ရေးစနစ်တွေ၊ ကျည်ကာတွေ ၊ ဆေးဝါးတွေစသဖြင့်ပေးလို့ရတာတွေ ပေးဖို့တိုက်တွန်းထားတာပါ။ အမေရိကန်နိုင်ငံရေးအဖို့ပြောရင်တော့ ဒါက ဖိအားတခုပေးတာပါပဲ။

 

       ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနကလုပ်မလုပ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ သူတို့တောင်းဆိုတဲ့အတိုင်းလုပ်ခဲ့ရင်တောင် အခြေအနေတွေက အတော်လွန် သွားနေပါပြီ။ ဒါတွေမရရင်တောင် ရှေ့ဆက်သွားကြတော့မယ့် အခြေအနေပါ။ မသွားလို့လဲမရပါဘူး။ စစ်ဆိုတာ ဘောလုံးကန်တာမဟုတ်။ လက်ဝှေ့ထိုးတာမဟုတ်တဲ့အတွက် အရှိန်နဲ့ ဆက်တွန်းမှရမှာပါ။ ဒုတိ ယ ကမ္ဘာစစ်အတွင်း မြန်မာပြည်သိမ်းတိုက်ပွဲ အတွေ့ အကြုံတွေအရဆိုရင်တော့ လားရှိုးကိုရပြီးနောက် မဟာမိတ်တပ်တွေဟာ ကြီးကြီးမားမားတိုက်ပွဲမရှိဘဲ ရှမ်းပြည်တောင်ပိုင်း လွယ်လင်အထိရောက်သွားတာဖြစ်တယ်။ မြစ်ကြီးနားကိုရပြီးချိန်မှာတော့ မာရီးစ်မရောက်ဒါးစ် တပ်ဖွဲ့တွေက မန္တလေးကို ဆင်းလာပြီးဝိုင်းတာဖြစ်တယ်။ တချိန်ထဲမှာပဲ ဗိုလ်ချုပ်ဆလင်းရဲ့ အမှတ် (၁၄) တပ်မကြီးက ကဘော်ချိုင့်ဝှမ်းကနေ ရက် (၃၀) အတွင်း ပခုက္ကူ ပုဂံညောင်ဦးအထိ ခရီးပြင်းနှင်လာပြီး မိထ္ထီလာကို တိုက်တာဖြစ်တယ်။ မရောက်ဒါးစ်တပ်တွေက မိထ္ထီလာတိုက်ပွဲကို အထောက်အကူရအောင် မန္တလေးကို အရောင်ပြတိုက်ပေးတာပါ။ နောက်တပ်မတခုက ဧရာဝတီမြစ်ရိုးအတိုင်းဆင်းပြီး အနောက်ဘက် ရခိုင်စစ်မျက်နှာက ဆုတ်လာတဲ့ ဂျပန်တပ်တွေ ရန်ကုန်အထိဆင်းမယ့် ဆလင်းရဲ့တပ်တွေကို မနှောက်ယှက်နိုင်အောင် ကာထားပေးတာပါ။ မန္တလေးတိုက်ပွဲမှာတော့ ဟိုခေတ်ကလဲ ဂျပန်တပ်က မန္တလေးတောင်ပေါ်ကနေ ခံတာပါပဲ။ မိထ္ထီလာတိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့ဆိုပါတယ်။ ဒီတိုက်ပွဲနှစ်ခုမှာ ဂျပန်တွေ သောင်းဂဏန်းတချို့ကျဆုံးတာဖြစ်သလို မဟာမိတ်ဘက်ကလဲ အတော်အနစ်နာခံတိုက်ခဲ့ရတာဖြစ်တယ်။ မိတ္ထီလာကျပြီးနောက် တကွဲတပြားဖြစ်နေတဲ့ ဂျပန်တပ်တွေဟာ ရန်ကုန်ကိုသိမ်းပိုက်မယ့် ဗိုလ်ချုပ်ဆလင်းရဲ့တပ်ကို ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဥ်းမနား၊ လယ်ဝေး၊ တောင်ငူ၊ ဖြူး၊ ပျဥ်ပုံကြီး၊ ပဲခူး စသဖြင့် မြို့အသီးသီးကနေ တနေရာပြီးတနေရာ တယောက်မကျန်အသေခံတိုက်နေလို့ ရန်ကုန်ကို မူလသတ်မှတ်တဲ့ မေလ ၁ ရက်နေ့မှာမသိမ်းနိုင်ခဲ့ပါဘူး။ ရေလမ်းက ချီလာတဲ့ တပ်မ(၁၅) က မေလ ၃ ရက်နေ့မှာ ရန်ကုန်ကိုဦးအောင်ရောက်ခဲ့တာဖြစ်တယ်၊ ရန်ကုန်ဟာ ၃နှစ် နဲ့ ၂လ ကြာ ဂျပန်လက်အောက် ကျရောက်ခဲ့ပြီး သေနတ်တချက်မဖောက်ရပဲ ပြန်လည်ရရှိခဲ့တာပါ။


        အဲဒီတုန်းက အခြေအနေနဲ့ အခုကတော့ မတူပါဘူး။ ဒါပေမယ့် ပထဝီအနေအထားကတော့အတူတူပါပဲ။ အဲ့တုန်းက အင်္ဂလိပ်တပ်က မြန်မာမြောက်ဖျားကနေဆင်းလာရတာဖြစ်တယ်။ အခုကတော့ သက်ဆိုင်ရာ နေရာအနှံ့မှာ PDF တပ်တွေက အသင့် ရှိနေပြီးသားပါ။ နောက်ပြီး စကစတပ်တွေက ဂျပန်တပ်လို အသည်းမာနေတာမဟုတ်ပါဘူး။ အချိန်မရွေး အလံဖြူထောင်နိုင်တဲ့အနေအထားပါ။ ဗိုလ်ချုပ်ဆလင်းတပ်တွေ ရန်ကုန်ကို ခက်ခက်ခဲခဲချီတက်ရသလို ဖြစ်မှာလဲမဟုတ်ပါဘူး။ နပတ ကျရင် ဇာတ်လမ်းကပြတ်ပါပြီ။ နပတကိုလဲ မိတ္ထီလာဖြတ်မှ ဝင်လို့ရတာမဟုတ်ပါဘူး။ အရှေ့ဘက်ကရော တောင်ဘက်ကရော ဝင်လို့ရပါတယ်။ နပတကျပီးရင် ရန်ကုန် နဲ့ ဧရာဝတီတိုင်းကို တောင်ပိုင်း PDF တွေနဲ့ တိုင်းရင်းသားတပ်များက တာဝန်ယူ ဖြေရှင်းရုံပါပဲ။ ဒီ ခုခံစစ်က ပြည်သူတရပ်လုံးပါဝင်နေတဲ့အတွက် အလိုအလျောက်ကွက်ပြည့် နင်းထားပြီးသားဖြစ်နေတာပါ။ ရခိုင်မှာ အာရက္ခတပ်တော် အောင်ပွဲခံနေပြီဖြစ်တဲ့အတွက် အနောက်ဖက်ခြမ်းကလဲ စိတ်ပူစရာမလိုပါဘူး။ နပတကို ဝိုင်းနိုင်ပြီဆိုတာနဲ့ ချင်း၊ ကချင်ပြည်နယ်တွေက အလိုအလျောက် တိုင်ရင်းသားတပ်တွေထံ အလံဖြူထောင်ကြရတော့မှာပါ။ မြေပြန့်တိုက်ပွဲတွေမှာ လေကြောင်း နဲ့ တင့်ကားတွေက ပိုအသုံးဝင်လာနိုင်တဲ့အတွက် ဒီတချက်ပဲ သတိထားရမှာပါ။


           ဒီအခြေအနေမှာ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲဖြစ်ဖြစ် စေ့စပ်ပြေငြိမ်းတဲ့ လမ်းကြောင်းနဲ့ပဲသွားလို့ရမယ်လို့ထင်သူများရှိရင် မအလကိုပဲအရင်နားချကြပါ။ စစ်ဘောင်ကျယ်တာ ကျဥ်းတာတွေအားလုံးက မအလနဲ့ပဲ ဆိုင်ပါတယ်။ ကမ္ဘာမှာ တိုက်ယူခဲ့ရတဲ့ငြိမ်းချမ်းရေးတွေ အများအပြားရှိခဲ့တာလဲ သတိရကြပါ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာလဲ ရှေ့နောက်အစဥ်လိုက်ဖြစ်ရမယ်လို့ ပုံသေကားကျ မယူဆကြပါနဲ့။ တော်လှန်တဲ့ စိတ်ရှိရင်၊ အနာဂါတ်ကိုယုံကြည်ရင်၊ အချင်းချင်းယုံကြည်ကြရင် ဘယ်လိုပုံစံမျိုးနဲ့မဆို ဖြတ်ကျော်လို့ရတာဖြစ်တယ်။ အရှေ့ရော၊အနောက်ရော အင်အားကြီးများကို သဘောပေါက်အောင်ပြောဖို့ ပါးနပ်စွာဆက်ဆံဖို့ကတော့ မိမိတို့ရဲ့ အရေးကြီးတာဝန်လို့မှတ်ယူရမယ့်ကာလပါပဲ။ တခုခုကိုမမှီပဲ မိမိဖာသာအခက်အခဲတွေကို ကျော်နင်းနိုင်တဲ့ စိတ်ဓာတ်ရှိပြီးသားဖြစ်တဲ့အတွက် အောင်ပွဲရမယ်ဆိုတာ ယုံကြည်ထားနိုင်တဲ့ ကာလဖြစ်ပဲပါတယ်။ ။


လက်ရှိစစ်ရေးအ‌ခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...