Saturday, 11 January 2025

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း


 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း


People's Spring 


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူးဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေကလည်း KIA အပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ 


စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်တွေက KIA အပေါ် ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းကနေ ၂၀၂၅ ဇန်နဝါရီလဆန်းအထိ လေးလအတွင်းဝါဒဖြန့်မှုတွေကိုလေ့လာတဲ့အခါမှာ KIA ရဲ့နောက်မှာ CIA နဲ့အမေရိကန်ရှိတယ်၊ KIA က ကချင်ပြည်နယ်က လူနည်းစု မျိုးနွယ်တွေရဲ့ဒေသကို ကျူးကျော်ဖိနှိပ်နေတယ်၊ KIA က ကချင်ပြည်နယ်က တရုတ်နိုင်ငံသားတွေကိုဖမ်းဆီး နှင်ထုတ်သတ်ဖြတ်နေတယ်၊ KIA နဲ့ အခြားတော်လှန်ရေးတပ်တွေ ပြဿနာတက်နေတယ်၊ KIA က ဗမာတိုင်းရင်းသားနဲ့ PDFတွေကိုဖိနှိပ်နေတယ်၊ ကလေးစစ်သားတွေ အဓမ္မစုဆောင်းနေတယ်၊ KIA စစ်ရှုံးနေတယ် စတဲ့အကြောင်းအရာတွေကို အဓိကဝါဒဖြန့်ချိခဲ့ပါတယ် ။


စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်တွေက KIO/KIA နဲ့ပတ်သက်ပြီး သတင်းအမှားဖြန့်ချိ ဝါဒဖြန့်တာတွေထဲက အဓိက အကြောင်းအရာ သုံးခုကို လေ့လာကြည့်ရအောင်။


■ KIA ရဲ့ နောက်မှာ CIA ရှိတယ်လို့ဝါဒဖြန့်


KIO/KIA ရဲ့နောက်ကွယ်မှာ CIA ရှိတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုဟာ အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အရင်ကထက်ပိုပြီး အကြိမ်ရေများများဝါဒဖြန့်ခဲ့ကြပါတယ်။


စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်ဖြစ်တဲ Kyaw Swar က အောက်တိုဘာလ ၉ ရက်နေ့မှာ KIA ဟာ CIA နောက်ခံ နဲ့ တရုတ်ကို ဆန့်ကျင်နေတယ်လို့ စတင်ဝါဒဖြန့်ပါတယ်။


တရုတ်ရဲ့သတိပေးချက်တွေကို ဂရုမစိုက်ဘဲ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းကမြို့တွေကို KIA က ဆက်လက်တိုက်ခိုက်နေပြီး ဒါဟာ တရုတ်ရဲ့ သဘောထားကို ဆန့်ကျင်တာလို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က သွေးထိုးပါတယ်။


 ကချင်ပြည်နယ်ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်တာနဲ့ စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့တွေကို KIA က တိုက်ယူထားတယ်လို့ ဆိုပါတယ်။


တရုတ်ကို KIA က ဆန့်ကျင်ရဲတာက CIA နောက်ခံရှိတာကြောင့်ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်းက ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုဆီသွားရောက်ပြီး CIA နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ်က ဝါဒဖြန့်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကသွားရောက်ခဲ့တယ်ဆိုတာမ ဖော်ပြထားပါဘူး။


KIA ဟာ ဌာနချုပ် လိုင်ဇာမြို့မှာလည်း အမေရိကန် ကျောထောက်နောက်ခံ NUG အစိုးရကို ရုံးဖွင့်လှစ်ပေးထားတယ်လို့လည်း ဆိုပါသေးတယ်။ ဒါကြောင့် KIA ကို အကြမ်ဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ စစ်တပ်ဝါဒဖြန့် ချန်နယ်က လှုံ့ဆော်ထားပါတယ် ။အဲဒီ ဝါဒဖြန့်ချိမှုကို လူပေါင်း ၄၈,၀၀၀ ကျော်က မြင်တွေ့ခဲ့ပါတယ် ။


Kyaw Swar- https://[t].me/kyawswar49111/17352 (Views 48.1K)


KIA လိုပဲ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ CIA နောက်ခံနဲ့ တရုတ်ကို ကြောက်ချင်ယောင်ဆောင်ပြီး တရုတ်ကို အာခံနေတာလို့လည်းဝါဒဖြန့်ခဲ့ကြပါသေးတယ်။ ဒါကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက MNDAA ဆိုရင် CIA နဲ့မပတ်သက်ကြောင်း ကြေညာချက်တွေထုတ်ရှင်းခဲ့ရပါတယ်။


ဒါအပြင် Kyaw Swar တယ်လီဂရန် ချန်နယ်ကပဲ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရုံးကို ဌာနချုပ် လိုင်ဇာမှာ ဖွင့်ခွင့်ပေးထားပြီး CIA ရဲ့ အထောက်အပံ့ကို NUG ဆီကတဆင့် လက်ခံရယူနေတယ်လို့ အောက်တိုဘာလ ၂၀ ရက်မှာ ထပ်မံဝါဒဝါဒဖြန့်ပါတယ်။


Kyaw Swar - https://[t].me/kyawswar49111/17352 (Views 48.2K)


စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက KIO/KIA ဟာ NUG ကတဆင့် CIA ဆီက ငွေကြေးအထောက်အပံ့ရယူနေတာလို့ စွပ်စွဲထားပါတယ် ။ အဲဒီ ဝါဒဖြန့်ချိမှုကို လူပေါင်း ၄၈,၀၀၀ ကျော်ကမြင်တွေ့ခဲ့ပါတယ်။


ဒ့ါအပြင် ဒီဇင်ဘာ ၁၀ ရက်မှာလည်း KIO/KIA ထံ CIA ရဲ့ထောက်ပံ့ ပေးမှုတွေက စိုးရိမ်ရေမှတ်ရောက်လာတာကြောင့် တရုတ်အစိုးရက KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ခေါ်ယူတွေ့ဆုံတာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေကြပြန်ပါတယ်။


KIO ဥက္ကဋ္ဌကို တရုတ်က ခေါ်ယူတွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက “အင်ဘန်လှ တရုတ်ခရီးစဉ် နောက်ကွယ်ကအကြောင်းတရား” ဆိုတဲ့ခေါင်းစဉ်နဲ့ အချိန်ကိုက်ဝါဒဖြန့်ချိ ခဲ့ကြတာပါ။


အဲဒီ ဖြန့်ချိမှုမှာ KIA ဟာ တရုတ်ကို ပေါ်တင် အာမခံရဲပေမယ့် အမေရိကန်ရဲ့အရှိန်အဝါကြောင့် တရုတ် သြဇာကို အပြည့်အဝ မနာခံတဲ့ အဖွဲ့ဖြစ်တယ်လို့ စွပ်စွံထားပါတယ်။


အထူးသဖြင့် တရုတ်သြဇာမခံတဲ့ KIA ကို CIA ရဲ့ ငွေကြေးနဲ့ နည်းပညာထောက်ပံ့ပေးမှုတွေက တရုတ် အတွက် စိုးရိမ်ရေမှတ်ကိုရောက်လာတာကြောင့် KIOဥက္ကဋ္ဌ ကို တရုတ်က ခေါ်တွေ့တာလို့ ဝါဒဖြန့် ထားပါတယ်။ အဆိုပါဝါဒဖြန့်ချိမှုကို အောက်ပါတယ်လီဂရန်ချန်နယ်တွေက ဖြန့်ချိခဲ့ကြတာပါ ။


ခင်ညိုချော - https://[t].me/khinnyochaw8888/2298 (Views 58.0K)


Ko Thet - https://[t].me/kothetjournalist9000/75345 (View 30.6K)


ကိုနှင်းမောင် - https://[t].me/kohninmg777/15689 (Views 8.8K)


မြစ်ဆုံသတင်းဌာန - https://[t].me/myitsone1990/4813 (Views 3.3K)


▪︎ အချက်အလက်စစ်ဆေးမှု 


တရုတ်အစိုးရက တွေ့ဆုံဖို့ ဖိတ်ခေါ်တာကြောင့် KIO/KIAဥ က္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်က တရုတ်နိုင်ငံဆီ ထွက်ခွာသွားတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက မြစ်ကြီးနား သတင်းဂျာနယ်ကို အတည်ပြုထားပါတယ်။


ဒါပေမယ့် တွေ့ဆုံမယ့် နေရာ၊ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ မသိရဘူးလို့ ဗိုလ်မှုးကြီးနော်ဘူက ပြောထားပါတယ်။


Myitkyina News Journal-

https://www.facebook.com/photo/?fbid=604619382245059&set=pb.100080910062501.-2207520000


တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်အရာရှိ ဝူကန်နဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပေကျင်းမြို့မှာ ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဒီဇင်ဘာလ ၁၁ ရက်မှာ ရေးသားပါတယ်။


တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့တဲ့ ရက်ကို မဖော်ပြပေမယ့် ဆွေးနွေးပွဲကို KIO ဘက်ကဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ အထွေထွေအုပ်ချုပ်ရေးဌာန အတွင်းရေးမှုး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော် ၊ ဗိုလ်မှုးကြီး ခွန်နောင်တို့ တက်ရောက်တယ်လို့ဖော်ပြပါတယ်။


ဆွေးနွေးတဲ့အကြောင်းအရာကိုမသိရပေမယ့် မြေရှားသတ္တုနဲ့ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိတယ်လို့ ဧရာဝတီက ရေးသားပါတယ်။ KIA ဟာ မြေရှားသတ္တုထွက်ရှိရာ ကချင်အထူးဒေသ (၁) နယ်မြေတွေ ဖြစ်တဲ့ ချီဖွေမြို့၊ ဆော့လော်မြို့၊ ဖီမော်မြို့ ၊ ပန်ဝါမြို့တို့ကို သိမ်းယူထားပါတယ်။


The Irrawaddy News -

https://www.facebook.com/theirrawaddyburmese/posts/1003169061856281


အခုလို တရုတ်က KIO ခေါင်းဆောင်ပိုင်းကိုတွေ့ဆုံဖို့ ဖိတ်ခေါ် ချိန်ဟာ ကချင်ပြည်နယ်ဒုတိယမြို့တော် ဗန်းမော်မြို့ကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။


ဗိုလ်ချုပ် ဂွန်မော်ဟာ အမေရိကန်ကိုသွားရောက်ပြီး CIA နဲ့တွေ့ဆုံတယ်လို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်ချိပေမယ့် ဗိုလ်ချုပ် ဂွန်မော် အမေရိကန်ကိုသွားတာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၄ ဧပြီလက သွားခဲ့တာ ဖြစ်ပါတယ် ။ ၁၂ ရက်ကြာခရီးစဥ် မှာ မြန်မာနိုင်ငံနဲ့ ကချင်တိုင်းရင်းသားအရေးတွေအပေါ် စိတ်ဝင်စားမှု မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဗိုလ်ချုပ် ဂွန်မော်ကပြောခဲ့ပါတယ် ။


https://www.rfa.org/english/news/myanmar/gun-maw-04142014174506.html


အလားတူ KIA က NUG ကတဆင့် CIA ရဲ့ထောက်ပံ့မှုတွေရတယ်ဆိုတာကလည်း သတင်းမှားဖြစ်ပါတယ် ။ အမေရိကန်ရဲ့ ၂၀၂၃ NDAA ထဲမှာပါဝင်တဲ့ Burma Act အရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ နှစ်စဥ်ဒေါ်လာ ၁၂၁ သန်းလျာထားပေမယ့် ဒီငွေတွေဘယ်လိုသုံးစွဲရမယ်ဆိုတာ ကန့်သတ်ချက်အတိအကျရှိပြီးသားဖြစ်ပါတယ် ။ 


ထိုင်းနဲ့အိန္ဒိယနိုင်ငံတွေ အပါအဝင် ဒုက္ခသည် ထောက်ပံ့ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၇၅ သန်း အသုံးပြုရမှာဖြစ်ပါတယ်။ NUG ၊ PDF တွေနဲ့ပတ်သက်တဲ့အကူအညီ ဒေါ်လာ ၂၅ သန်းရည်ရွယ်တယ်ဆိုပေမယ့် ဒီငွေဟာလည်း နည်းပညာဆိုင်ရာ ပံ့ပိုးမှုနဲ့ လက်နက်မဟုတ်တဲ့ အကူအညီပဲဖြစ်ရမယ်လို့ သတ်မှတ်ထားတာပါ။ ကျန်တဲ့ငွေတွေကိုလည်း အုပ်ချုပ်ရေးအစီအစဉ်တွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ မှတ်တမ်းမှတ်ရာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ရိုဟင်ဂျာတွေ နဲ့ စစ်တပ်မှ ထွက်လာပြီး ပြည်သူတွေနဲ့ပူးပေါင်းသူတွေကို အကူအညီပေးဖို့ဆိုပြီး သတ်မှတ်ထားတယ်လို့ VOA မှာဖော်ပြထားပါတယ် ။


https://www.voanews.com/a/myanmar-junta-slams-us-aid-plan/7581977.html


■ ကချင်မျိုးနွယ်စုနယ်မြေတွေကို KIA ဂျိန်းဖောအုပ်စု နယ်မြေချဲ့ထွင်နေတယ်လို့ ဝါဒဖြန့်


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို ကြီးစိုးထားတဲ့ ဂျိန်းဖောမျိုးနွယ်စုက အခြားသော ကချင်ပြည်နယ်နေ လူနည်းစု တိုင်းရင်းသားရဲ့ နယ်မြေတွေကို သိမ်းယူပြီး နယ်မြေ ချဲ့ထွင် နေပြီလို့စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ် Kyaw Swar က နိုဝင်ဘာလ ၂ ရက်မှာ စတင်ဖြန့်ဝေပါတယ်။


စစ်တပ်လက်အောက်ခံ ဦးဇခုန့်တိန့်ယိန်းရဲ့ ပြည်သူစစ်ဌာနချုပ် ပန်ဝါမြို့အပါအဝင် ကချင်အထူးဒေသ(၁) က ချီဖွေ ၊ ဆော့လော် ၊ ဆဒုံး ၊ ဖီမော် ၊ ကန်ဖန့် ၊ ပန်ဝါ ဒေသတွေကို KIA က ဆက်တိုက် သိမ်းပိုက်လာချိန်မှာ စစ်တပ်ဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေခဲ့တာပါ။


လောဝေါ် နဲ့ လာချိတ် မျိုးနွယ်စုတွေ နေထိုင်ရာ တရုတ် - မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA ကသိမ်းယူလိုက်သလို ရဝမ် မျိုးနွယ်စုတွေ နေထိုင်ရာ နယ်မြေတွေကိုလည်း ဆက်တိုက်သိမ်းယူလိမ့်မယ်လို့ လှုံ့ဆော်ပါတယ်။


ကချင်အထူးဒေသ(၁) ကိုရပြီးနောက်မှာ ရဝမ်မျိုးနွယ်စုတွေ ရဲ့ ဒေသ ပူတာအို ကိုပါ KIA ထိုးစစ်ဆင်လိမ့်မယ်လို့ ဝါဒဖြန့်ချိမှု မှာပါရှိပါတယ်။ မြန်မာပြည်မြောက်ပိုင်းက ပူတာအိုကို သိမ်းဖို့ KIA ဌာနချုပ် လိုင်ဇာကနေ အင်အား တစ်ထောင် ခန့်ပါတဲ့ စစ်ကြောင်း စတင် ထိုးဖောက်လာတာကို ဒေသခံ တွေက ပြောပြတယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က ရေးသားပါတယ်။


ဒါကြောင့် ပူတာအို ခရိုင်ထဲမှာပါဝင်တဲ့ မချမ်းဘော ၊ နောင်မွန် ဒေသတွေက ရဝမ်မျိုးနွယ်စု တိုင်းရင်းသားတွေ ခံစစ်ပြင်ထားကြဖို့ကိုလည်း ဝါဒဖြန့် ချန်နယ်က လှုံ့ဆော်ထားတာတွေ့ရပါတယ်။


Kyaw Swar - https://[t].me/kyawswar49111/18544 (Views 52.1K)


အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ မှိုင်းဝေကလည်း မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တလျောက်မှာနေထိုင်တဲ့ လောဝေါ်၊ လာချိတ် ၊ ရဝမ် ၊ လီဆူ မျိုးနွယ် စုတွေအပေါ် ဂျိန်းဖောလူမျိုးကြီးဝါဒနဲ့ KIA က ကျုးကျော်မှုတွေ ပြုလုပ်နေတယ်လို့ ဖြန့်ဝေပါတယ်။


အရင်ကလည်း ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်မှာ KIA ဂျိန်းဖောအုပ်စုက ကချင်မျိုးနွယ်စုဝင် လူနည်းစုတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်က စွပ်စွဲထားပါတယ်။


ဒါပေမယ့် စွပ်စွဲထားတဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေအ ထောက်အထားကို ထည့်သွင်းဖော်ပြတာ မရှိပါဘူး။


ကချင်မျိုးနွယ်စုတွေရဲ့ နယ်မြေတွေကို KIA ကျုးကျော်နေတယ်လို့ မှိုင်းဝေတယ်လီဂရမ် ချန်နယ်က ဝါဒဖြန့်ရာမှာ ပန်ဝါမြို့အနီး တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်နားမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ရုပ်သံကိုပါ ထည့်သွင်းအသုံးပြုထားတာတွေ့ရပါတယ် ။တကယ်တော့ KIA က ပန်ဝါကိုအချိန်တိုအတွင်းသိမ်းနိုင်ခဲ့တာမို့ စစ်ဘေးရှောင်တွေဟာ ခဏသာတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။


မှိုင်းဝေ - https://[t].me/hminewai/61864 (Views 68.4K)


▪︎ အချက်အလက်စစ်ဆေးမှု


ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်က ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို KIA က သိမ်းပိုက်ထားပြီး ဒေသတွင်း စည်းရုံးရေးနဲ့ နယ်မြေ ရှင်းလင်းရေးလုပ်နေတယ်လို့ မြန်မာနောင်းမ် က နိုဝင်ဘာလ ၆ ရက်က သတင်းရေးသားပါတယ်။


အထူးဒေသ (၁) နယ်မြေဖြစ်တဲ့ ပန်ဝါ ၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် ဒေသတွေကို သိမ်းယူထားပြီး လက်နက်မချသေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့အချို့ကို စည်းရုံးနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။


၂၀၂၄ မတ်လကစတင်တဲ့ ထိုးစစ်အတွင်းမှာ ရှမ်းမြောက်က မဘိမ်းမြို့ ၊ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက် နဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို KIA က သိမ်းယူထားနိုင်ခဲ့ပါတယ်။


Myanmar Now - https://myanmar-now.org/mm/news/59002/


ကချင်အထူးဒေသ (၁) ပါတဲ့ ကန့်ဖန်ဒေသကို သိမ်းပြီးနောက် ဝင်ရောက်လာတဲ့ KIA တပ် တွေကိုဒေသခံတွေက ကြိုဆိုခဲ့ကြတယ်လို့ NUG အစိုးရ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ နိုဝင်ဘာ ၄ ရက် က ရေးသားပါတယ်။


Dr.Tu Hkawng - https://www.facebook.com/share/1EaPuR2Y2i/


တရုတ် - မြန်မာနယ်စပ်မှာရှိတဲ့ ကန်ဖန့်ဒေသမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်(BGF)တွေဟာ KIA ပူးပေါင်းတပ်ထံ လက်နက်အပ်ပြီး ပူးပေါင်းခဲ့သလို ဒေသခံတွေကလည်း KIA ဦးဆောင်တဲ့ မဟာမိတ်တွေကို ကြိုဆိုခဲ့ကြတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ပြောခဲ့ပါတယ် ။


"ကန်ဖန့်မှာကတော့ ပြည်သူလူထုတွေ အားလုံးကတော့ ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေ ဝင်လာတာကို ကြိုဆိုတာရှိပါတယ်။ အဲဒီဘက်မှာကတော့ ပြည်သူ့စစ်တို့ BGFတို့တော့ ရှိတာပေါ့။ ဒါပေမဲ့အားလုံးကတော့ ကျနော်တို့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားပါပြီ။ အဲဒီဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး။ သေနတ်ဖောက်သံတွေလည်း မရှိပါဘူး။ အားလုံး ကျနော်တို့ တိုင်းရင်းသားညီအကိုအချင်းချင်းဆိုတော့ အားလုံးက အမြင်မှန်ရပြီးတော့ ပူးပေါင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုလည်း ဝမ်းမြောက်ဝမ်းသာ အားပါးတရ ကြိုဆိုလက်ခံတာကို တော်တော်တော့ ပြန့်နေပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့တာပါ။


https://www.facebook.com/LuduNwayOo/posts/pfbid02iqEhAcUgaZLL1sx5C8gkMiSajHw6ZF6MnYFhpKBZkiSs9LQwVqR6NBhWv62KuhKkl


ဒါ့အပြင် KIA နဲ့ မဟာမိတ်တပ်တွေက စစ်တပ်စခန်း ၊ ပြည်သူ့စစ်စခန်း ၊ နယ်ခြားစောင့် စခန်းတွေကို တိုက်တဲ့အခါ ဒေသတွင်းတခြား လူမျိုးစုတိုင်းရင်းသားတွေလည်းပါဝင်ပါတယ် ။


ရ၀မ်တိုင်းရင်းဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ ရဝမ်းတိုင်းရင်းသားရေးရာ၀န်ကြီး အဖြစ်အနိုင်ရထားတဲ့ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ် ဟာ KIA နဲ့အတူ ထိုးစစ်ဆင်နေရင်း ဖီမော်ဒေသ စစ်ဆင်ရေးမှာ နာမကျန်းဖြစ်ပြီး ၂၀၂၄ခုနှစ် နို၀င်ဘာလ ၂၇ ရက် ညမှာကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၀ အရွယ်ခန့် ဦးချန်းဂျော်ရမ်ဟာ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င် တဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို စိတ်ခွန်အားထက်သန်စွာလုပ်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချပြီး အုပ်ချုပ်ရေးအာဏာကို ပြည်သူများထံအပ်နှံသွားမယ်လို့ ကတိပြုထားသူလည်းဖြစ်ပါတယ်။ ဒီသတင်းကို People's Spring မှာဖော်ပြထားပါတယ် ။


https://www.facebook.com/LuduNwayOo/posts/pfbid0gRMaMvEGqP7A4NfpoyoytCyLKeUoPusHK3pFhv8yLc8yuyNgHjeQi1qEBRXR8wGCl


ချန်းဂျော်ရမ် အပါအဝင် ရဝမ်တိုင်းရင်းသားတွေပါဝင်တဲ့ ခါကာဘိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KPF) ဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် KIA နဲ့ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ် ။


KIO ကလည်း နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကချင်အထူးဒေသ(၁)နယ်မြေနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့တာမှာ ကချင်အထူးဒေသ (၁)ဆိုပြီးစစ်အာဏာရှင်တွေရဲ့ သွေးခွဲခဲ့တဲ့လုပ်ရပ်ကြောင့် ကချင်လူမျိုးတွေရဲ့စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တဲ့တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ် ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ပြီးတော့ ယခု(နိုဝင်ဘာ ၂၈)မှ စ၍ ကချင် အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ဘူးလို့ကြေညာခဲ့ပါတယ် ။


ဒါ့အပြင် ပြည်သူလူထုရဲ့စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေပဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေအတွက် အစွမ်းကုန် ပြန်လည်ကြိုး စား တည်ဆောက်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။


■ KIA တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးနှင်ထုတ်သတ်ဖြတ်နေပြီလို့ ဝါဒဖြန့်


နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရက ပိတ်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ KIA က ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို ဖမ်းဆီးနှင်ထုတ်တာတွေ ပြုလုပ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ် မှိုင်းဝေက သတင်းဖြန့်နေပါတယ်။


KIA ကြီးစိုးတဲ့နေရာတွေမှာရောက်ရှိနေတဲ့ တရုတ်လူမျိုး တွေကို KIA တပ်ကလိုက်လံဖမ်းဆီးပြီး နှင်ထုတ်နေသလို ပြန်ပေးဆွဲတာမျိုးလည်း ပြုလုပ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် မှိုင်းဝေ တယ်လီဂရန်ချန်နယ် က နိုဝင်ဘာ ၁၅ ရက်မှာဝါဒဖြန့်ပါတယ်။


တရုတ်နယ်စပ်မှာအခြေချ တဲ့ KIA ဟာ အမေရိကန် CIA အားကိုးနဲ့အာခံနေတာ ဖြစ်ပြီး တရုတ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး KIA ကို ကောင်းကောင်းပညာပေးဖို့ လိုနေပြီလို့လည်း ရေးသားပါတယ်။


မှိုင်းဝေ - https://[t].me/hminewai/62711 (Views 47.1 K)


KIA တပ်ဖွဲ့ ဆိုတာက မြန်မာနဲ့ တရုတ်ကြားမှာ ကြားခံအဖြစ် တချိန်က တရုတ်ထောက်ပံ့ပေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပေမယ့် လက်ရှိမှာတော့ တရုတ်ဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီလို့ ဝါဒဖြန့် ချန်နယ်က ရေးသားပါတယ်။


■ အချက်အလက်စစ်ဆေးမှု


စစ်တပ်ဝါဒဖြန့် ချန်နယ်က စွပ်စွဲဝါဒဖြန့်သလို တရုတ်နိုင်ငံသားတွေကို KIA ကဖမ်းဆီးပြီး နှင်ထုတ်နေ တယ်ဆိုတဲ့ သတင်းကို ကချင်ပြည်နယ် ဒေသတွင်းသတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ပြည်တွင်း သတင်းဌာနတွေမှာ ဖော်ပြတာမတွေ့ရပါဘူး။


ဒါပေမယ့် တရုတ်က ပိတ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို KIA ကလည်း မြန်မာဘက်ခြမ်း ကချင်ပြည်နယ်ဘက်ကနေ ပြန်လည်ပိတ်လိုက်တယ်လို့ RFA မြန်မာပိုင်း၊ မဇ္ဈိမနဲ့ သတင်းဌာနအများစုက ရေးသားဖော်ပြပါတယ်။


 KIA ဌာနချုပ်ရှိရာ လိုင်ဇာဂိတ် ၊ မိုင်ဂျာယန်ဂိတ်နဲ့ ပန်ဝါနယ်စပ်ဂိတ်တွေ ဖြစ်တယ်လို့ မိုင်ဂျာယန်ဒေသခံတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး RFA က ရေးသားပါတယ်။


RFA Burmese -

https://www.rfa.org/burmese/news/kia-border-gates-closed-china-11142024032129.html


Mizzima News -

https://bur.mizzima.com/2024/11/14/38904


ဒါအပြင်ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်က တရုတ်နိုင်ငံသားအစောင့် တဦးကို KIA က သတ်ဖြတ်လိုက်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့က ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ဖြန့်ဝေပြန်ပါတယ်။


ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းက ချီဖွေမြို့နယ် လဂွေကျေးရွာနဲ့ တရုတ် - မြန်မာနယ်စပ်မှတ်တိုင် အမှတ်(၇) ကြားမှာ တရုတ်နိုင်ငံသားသတ်ဖြတ်ခံရ တာလို့ဆိုပါတယ်။


မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်ဆီ KIA တပ်ဖွဲ့ဝင်တွေ ရောက်ချလာပြီး တဦးတည်းရှိနေတဲ့ တရုတ်နိုင်ငံသားအစောင့်ကို သတ်ဖြတ်ပြီးတော့ မြေရှားသတ္တုအိတ် ၂၀ ခန့်ကိုလည်း ခိုးယူသွားတယ်လို့စွပ်စွဲဝါဒဖြန့်ပါတယ်။


ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့ ယူနန်ပြည်နယ်၊ ထိန်ချုံးခရိုင်၊ မင်ကွမ်းရွာက တရုတ်ရဲတပ်ဖွဲ့က KIA ထံ တောင်းဆိုထားတာကို သတင်းရထားတယ်လို့လည်း ဆိုပါတယ်။


ကချင်အထူးဒေသ(၁) နယ်မြေကို KIA က ကျုးကျော်သိမ်းယူပြီးနောက် တလအတွင်းမှာ သတ်ဖြတ်ခံရတဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၅ ဦးထိရှိလာပြီး တရုတ်ရဲတွေက စုံစမ်းနေတယ်လို့ ဝါဒဖြန့်ချိပါတယ်။


အဆိုပါဝါဒဖြန့်ဝေချက်ကို နေပြည်တော် ၊ မြစ်ဆုံသတင်းဌာန ၊ ကချင်ပြည်နယ်သတင်းစုံ စတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားကြပါတယ်။


နေပြည်တော် - https://[t].me/KKM28640/9546 (Views 15.3K)


မြစ်ဆုံသတင်းဌာန - https://[t].me/myitsone1990/4940 ( Views 2.9K)


ကချင်ပြည်နယ်သတင်းစုံ - https://[t].me/kachinstatenews90/1011 (Views 354)


ကချင်ပြည်နယ်ဒေသတွင်းသတင်းဌာနတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းသတင်းဌာနတွေမှာရော၊ တရုတ်သတင်းဌာနတွေမှာရော ချီဖွေမြို့နယ်ထဲမှာ တရုတ်နိုင်ငံသား သတ်ဖြတ်ခံရတဲ့သတင်းကို ဖော်ပြတာမျိုးမတွေ့ရပါဘူး။


ဒါအပြင် တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့သတင်းတွေရှိရင် သတိပေးတာ၊ ထုတ်ပြန်တာတွေလုပ်လေ့ရှိတဲ့ တရုတ်သံရုံးကလည်း တစုံတရာထုတ်ပြန်တာမရှိပါဘူး ။


ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ရက်နေ့မှာ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ပဲ ဋ္ဌာနေပြည်သူတွေ ၊ ရင်းနှီးမြှုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားဘဲ KIO နဲ့ ပူးပေါင်းပြီးတော့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။  


KIO ဗဟိုကော်မတီဝင်တဦးဖြစ်သလို ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း အဆိုပါကြေညာချက်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ”ဖိတ်ခေါ်အပ်ပါသည်” လို့ ရေးသားပြီး ဖြန့်ဝေခဲ့ပါတယ်။


https://www.facebook.com/share/p/19hTGE8mrj/


■ သုံးသပ်ချက် 


ဒါကြောင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေဟာ KIA ကို တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံ အထင်အမြင်လွဲအောင် ၊ မြန်မာပြည်သူတွေ အထင်လွဲအောင် သတင်းအမှား တွေမကြာခဏဖြန့်ချိတာတွေ့ရပါတယ်။ အထူးသဖြင့် တရုတ်အစိုးရရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်နိုင်ငံက CIA အမည်ကို အသုံးချပြီး ဝါဒဖြန့်ချိမှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။


ဒါ့အပြင် KIA နဲ့ ပတ်သက်ပြီး KIO/KIA အပေါ်ထိခိုက်နိုင်တဲ့ သတင်းအကြောင်း အရာစုံကို ဝါဒဖြန့်ချိပါတယ်။ ဝါဒဖြန့်ချိမှုတွေ စီစစ်တဲ့အခါမှာ သတင်းအမှားတွေက အများစုဖြစ်ပြီး သတင်းမှန်က အနည်းငယ်သာပါဝင်ပါတယ်။ ဒါ့အပြင် KIA က စစ်တပ်စခန်းတွေ ၊ မြို့တွေသိမ်းတဲ့ ထိုးစစ်ဆင်နေတဲ့ ဒီကာလမှာတောင် KIA စစ်ရေး အရေးနိမ့်နေပြီ ၊ KIA က ပန်ဝါ မြို့ကိုမသိမ်းနိုင်သေးဘူးစတဲ့ သတင်းမျိုးတွေကိုတောင် ဖြန့်ဝေတက်ပါတယ်။


လက်တွေ့မြေပြင်မှာတော့ KIA နဲ့ မဟာမိတ်တွေဟာ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီမြို့တွေကို သိမ်းပိုက်ခဲ့သလို မံစီမြို့နယ်က စစ်တပ်လက်ကျန်တပ်ရင်းတွေကိုပါ ဒီ ၄ လအတွင်း သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၄ ရက်ကစပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုပါ ဆင်နွှဲနေပါတယ်။ ။

လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ





 လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ


နိုင်ပကောင်း၊ဟန်နွေ /People's Spring 


ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။


လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ 


လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။


လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People's Spring ကို အသိပေးထားပါတယ်။


အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။


စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။

Friday, 13 December 2024

ပခုက္ကူရှိ ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်


 ပခုက္ကူရှိ ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်


▪️စစ်သားခြောက်ဦးထက်မနည်းသေဆုံးပြီး ခုနစ်ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်းရ


ရဲခေါင်၊ဇေအောင်/People's Spring


ပခုက္ကူမြို့နယ်နှင့် (၁၇)မိုင်ခန့်ကွာဝေးသော ရေလာလေးတပ်စခန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားခြောက်ဦးထက်မနည်းသေဆုံးပြီး ခုနစ်ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်းသိမ်းရကြောင်း Earthquake Peoples Pefence Forceက ယနေ့(ဒီဇင်ဘာ ၁၃ရက်) ထုတ်ပြန်သည်။


အမှတ်(၈)စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ၏ ရေလာလေးတပ်စခန်းကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


အထိုင်စခန်းနှင့် ဘန်ကာများကို တဆင့်ချင်းတိုက်ခိုက်ချေမှုန်းခဲ့ပြီး တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်မှ မျက်မြင် ခြောက်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။


"ရေလာလေးက ပျူရွာပါ။ ကျွန်တော်တို့စခန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲရွာက ပခုက္ကူနဲ့ ၁၆ မိုင်ဝန်းကျင်လောက်ဝေးတယ်။ အင်အားကတော့ အတိအကျမပြောနိုင်ဘူး။ ကျွန်တော်တို့ ရွာထဲအထိ ဝင်နိုင်ခဲ့တာပါ။"ဟု Earthquake Peoples Defence Forceအဖွဲ့မှ ရဲဘော်အရှည်ကြီးက ပြောသည်။


စစ်ကောင်စီက လေယာဉ်မှလေးကြိမ်ဗုံးကြဲပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ သုံးဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။


ထို့အပြင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)မှ တပ်စိပ်မှူးရဲဘော် ထောင့်မကျိုး(ခ) ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ ကျဆုံးခဲ့ရသည်ဟု ဆိုသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့လက်နက်များဖြစ်သည့် ၆၀မမစိန်ပြောင်း(၁)လက် ၊MA2(၁)လက် ၊MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂)လက် ၊ရှော့ဂန်း(၃)လက်အပြင် ကျည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့သည်ဟု အသိပေးထားသည်။


ထို့အပြင် စစ်သုံ့ပန်းခုနစ်ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။


တိုက်ပွဲ၏ စစ်ရေးရည်မှန်းချက် အကောင်ထည် ဖော် ဆောင်ရွက်ရာတွင် အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုဖြင့် Earthquake peoples defence force၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်းနှင့် Kamma Revolution Forceတို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု အသိပေးထားသည်။


(ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - EPDF)

Thursday, 12 December 2024

ဖာပွန်ရှိ ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်း ပူးပေါင်းတပ်များ သိမ်းပိုက်

 


ဖာပွန်ရှိ ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်း ပူးပေါင်းတပ်များ သိမ်းပိုက်


ဧရာဝတီ ၊ ဒီဇင်ဘာ ၁၂ ၊ ၂၀၂၄ 


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်များက  သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။


KNLA အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း ဖာပွန် - ကမမောင်း ကားလမ်းပေါ် ရှိ  ဆင်စွယ်စခန်းနှင့် တောင်သုံးလုံး စခန်းတို့ကို ဒီဇင်ဘာ ဒုတိယပတ်မှစ၍ KNLA ၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အင်အားစု (FFD) စသည့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၅ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။


အဆိုပါ စခန်းများကို ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ကြီး ၊ လက်နက်ငယ် ဆယ်ဂဏန်းခန့် နှင့် ခဲယမ်း၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းကပြောသည်။


ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏အချက်အချာကျသည့် ရှေ့တန်းစခန်းများဖြစ်သော ခေါပုတ်စခန်း၊  ကူးဆိပ်၊ မထော တပ်စခန်းများကို KNLA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သောလများအတွင်း သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအတွက် အဓိကထောက်ပို့လမ်းကြောင်း ဖာပွန်-ကမမောင်း လမ်းကြားမှ စခန်းများအား ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။


ဖာပွန်မြို့ကို KNLA နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့်မတ်လနောက်ဆုံးအပတ်တွင်း ထိန်းချုပ်ပြီး ဖာပွန်မြို့အနီးရှိ ခလရ ၁၉ ၊ ခမရ ၄၃၄ နှင့် စစန ၆၄၂ တပ်ရင်းများအား သိမ်းပိုက်ခဲ့သည်။


ထို့နောက် ဖာပွန်မြို့အနီးရှိ ဖာပွန်ဗျူဟာနှင့် ခမရ ၄၃၀၊ ခမရ ၄၃၁ တပ်ရင်းများကို KNLA နှင့်ပူးပေါင်းတပ်များက ဝန်းရံ ပိတ်ဆို့၍ ထိုးစစ်ဆင်နေရာ ရိက္ခာနှင့် ပစ်ကူကို လေကြောင်းမှသာ ပေးနိုင်တော့သည့် အခြေအနေရှိနေကြောင်းလည်း သိရသည်။ 


ပုံစာ- ကရင်ပြည်နယ်၊ ဖာဖွန်ခရိုင်အတွင်းရှိ ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရပုံ/FFD


#WhatsHappeningInMyanmar 

#RejectMilitaryCoup 


စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/supporttheirrawaddy

Wednesday, 11 December 2024

AA ကိုင်ထားသည့်ဝှက်ဖဲ


 ▪︎ဆောင်းပါး


AA ကိုင်ထားသည့်ဝှက်ဖဲ


သရဖူ/People's Spring 


ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်သော်

လည်း ယခုအခါ ကြိုးချီထားသော လက်နှစ်ချောင်းနောက်ပစ်၍ ဒူးထောက်လျက်တွေ့ရသည်။

ဒီဇင်ဘာလ နေရောင်အောက်တွင်မျက်နှာ ရှုံ့တွ၍ ဓါတ်ပုံရိုက်နေသူကို ကြည့်နေသည်။ အောက်ခြေစစ်သားများမှာ ရိက္ခာပြတ်၍ နိုဝင်ဘာ လဆန်းကတည်းက စားစရာမရှိတော့ကြောင်း ရင်ဖွင့်ထားကြသော်လည်း သူကမူ ရက်ပေါင်းများစွာအစာရေစာ ပြတ်၍အဟာရချို့ငဲ့နေသောပုံစံမျိုးမဟုတ်

ပါ။


သူဆိုသည်မှာ နမည်ဆိုးဖြင့် လူသိများနေသော အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖြစ်သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုမောင်တောမြို့သိမ်းတိုက်ပွဲတွင် ဒီဇင်ဘာလ၈ရက်နေ့က AAက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။


အသက် ၅၅ နှစ်ခန့်ရှိသော ဗိုလ်မှူးချုပ်သူရိန်ထွန်းမှာ အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဥ် ၂၂ ဆင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်းရခိုင်

ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်သည်။ရခိုင်

ပြည်နယ်တွင် ထိုစဥ်က ၃ နှစ်တာဝန်ကျခဲ့လျင်ပင်အနည်းဆုံး ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ့တာဝန်ထမ်းခဲ့သူဖြစ်ကြောင်း စစ်ရေးသတင်းများဖော်ပြပေးနေသော CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ထိုကြောင့် စစ်အုပ်စုက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများကျူး

လွန်ခဲ့သော ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ တာဝန်ထမ်းနေသူဖြစ်သည်။


ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိစစ်အရာရှိများထဲမှ တဦးဟု ICJ တွင် အမည်စာရင်းရောက်ထားသူဟု သတင်းထွက်နေသူဖြစ်ပြီး ထိုအချက်အလက်ကို စီစစ်နေဆဲဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင်ဗိုလ်မှူးချုပ်သူရိန်ထွန်းလည်း အဓိကနေရာမှပါဝင်ခဲ့သူဖြစ်

ကြောင်းစစ်ရေးအရင်းအမြစ်များကပြောသည်။


ရခိုင်ပြည်နယ်မှ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် တိုင်းစစ်ဦးစီးချုပ်အဖြစ်ပြောင်းရွေ့တာဝန်ကျခဲ့သည်။စစ်တပ်အာဏာ

သိမ်းပြီးနောက် မန္တလေးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြသောပြည်သူများကို ပစ်ခတ်သတ်ဖြတ်အကြမ်း

ဖက်ဖြိုခွင်းမှုများကို ထိုစဥ်က လပခ စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့်အတူ ဗိုလ်မှူးချုပ်သူရိန်ထွန်းက အဓိကအမိန့်ပေးခဲ့သူများဖြစ်သည်။ ဗိုလ်ချုပ် ကိုကိုဦးသည် ယခုအခါ ဒုတိယဗိုလ်ချုပ်ရာထူး

ဖြင့် ကစထမှူးတာဝန်ထမ်းဆောင်နေသည်။


ဖမ်းဆီးခံ့ရသော ဆန္ဒပြလူငယ်များ ၊နိုင်ငံရေးအကျဥ်းသမားများကို နန်းတွင်းစစ်ကြောရေးနှင့်ထောင်တွင် ရက်ရက်စက်စက်နှိပ်စက် ၊သတ်ဖြတ်မှုများကို အမိန့်ပေးစေခိုင်းခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများကပြောသည်။


ထို့အပြင် မန္တလေးတိုင်းတွင်း အစွန်းရောက်သွေး

သောက်အဖွဲ့များဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီအားဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ်စေခဲ့သည်။ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပြီး လက်နက်များတပ်ဆင်ပေးကာ စစ်တပ်ဆန့်ကျင်သူများ ၊၎င်းတို့သံသယရှိသူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးသတ်ဖြတ်ရန် လူသတ်လိုင်စင် ခွင့်ပြုပေးခဲ့သူများထဲမှတဦးလည်းဖြစ်၏ ။


လပခတိုင်းစစ်ဦးစီးချုပ်တာဝန်ယူခဲ့စဥ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ပေါင်း၍ မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ပါတီဝင်များ၊ စစ်ကောင်စီဆန့်ကျင်သူများ ၂၀ ဦးထက်မနည်း ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပြီး ထိုအမှုများကို ဗိုလ်မှူးချုပ်သူရိန်ထွန်းက နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟု မန္တလေးတိုင်းမှ တော်လှန်

ရေးအင်အားစုအချို့ကပြောပါသည်။


 ထိုနောက် ၂၀၂၂ နှကုန်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရှိ စကခ (၁၅ ) စကခမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် သိမ်းပိုက်သောအခါ မောင်တောမြို့သို့ထွက်ပြေးလာပြီး နခခ (၅)တွင်ကုပ်တွယ်ခုခံနေရာမှ ဒီဇင်ဘာ ၈ ရက်တွင် AA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဗိုလ်မှူးချုပ် သူရိန်ထွန်း ရခိုင်ပြည်နယ်တွင်တကျော့ပြန် တာဝန်ကျချိန်က AAက မြို့သိမ်းတိုက်ပွဲများမဖော်ဆောင်သေး။ သို့သော် အညာဒေသတော်လှန်ရေးအားကောင်းနေချိန်နှင့် တော်လှန်

ရေးအင်အားစုများကို AAက အကူအညီပေးနေချိန်ဖြစ်သည်။ မကြာမီ AAက ရခိုင်ပြည်နယ်အတွင်း ၎င်းတို့အား ခြေမှုန်းမည့် စစ်ဆင်ရေးများဖော်ဆောင်လာနိုင်သည်ဟု ကြိုတင်တွက်ဆထားသည့်စစ်ကောင်စီက ဗိုလ်မှူးချုပ်သူရိန်ထွန်းလို လက်ရဲဇက်ရဲနိုင်သူ ၊ လူမျိုးရေးဘာသာရေးပဋိပက္ခများဖန်တီးရန် အတွေ့အကြုံရှိသော သူ့ကို အဓိက ဝှက်ဖဲအဖြစ် ဘူးသီးတောင်သို့ ပို့ဆောင်ခဲ့ခြင်းဟု ၎င်းနှင့် သိကျွမ်းသည့် အရပ်ဖက်သတင်းရင်းမြစ်တစ်ဦးကပြောသည်။


 ဗိုလ်မှူးချုပ် သူရိန်ထွန်းက ဘူးသီးတောင်သို့ရောက်ခါစမှာပင် လူမျိုးရေးအထိဂရုဏ်း၏ အညှာကို ကိုင်ခဲ့သည်။ ဒေသရှိ မွတ်ဆလင်စီးပွား

ရေးသမားများအား မက်လုံးပေးစည်းရုံးသည်။

မွတ်ဆလင် လူငယ်များအား လူစုပြီး စစ်သင်တန်း

ပေးခဲ့သည်။လက်နက်တပ်ဆင်ပေးပြီး AA ကို တိုက်ခိုင်းသည်။ ရခိုင်နှင့် AA မုန်းတီးရေး လှုံ့

ဆော်ခဲ့သည်။AAကို ဆန့်ကျင်သပိတ်မှောက်ရန်

 ရိုဟင်ဂျာများအား သွေးထိုးခဲ့သည်။ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများAAဆန့်ကျင်ရေးဆန္ဒ

ပြစေခဲ့ပြီး ရိုဟင်ဂျာ နှင့် AA ကြား ၊ရိုဟင်ဂျာ နှင့် ရခိုင်ပြည်သူများကြား ပဋိ့က္ခများဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ စေခိုင်းခဲ့သူဖြစ်သည်။


၂၀၂၄ မေလက AAက ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်မှူးချုပ်သူရိန်ထွန်းကပင် ဒေသခံ မွတ်ဆလင်များကို အသုံးချပြီး လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ကြိုးစားခဲ့ပြန်သည်။ ဘူသီးတောင်မြို့မှ ရခိုင်တိုင်းရင်းသားများအပါအဝင် ဒေသခံများ၏ နေအိမ်များကို ဒေသခံမွတ်ဆလင်များအား မီးရှို့ဖျက်ဆီးခိုင်းခဲ့သည်။ တန်ဖိုးကြီးပစ္စည်းများအား လုယက်ယူ

ဆောင်ခိုင်းသည်။ မြို့ပေါ် ရပ်ကွက်အချို့ မီးလောင်ပြာကျခဲ့သည်။ မြေပြင်တွင် AAက ဒေသခံများအား သတိပေးချက်များ ထုတ်ပြန်ပြီး ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နိူင်ခဲ့၍သာ လူမျိုးရေးအထိဂရုဏ်းမဖြစ်ခဲ့ခြင်းဟုဒေသခံအချို့က ပြောခဲ့သည်။


ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲကို AA တိုက်ခိုက်နေစဉ် ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖန်တီးနေသည့် လူမျိုးရေးအဓိကရုဏ်းသည် ထိကရုံးပင်လို ထိတာနှင့် ညိုးမည့်အခြေအနေဖြစ်သည်။ AAသာ စနစ်တကျမထိန်းချုပ်နိုင်ခဲ့ပါက ဘူးသီးတောင်ဒေသသည် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ ဆင်ထားသည့် ထောင်ချောက်အတွင်း ဝင်သွား

မည့်အခြေအနေဖြစ်သည်။


" အဲ့ဒီအချိန်က AAအနေနဲ့ တော်တော်လေးကို ကျဉ်းထဲကျပ်ထဲရောက်ခဲ့သလို တစ်ချက်မမှားအောင် သတိထားကိုင်တွယ်ခဲ့ရတာ။ အဲဒီရက်ကစာမျက်နှာတွေကိုခင်ဗျားတို့ပြန်ကြည့်ကြည့်ပါ"ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။


ဘူးသီးတောင်ဒေသ၏ စစ်ရေးအရှိန်နှင့် ဗိုလ်မှူးချုပ်သူရိန်ထွန်း မွှေးထားသည့်မီးက မေလအတွင်း အပြင်းထန်ဆုံးလောင်ကျွမ်းခဲ့သည်။ 


စစ်ကောင်စီက ပုံဖော်နေသည့် ဒေသတွင်း လူမျိုး

ရေးပဋိပက္ခကို ဟန့်တားနိုင်ရေးစီမံဆောင်ရွက်နေမှုများကို AAကမေလ ၂၀ရက်ညနေတွင် မြန်မာလူမှုအဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အသိပေးခဲ့သည်။ ယင်း‌ နေ့ကထုတ်ပြန်ချက်ကိုမြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ 


စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာသံတမန်ရေးအပါအဝင် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝ သွေဖယ်ဆန့်ကျင်သောလုပ်ရပ်၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သော လုပ်ရပ်များကို ကျူးလွန်နေသည်ဟု AAကအသိပေးခဲ့သည်။


ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များမှ ပြည်သူများ ၊ RSO၊ ARSA၊ ARA နှင့် ဒေသခံမူဆလင်လူငယ်အရေအတွက် အများ အပြားအား စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အသုံးပြုခြင်းအပြင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် နည်းလမ်းမျိုးစုံလုပ်ဆောင် နေကြောင်း AAက ထုတ်ပြန်ခဲ့သည်။ 


"စစ်ရှုံး အကြမ်းဖက်စစ်ကောင်စီသည်ယုတ်မာသော အကြံအစည်များဖြင့် အာရက္ခဒေသအတွင်း

၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ကြိုးကိုင်ဖန်တီးလျက်ရှိသည်"ဟုAA က ထုတ်

ပြန်ခဲ့သည်။ 


ဒေသခံများ မူလနေရာ၌ ပြန်လည်နေထိုင်ခြင်းမရှိစေရန်နှင့် နာလန်မထူနိုင်စေရန် ရည်ရွယ်ပြီး စစ်ကောင်စီသည် စစ်သွေးကြွသူများနှင့်အတူ ဘူးသီးတောင်မြို့ထဲရှိ ရက္ခိုင်၊ ဟိန္ဒူ နှင့် တခြား

မူဆလင်မဟုတ်သောသူများ၏ ပိုင်ဆိုင်သောအိမ်များ အားလုံးနီးပါးကို ဧပြီလအတွင်း၌ အဓိကပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးထားသည်။ ထိုသို့အကြမ်းဖက်ဖျက်စီးသည်ကို AAက မီးရှို့ဖျက်ဆီးထားသယောင် သတင်းလွှင့် စွပ်စွဲပြောဆိုမှု များ တောက်လျှောက်ပြုလုပ်နေသည်ဟုဖော်ပြခဲ့သည်။ 


သို့သော် အာရက္ခတပ်တော်သည် “စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည်” ဟူ

သော ကျင့်ဝတ်ကို အထူးလိုက်နာကျင့်သုံးသည်ဟု ထုတ်ပြန်ကတိပြုခဲ့သည်။ 


စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို မည်သည့်အခါမှ ရည်ရွယ် တိုက်ခိုက်လေ့မရှိကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသောဒေသများ၌ ဒေသခံပြည်သူလူထုများအနေဖြင့် စစ်ပွဲများကင်းလွတ်ရာနယ်မြေများသို့ အရေးပေါ် ကူညီကယ်ထုတ်ခြင်း များကို လူမျိုးမရွေး၊ ဘာသာမရွေး အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုAAကဆိုသည်။ 


တစ်ချိန်တည်းတွင် AAထိန်းချုပ်နယ်မြေများအတွင်း မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင် များအတွက် စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အလှူရှင်များအား AAက အကူအညီတောင်းခဲ့သည်။ 


မေလ ၂၄ရက်က ထုတ်ပြန်ချက်တွင်AAထိန်း ချုပ်နယ်မြေများ၌ စုစု‌ ပေါင်း စစ်ဘေးရှောင် ၅ သိန်းကျော်ရှ်ိပြီး ယင်းတို့အနက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ၂ သိန်းခန့်ရှိသည်။ ထိုအထဲမှ ၈၀ရာခိုင်နှုန်းမှာ မူဆလင်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ AA ထုတ်ပြန်သော မူဆလင်ဆိုသည်မှာ ရိုဟင်ဂျာ ပြည်သူအများစုဖြစ်သည်။


ရခိုင် နှင့် အခြားသော လူနည်းစု များမှာ၂၀ ရာခိုင်

နှုန်းခန့်ရှိပြီး စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုး

အကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဟုဆိုသည်။ ထို့ကြောင့် အဆိုပါ အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ စေတနာ

ရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု AAကထုတ်ပြန်ခဲ့သည်။


တဖက်တွင် ဒေသတွင်း လူမျိုးရေးအထိဂရုဏ်းဖြစ်အောင် လှုံ့ဆော်မှုများကို ဟန့်တားခဲ့သည်။

စစ်ကောင်စီ၊ RSO၊ ARSA၊ ARA အစရှိသောလက်နက်ကိုင် အဖွဲ့အစည်းများက ကျူးလွန်သည့် အကြမ်းဖက်မှုများကို AA က ပြုလုပ်သယောင် သတင်းမှားဖြန့်ဝေနေသူများအား ပြင်းထန်စွာသတိပေးကြောင်း AA ကထုတ်သည်။


ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုများနှင့် ဒေသခံမူဆ

လင်ပြည်သူလူထုအကြားတွင် ပူးပေါင်းဆောင်

ရွက်မှု၊ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုများအား တမင်ပျက်ပြားစေရန်ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေမှုများ၊ သတင်းမှားများပြောဆိုရေးသားနေမှုများကိုပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။ 


နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ဘူးသီးတောင်၊ မောင်တော ဒေသ၏ လက်ရှိအရေးကိစ္စများနှင့်ပတ်သက်၍ AAကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရားများကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စေရန်အတွက် အချိန်မရွေး ဆက်သွယ် နိုင်ကြောင်းနှင့်ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို အတူပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်

ကြေညာခဲ့သည်။ 


ထို့အပြင် အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက 

ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသောပြည်သူများအတွက်ပါ များစွာစိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာသလို ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်ဟု AA သတိပေးခဲ့သည်။ ထို့အတူ အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။ 


သို့သော် ဘက်ပေါင်းစုံမှအကြပ်အတည်းနှင့် လူမျိုးရေးထောင်ချောက်များကို AA ကဖြတ်ကျော်၍ ဘူးသီးတောင်မြို့ကို ၂၀၂၄ ခုနှစ်မေလအတွင်းတွင်ထိန်းချုပ်ခဲ့သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မောင်တောမြို့သို့ထွက်ပြေးသွားခဲ့ပြီး နခခ(၅)ကို အခြေပြုကာ ခုခံစစ်ပြင်ခဲ့သည်။  


မိုင်းကွင်းများ၊ ထုထည်ကြီးမားသည့်ဘန်ကာများဖြင့် ခံစစ်ပြင်ကာစုစုပေါင်းအင်အား (၇၀၀) ကျော်ဖြင့်ခုခံခဲ့သည့် နခခ(၅)ကို AAက အောက်တိုဘာ

ဘာလ (၁၄) ရက်နေ့တွင် စတင်ထိုးစစ်ဆင်ကာ ဒီဇင်ဘာလ၈ရက်တွင် သိမ်းပိုက်ပြီး မောင်တောတစ်မြို့လုံးကိုထိန်းချုပ်လိုက်သည်။


 ၅၅ ရက်ကြာသည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ၄၅၀ဦးထက်မနည်း သေဆုံးပြီးကလက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့သည်။


သို့သော် AA က ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် ပတ်

သက်သည့် ထုတ်ပြန်ချက်ကို များများစားစားပြောမထားပါ။ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်နှင့် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားအပြင် RSO၊ ARSA၊ ARA နှင့်စစ်ကောင်စီမှ သင်တန်းပေးထားသည့် လက်နက်

ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိထားကြောင်းသာ အသိပေးထားသည်။


ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅) ကျကာနီးတွင် ၎င်းလက်အောက်ငယ်စစ်သားများနှင့်အတူ စစ်မတိုက်ဘဲ ARSA ၊ RSO ၊ARA လက်နက်ကိုင် များနှင့်အတူ စခန်းစွန့်ခွာခေါ်ထွက်ပြေး၍ ကိုယ်

လွတ်ရုန်းရန်ကြိုးစားခဲ့သည်။ သို့သော်လည်း AAက အမိအရလိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်

သည်။ စစ်ခေါင်းဆောင်အလိုကျ ဘူးသီးတောင်၊မောင်တောဒေသကို မီးလောင်တိုက်သွန်းရန်ကြိုးပမ်းခဲ့သည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းအား AAက မည်သို့ ကိုင်တွယ်မည်ကို မသိရသေးပါ။ 


အာရက္ခတပ်တော်အတွက် ဘူးသီးတောင်၊မောင်တောတွင်စစ်ရေးသက်သက်သာအောင်ပွဲရခဲ့ခြင်းမဟုတ်ဘဲ အဓိကတရာခံ၊သက်သေ (သို့မဟုတ်)

ဝှက်ဖဲတစ်ချပ်ကို ရရှိခဲ့ခြင်းပင်။


  "ရခိုင်ပြည်မြောက်ပိုင်းရဲ့ အခြေအနေတွေကို ရှုတ်ထွေးအောင်နဲ့ လူမျိုးစုနှစ်စုကြား တင်း

မာမှုတွေ ပိုမိုဖြစ်လာအောင် စနစ်တကျ အကွက်

ကျ လုပ်ခဲ့သူ ရိုဟင်ဂျာလူငယ်တွေ စစ်သင်တန်း တက်ဖို့ ချော့လိုက် ခြောက်လိုက် သွေးဆောင်လိုက်နဲ့ ရိုဟင်ဂျာလူငယ်အများအပြား စစ်သင်

တန်းရောက်အောင် လုပ်ခဲ့သူ၊ရိုဟင်ဂျာတွေထဲက ရာဇဝဏ်ဂိုဏ်းသားတွေ ခိုးဆိုးလုယက်၊ မူးယစ်မှောင်ခို၊ လူမှောင်ခိုအုပ်စုတွေကို လက်သပ်မွေးပြီး ရခိုင်ပြည်အရေးကို ရှုပ်ထွေးအောင် လုပ်ခဲ့သူ"ဟု

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်

အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း ရေးသားထားသည်။


ထိုကြောင့်၎င်းသည် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်တွင် ရိုဟင်ဂျာနှင့် AA ကြားလူမျိုးရေးပဋိပက္ခများဖန်တီးကာဒေသခံလူငယ်များစွာကို စစ်မှူထမ်းစေပြီးသေတွင်းထိသို့ပို့ခဲ့သူ ၊ မန္တလေးမြို့တွင် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သူ စသဖြင့် ကြီးမားသောပြစ်မှုများတွင် အဓိကတာဝန်ရှိသူသာမက ၊အရေးကြီးသည့် သက်သေ ဖြစ်လာဖွယ်လည်းရှိနေသည်။


 "မန္တလေးမှာ လုပ်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် အရေးကြီးတဲ့ သက်သေခံတယောက်ကိုတော့ AA

ကနေ ထိန်းသိမ်းနိုင်လိုက်ပြီလို့ပြောလို့ရပါတယ်"

ဟုCDM ဗိုလ်ကြီးဇင်ယော်ကပြောပါသည်။ ။

Monday, 9 December 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာ


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာ


-People's Spring 


အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့ မောင်တောမြို့မှနောက်ဆုံးကျန်နေတဲ့ အမှတ်(၅) နယ်

ခြားစောင့် ရဲတပ်ဖွဲ့ ခွဲ(နခခ-၅) ကိုဒီဇင်ဘာ ၈ ရက်နေ့မနက်မှာအပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် မောင်တောတစ်မြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ် ။ AA က တောင်ကုတ်မြို့ကိုလည်းနိုဝင်ဘာ၂၄ ရက်မှာ အလုံးစုံထိန်းချုပ်နိုင်လို့ကြေညာပါတယ် ။တောင်ကုတ်မှာနောက်ဆုံးကျန်နေတဲ့ စကခ (၅) နဲ့ သူ့လက်အောက်ခံ ခမရ(၃၄၆)

၊ ခမရ(၅၄၄)တို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ပြီးထိုးစစ်ဆင်နေကြောင်း AAကအသိပေးထားပါတယ်။ဒါကြောင့် အခုဆိုရင် နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၉၀ ရှိလာပြီဖြစ်ပါတယ် ။


ဒါအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိတဲ့ အမ်းမှာဆိုရင်လည်း စစ်စခန်းနဲ့တပ်ရင်းပေါင်း ၃၀ ကျော်ကိုအာရက္ခတပ်တော်ကသိမ်းပိုက်ထားပြီး နပခတစ်ခုတည်းသိမ်းပိုက်စရာကျန်ပါတော့တယ် ။ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအစပ်က ဂွမြို့နယ်က လက်ကျန်စစ်စခန်းတွေကိုလည်း AA ကထိုးစစ်ဆင်နေပါတယ် ။ဒါကြောင့် နပခ အပါ

အဝင် အမ်းမြို့နဲ့ ဂွမြို့တို့ဟာလည်း မကြာခင်AA သိမ်းပိုက်ထိန်းချုပ်နိုင်မယ့်အခြေအနေဖြစ်ပါတယ် ။အဲဒီ နှစ်မြို့နယ်ကိုသိမ်းပြီးရင် ရခိုင်

ပြည်နယ်မှာ AAသိမ်းပိုက်ထားတဲ့မြို့နယ်ပေါင်း ၁၄မြို့နယ်အထိဖြစ်လာမှာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတာ စစ်တွေ ၊ကျောက်ဖြူ ၊ မာန်အောင်မြို့နယ်တွေပဲကျန်တော့မှာဖြစ်ပါတယ် ။


ရခိုင်ပြည်နယ်မှ စစ်တိုင်းဌာနချုပ်အပါအဝင် မြို့ ၄ မြို့ကို AA ကအပြင်းအထန်ထိုးစစ်ဆင်နေချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်ကစတင်ဆင်

နွှဲနေပါတယ် ။ချင်းပြည်နယ်မှာလည်း ချင်းညီနောင် ပူးပေါင်းတပ်တွေက မင်းတပ် ၊ဖလမ်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို ၊ချင်းပြည်ကောင်စီလက်အောက်ခံချင်းပူးပေါင်းတပ်တွေကလည်း ထန်တလန် နဲ့ ဟားခါးကြားက စစ်တပ်စခန်းတွေလိုက်သိမ်းနေပါတယ် ။


စစ်ကိုင်းတိုင်းမှာလည်း PDF တွေက အင်းတော်မြို့သိမ်းတိုက်ပွဲမှာလက်ကျန်စခန်းတွေကိုထိုးစစ်ဆင်နေပါတယ် ။ မန္တလေးတိုင်းမှာသပိတ်ကျင်း နဲ့ မတ္တရာမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေသလို ၊ ကရင်၊ကရင်နီ ၊ပဲခူး ၊မကွေး၊ တနသာ်ရီတိုင်းတို့မှာလည်းတိုက်ပွဲတွေ အကြာခဏဖြစ်ပွားနေပါတယ်။


ဒါကြောင့် တရုတ်အကူအညီ နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ခေတ္တရပ်အောင်လုပ်ထားနိုင်ပေမယ့် စစ်ကောင်စီအတွက် နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ၊ ပြောက်

ကျားစစ်တွေကြောင့် အနားမရပဲ အထိနာပြီး ဗြာများနေရတဲ့ကာလဖြစ်နေပါတယ်။

ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက်


 ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက်

……………………………

ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ ရက်နေ့က စတင်တိုက်ခိုက်နေပါတယ်။ အလားတူပဲ ရခိုင်ဒေသ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း အာရက္ခတပ်တော်က ၂၀၂၄ နှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိပါတယ်။ မြို့ ၂ မြို့လုံးဟာ ပြည်နယ် ဒုတိယမြို့တော် နဲ့ တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အရေးပါတဲ့ မြို့ကြီးတွေဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရှိန်ဟာ ဘယ်လောက်ထိ မြင့်တက်လာလည်း သိသာစေပါတယ်။ မြို့ငယ်တွေ၊ အစွန်အဖျား စခန်းလေးတွေ တိုက်ခိုက်ခဲ့ရာကနေ ကာလတခုကြာပြီးတဲ့နောက်မှာ မြို့ကြီးတွေ၊ စစ်တိုင်းဌာနချုပ်တွေကိုပါ တိုက်ခိုက်လာနိုင်ပါတယ်။ ဒါဟာ နွေဦးလက်နက်ကိုင်တော်လှန်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၂ ဘက် အပြန်အလှန် အကျိုးပြုမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်ရေး အသီးအပွင့်တွေ ဖြစ်ပါတယ်။ မကြာခင် ကာလမှာ ဗန်းမော်ရော၊ အမ်း မြို့ကိုရော သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ 


ဗန်းမော်မြို့ကိုတော့ ၂၀၂၄ ခုနစ် မတ်လ ကချင်ဒေသ တန်ပြန်ထိုးစစ်ကာလ ကတည်းက စတင်ပြီး ကုန်းလမ်း၊ ရေလမ်း ကနေ ကာလရှည်ကြာ ပိတ်ဆို့ခဲ့ပြီး ဒီဇင်ဘာလမှာ စတင်ပြီး အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဗန်းမော်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ လွယ်ဂျယ် နဲ့ နာမည်ကျော် စိန်လုံစခန်း၊ မြောက်ဘက်မှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ နမ်ဆန်ယန် ဒေသ၊ တောင်ဘက်မှာရှိတဲ့ မံစီ၊ မဘိန်း၊ အနောက်ဘက်မှာရှိတဲ့ ရွှေကူ၊ မြို့လှ ဒေသတွေကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က မတ်လကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဗန်းမော် မြို့ရဲ့‌အောက်ဘက်မှာရှိတဲ့ ထီးချိုင့်မြို့ နဲ့ သပိတ်ကျင်း၊ တကောင်း၊ မတ္တရာမြို့တွေမှာလဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ ဗန်းမော်နားက ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) ကို မေလ (၇) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ အရပ်လေးမျက်နှာက ပိတ်ဆို့ခံထားရတဲ့ ဗန်းမော် မြို့ကို လက်ရှိကာလမှာ ထောင်နဲ့ချီတဲ့ အင်အား အသုံးပြုတိုက်ခိုက်လျက်ရှိပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်အုပ်စုတပ်တွေဟာ အလျင်အမြန် ပြိုကွဲလျက်ရှိပါတယ်။ ဗန်းမော်မြို့ နဲ့ မြို့နယ် တခုလုံးကို သိမ်းပိုက်ပြီးရင် ကချင်ပြည်နယ်ထဲမှာရှိတဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသ မှာ အကြမ်းဖက်စစ်တပ် အင်အား အများစု ကင်းရှင်းသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကချင်ဒေသ၊ ရှမ်းမြောက်ဒေသ နဲ့ စစ်ကိုင်း အထက်ပိုင်း ဆက်သွယ်သွားလာရေး၊ ထောက်ပို့လုပ်ငန်းတွေ လျင်မြန်စွာ လုပ်ဆောင်ရေး လမ်းပွင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပမာဏ တက်လာမှာဖြစ်ပါတယ်။ လက်တွေ့နိုင်ငံကို ထိန်းချုပ်ထားတာ ဘယ်အဖွဲ့တွေလဲဆိုတာ ပိုမိုသိသာထင်ရှားလာမှာဖြစ်ပါတယ်။ 


ရခိုင်ဒေသ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို အာရက္ခ တပ်တော်က ၂၀၂၄ ခုနစ်၊ စက်တင်ဘာလ က စတင်ခဲ့ပြီး ယခု ဆိုရင် အမ်းလေဆိပ် အပါအဝင် စစ်စခန်း ပေါင်း (၃၀) ကျော်ကို သိမ်းယူနိုင်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တခုပဲ သိမ်းယူဖို့ကျန်ပါတယ်။ နွေဦးတော်လှန်ရေး သမိုင်းကြောင်းမှာ ဒုတိယမြောက် သိမ်းပိုက်ခံရတဲ့ တိုင်းစစ်ဌာနချုပ်အဖြစ် မှတ်တမ်းဝင်လာမှာဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးကို ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းယူထားပြီး ဖြစ်ပါတယ်။ အမ်း တိုက်ပွဲမှာ စစ်ဌာနချုပ်တွေကို သိမ်းယူနိုင်ရုံသာမကဘဲ လေကြောင်း နဲ့ ပို့တဲ့ စစ်ကူတွေ၊ အင်အားရာချီပါ စစ်ကြောင်းတွေကိုပါ အာရက္ခတပ်တော်က စစ်ကြောင်းလုံး ပြုတ်ချေမှုန်းနိုင်နေပြီး စစ်အုပ်စုရဲ့ တိုက်လိုခိုက်လို စိတ်ကို အနိမ့်ဆုံးထိ ကျဆင်းစေလျက်ရှိပါတယ်။ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းဘက်က တပ်ရင်းတွေကနေ စစ်ကူတွေ ပေးပို့လျက်ရှိပေမယ့်လည်း ဆက်တိုက်ချေမှုန်းခံနေရတာကြောင့် အဲဒီဒေသမှာရှိတဲ့ ရန်သူ့ တပ် အင်အားကိုလဲ ရခိုင်ဒေသမှာ ဆွဲယူချေမှုန်းပြီးသား ဖြစ်စေပါတယ်။ အမ်းတိုက်ပွဲဟာ မြေလတ်ဒေသတိုက်ပွဲတွေကို ကြိုတင် ထောက်ကူပြုနေတာလည်း ဖြစ်ပါတယ်။ အမ်းဒေသတခုလုံး သိမ်းယူပြီးရင် ရခိုင် တောင်ပိုင်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ ဒေသ တခုလုံး ပေါ် စိုးမိုးမှု ပိုမိုခိုင်မာလာမှာဖြစ်သလို မကွေးတိုင်း နဲ့ ချိတ်ဆက်ရေး ပိုမို အားကောင်းလာစေမှာဖြစ်ပါတယ်။


 မကွေးတိုင်း၊ စေတုတ္တရာ၊ မင်းဘူး၊ မင်းတုန်း၊ သရက် ဒေသတွေမှာ  လက်ရှိကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လျက်ရှိပြီး အမ်း အောင်ပွဲကြောင့် စစ်အုပ်စုကို ချေမှုန်းနိုင်မှု ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။

ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေဟာ နောက်လာတော့မှာ မြေပြန့်ထိုးစစ်ကြီးတွေ၊ မြေပြန့် မြို့သိမ်းတိုက်ပွဲတွေကို ကြိုတင်ထောက်ကူပြုနေတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဗန်းမော် နဲ့ အမ်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်လျက်ရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့လဲ မြေပြန့်ဒေသစစ်ဆင်ရေးတွေ အတွက်ကြီးမားတဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ဘက်ကွပ်ကဲမှု၊ စစ်ဘက် စီမံမှု သင်ခန်းစာကောင်းတွေကို လက်တွေ့ သင်ယူနေကြပြီဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Thursday, 5 December 2024

စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ မန္တလေးPDF ချော့မော့ခေါ်


 စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ မန္တလေးPDF ချော့မော့ခေါ်


▪︎လက်နက်မချသော စစ်သားဗိုလ်ကြီးအပါ 

၇ ဦးသေဆုံး


ဇေအောင်/People's Spring


မတ္တရာမြို့နယ်က တိုက်ပွဲတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ရဲဘော်တွေက စစ်သုံ့ပန်းတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ချော့မော့ခေါ်ယူခဲ့ပါတယ်။ 


 ဒီဇင်ဘာ ၂ ရက် ညပိုင်းက မန္တလေး PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ 


ဒီဇင်ဘာ ၃ ရက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ မန္တလေး PDFတို့ တနေကုန်နီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အဆောက်အအုံတခုထဲနဲ့ စပါးပုံဘေးမှာပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မန္တလေး PDF ရဲဘော်တွေက ချော့ခေါ်ခဲ့တာပါ။


"လာလာလာ မင်းမသတ်ဘူးလာ။"လို့ ရဲဘော်တစ်ယောက်က ပြောတယ်။


နောက်ရဲဘော်တစ်ယောက်ကလည်း "မသတ်ဘူး။ မသတ်ဘူး။ ညီကိုတွေ ညီကိုတွေ။လက်ဆွဲနှုတ်ဆက်မယ်နော့။"လို့ ပေါ့ပေါ့းပါးပါးရင်းရင်းနှီးနှီး လှမ်းအော်တယ်။ သူကပဲ ဆက်ပြောတယ်။ "လက်မဆွဲရင် ပစ်မှာနော့။"တဲ့။ 


"ရန်သူတွေမဟုတ်ဘူးနော်။ ရန်သူတွေမဟုတ်ဘူးနော် ညီကိုတွေနော်။"လို့ အခြားရဲဘော်တစ်ယောက်က ထပ်အော်တယ်။ 


ပစ်ခတ်သံတွေကြားကပဲ အခြားရဲဘော်တစ်ဦးကလည်း "မင်းတို့ကိုတိုက်နေတာမဟုတ်ဘူး။ အာဏာရှင်စနစ်ကိုတိုက်နေတာ။"လို့ ရဲဘော်တစ်ယောက်က အော်ပြောတယ်။ 


"ဘာမှမလုပ်ဘူး လက်ဆွဲနှုတ်ဆက်မှာညီကိုတွေ။"လို့ ရဲဘော်တစ်ယောက်က ထပ်ပြောတယ်။ 


ရဲဘော်တွေရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အခါခါဖိတ်ခေါ်သံကြောင့် စစ်သားတစ်ဦးဟာ လက်နက်ချပြီး ထွက်လာခဲ့ပါတော့တယ်။


ထွက်လာတဲ့စစ်သားတစ်ဦးကို "ခင်ဗျားကို လက်နက်ချပြီး ဘာမှမလုပ်ဘူး။ အာမခံတယ်။"လို့ ရဲဘော်တစ်ဦးက ပြောတယ်။ 


အခြားရဲဘော်တစ်ဦးကလည်း "လက်နက်ချပြီးသားလူကို လုံးဝလက်ဖျားနဲ့တောင်မထိဘူး။"လို့ ကတိပေးတယ်။ 


ဒါပေမယ့် စစ်တပ်ကဗိုလ်ကြီးတစ်ဦးအပါအဝင် ကျန်နေတဲ့စစ်သားတွေဟာ ထွက်လာပြီးလက်နက်မချတဲ့အတွက် သေဆုံးခဲ့ပါတယ် ။


အဲဒီနေ့က စစ်သား ၇ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDFက အသိပေးထုတ်ပြန်ပါတယ်။


ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မန္တလေး PDFက ဒီကနေ့(ဒီဇင်ဘာ ၄ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦးနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။


"ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိခိုက်မှုအချို့ရှိပါတယ်။ စစ်ကြောင်းက မတ္တရာကထွက်လာတဲ့ အင်အား(၈ဝ)ပါ စစ်ကြောင်းဖြစ်ပါတယ်။မတ္တရာမြို့ဘက်ကို ပြန်ပြီးဆုတ်ခွာသွားပါတယ်။"လို့ မန္တလေး PDFရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။


ဒီဇင်ဘာ ၃ရက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ထိခိုက်မှုရှိခဲ့တယ်လို့ လူထုနွေဦးရဲ့ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ်အပြင် သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေတယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်အတွင်းက မတ္တရာမြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်က အထိနာလို့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးလာခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာပေးခဲ့တာပါ။ 


စစ်ကောင်စီဟာ ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းများနဲ့ နယ်မြေများကို ပြန်လည်ရရှိဖို့ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ မန္တလေး PDFက အသိပေးထားပါတယ်။


မန္တလေး PDFဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်ကလည်း မတ္တရာ၊ သပိတ်ကျင်းနဲ့နောင်ချိုမြို့နယ်တို့က တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။


(မန္တလေး PDF ရဲဘော်တွေက စစ်သုံ့ပန်းတစ်ဦးအား လက်နက်ချရန် ခေါ်ဆောင်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − File)

ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို KNLA ဦးဆောင်သော တပ်များက သိမ်းပိုက်၊ လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ


 ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို KNLA ဦးဆောင်သော တပ်များက သိမ်းပိုက်၊ လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၅ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်း၊ ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း ၃၆ ဦးကိုပါ ဖမ်းဆီးရရှိကြောင်း KNLA ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖာပွန်ခရိုင်၊ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တောင်သုံးလုံး တပ်စခန်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ သိမ်းဆည်းရရှိကြောင်း၊ စစ်သုံ့ပန်း ၃၅ ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။ 


"သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပါလိမ့်မယ်။ တော်လှန်ရေးဘက်က အထိအခိုက် အနည်းအကျဉ်းတော့ရှိတယ်။ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း ဖမ်းဆီးရရှိတယ်" ဟု တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။ 


KNLA က သိမ်းပိုက်လိုက်သော စစ်ကောင်စီတပ်စခန်း ၂ ခုသည် အင်အားများသော တပ်စခန်းများဖြစ်ပြီး ဗျူဟာအရ အရေးပါသော တပ်စခန်းများဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နေသော စခန်းများဖြစ်ကြောင်း သိရှိရသည်။ 


KNLA က ဖာပွန်မြို့နယ်အတွင်း ဖာပွန်-ကမမောင်းလမ်းအနီးဝန်းကျင်ရှိ ကူးဆိပ်၊ ခေါပုတ်၊ မထောစခန်း အပါအဝင် စခန်းများကို တောက်လျှောက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

ဟားခါး - ထန်တလန်ကြားရှိ C3တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်



 ဟားခါး - ထန်တလန်ကြားရှိ C3တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်


▪️ယနေ့ ဟားခါးမြို့အနီးတိုက်ပွဲ ပြင်းထန်နေ


ဟန်နွေ/People’s Spring


ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီ၏ C3တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။


ဒီဇင်ဘာ ၄ရက် ညနေပိုင်းတွင် သီးမြစ်နှင့် ထန်တလန်မြို့ကြားရှိ C3တပ်စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။


“အဝေးကနေပစ်ပြီးမှ ဗုံးကြဲတိုက်ခိုက်တာပေါ့။ စကစတွေ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူတွေက အော်တိုတောင်စခန်းမှာ စုထားတယ်လို့ သိရတယ်။ မနေ့က C3စခန်းကို ထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့တာပေါ့"ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။


ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။ 


ထို့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ အော်တိုတောင် တပ်စခန်းအပါအဝင် တပ်စခန်းနေရာများကို ပြန်လည်နေရာယူခဲ့ရာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က နိုဝင်ဘာ ၂၂ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်ပြီး စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်နေခြင်း ဖြစ်သည်။


" အဲဒါကြောင့်ပြောမယ်ဆိုရင် အခုထိ ဟားခါး-ထန်တလန်ကြားမှာ စကစ စခန်းတွေ ၆ခုထိ ထိန်းချုပ်နိုင်ပြီ။ မနေ့က သူတို့ စကစတွေက လက်နက်ခဲယမ်း ဝှက်ထားတဲ့နေရာကို တွေ့လို့ လက်နက်တချို့လည်း သိမ်းဆည်းရခဲ့ပါတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။


ယနေ့ (ဒီဇင်ဘာ ၅ရက်) နံနက်တွင်လည်း ဟားခါးမြို့အနီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟုလည်း ချင်းသတင်းရင်းမြစ်က ပြောသည်။


"ဟားခါးဘက်ကနေ သူတို့က စကစက ထိုးစစ် ဆင်ဖို့လားမသိဘူး။အခု ဟားခါးအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်"ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။


ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ဟားခါးမြို့အနီးနှင့် ဟားခါး - ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် တစ်ပတ်တာအတွင်း တိုက်ခိုက်သိမ်းပိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း တပ်ရင်းမှူး ၂ဦး အပါအဝင် စစ်ကောင်စီတပ် သေဆုံးထိခိုက်သူများရှိခဲ့ပြီး ၂၀ဦးထက်မနည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့သည်။


(ဟားခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ C3 စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့)

Wednesday, 4 December 2024

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့်မံစီရှိ စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို တစ်ပြိုင်တည်းချိတ်ဆက်တိုက်ခိုက်၊ စခန်းအချို့ကို သိမ်းပိုက်ရရှိထား



 KIA ပူးပေါင်းတပ်က ဗန်းမော်နှင့်မံစီရှိ စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို တစ်ပြိုင်တည်းချိတ်ဆက်တိုက်ခိုက်၊ စခန်းအချို့ကို သိမ်းပိုက်ရရှိထား


ဗန်းမော် - ဒီဇင်ဘာ ၄၊ ၂၀၂၄။


ဗန်းမော်နှင့် မံစီရှိ စစ်ကောင်စီတပ်၏အရေးပါသည့် စခန်းငါးခုထက်မနည်းကို KIA ပူးပေါင်းတပ်က ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။


KIA ပူးပေါင်းတပ်က မံစီရှိ ခ.လ.ရ (၃၁၉)၊ ခ.မ.ရ (၆၀၁)၊ လက်နက်ကြီးတပ် (၃၅၂)၊ ဗန်းမော်မြို့အနီးရှိ ခ.လ.ရ (၄၇)၊ စ.စ.န (၆၄၁) တို့ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားသော နေရာများကိုလည်း တိုက်ခိုက်နေကြောင်းသိရသည်။


တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ခ.လ.ရ (၄၇) တပ်စခန်း သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။


“သိမ်းထားတာဆိုတာကတော့ ဆိုရှယ်မီဒီယာမှာပဲတွေ့ရတယ်။ ကျွန်တော်တို့ကိုဘယ်သူမှ ကွန်ဖန်းလုပ်မပေးသေးဘူးအဲဒီကိစ္စတွေ။ တိုက်ပွဲတော့ဆက်ဖြစ်နေပါတယ်။ ကြားသိရတာကတော့ မံစီဘက်မှာတိုက်တယ်။ အဲဒီဗန်းမော်နဲ့ မံစီကြားက စခန်းတွေကိုတိုက်တယ်။ နောက်ဒီ နားလိုင်၊ ခူးလီဘက်မှာလေ တက္ကသိုလ်ကျောင်းတို့၊ မိုးဖိန်းတို့ဘက်မှာလည်းတိုက်တယ်ဆိုတာလောက်ပဲကြားတယ်" ဟုပြောသည်။


ဗန်းမော် ခ.လ.ရ (၄၇) ၏ ကာကင်းစခန်းများဖြစ်သော ဖန်ခါးကုန်းဂိတ်စခန်း၊ ညောင်ပင်သာစခန်းနှင့် ဗန်မော်တက္ကသိုလ်ကို ဝင်ရောက်ထားပြီးဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။


KIA ပူးပေါင်းတပ်က ဗန်းမော်မြို့အနီးတို့ ယခုကဲ့သို့တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခြင်သည် ကြီးမားသောစစ်ဆင်ရေးဖြစ်ပြီး ဗန်းမော်မြို့အတွက် အပြောင်းအလဲဖြစ်နိုင်ကြောင်း ကချင်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။


“ချိတ်ဆက်ညှိနှိုင်းချိန်ကိုက်ပြီးတော့ နေရာစုံကို တစ်ပြိုင်တည်းတိုက်ခိုက်တဲ့အတွင် ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတစ်ခါ မေလမှာတစ်ခါ KIA ဘက်ကလုပ်ခဲ့တယ်။ ပထမနှစ်ခါမှာလည်း စကစ စခန်းတွေကို ဒီပုံစံနဲ့သိမ်းခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာလည်း စခန်းဘယ်နှခုကို သိမ်းနိုင်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ” ဟုပြောသည်။


ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်မြို့အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်း၊ မြို့ပြင်တွင် စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းများထွက်ပေါ်နေပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။


မြို့အတွင်းတွင်လည်း လက်နက်ကြီးသံများကြားနေရပြီး စစ်ရေးတင်းမာလာသဖြင့် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းမှစတင်ကာ ရေလမ်းမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်နေကြရာ နေ့လယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကမ်းအနီး တပ်စွဲကာ ဝင်ထွက်ခွင့်ပိတ်ထားသောကြောင့် ဒေသခံအချို့ပိတ်မိနေကြောင်း သိရသည်။


ဗန်းမော်မြို့မှထွက်နိုင်သော မိုးမောက်နှင့် မံစီ လမ်းနှစ်ဖက်လုံးတွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံပြည်သူများက ရေလမ်းအသုံးပြုကာ နီးစပ်ရာသို့တိမ်းရှောင်နေကြခြင်းဖြစ်သည်။


မံစီတွင် စစ်ကောင်စီတပ်စခန်းနှစ်ခု ကျန်ရှိနေဆဲဖြစ်ပြီး ဗန်းမော်မြို့တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် သံချပ်ကာတပ်၊ တင့်ကားတပ်၊ အမြောက်တပ်၊ စစ်အင်ဂျင်နီယာတပ်၊ ထောက်ပို့၊ ဆက်သွယ်ရေးနှင့် စစ်မြေပြင်ဆေးတပ် စသည့်တပ်စခန်းစုစုပေါင်း ၁၃ ခုထက်မနည်းရှိသည်။


ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း KIA ပူးပေါင်းတပ်များက မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


ဝိုင်းမော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း မေလ ၁၈ ရက်နေ့ကမှစတင်ကာ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခ.မ.ရ (၃၂၁)၊ လုံဇက်ကောင်နှင့် ကဇူးတပ်စခန်းတို့ကို သိမ်းပိုက်ခဲ့သည်။


KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၃ မြို့၊ စစ်ကောင်စီတပ် စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၂၀ ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။


ပုံ - မိုးမောက်နှင့် ဝိုင်းမော်စခန်းသိမ်းတိုက်ပွဲတို့တွင် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်အချို့

ဗန်းမော်ရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြို့ရှိ စစ်တပ် စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်


 Edited Version -ဗန်းမော်ရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြို့ရှိ စစ်တပ် စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်


ရန်ကုန်၊ ဒီဇင်ဘာ ၄ 


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၄၇ တပ်ရင်းဌာန ချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA နှင့်မဟာမိတ်တပ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခလရ ၄၇ တပ်ရင်းစခန်းဌာနချုပ်၏ ကာကင်းစခန်း ၂ ခုကို ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။ 


"ဗန်းမော်မြို့အပြင် ဗန်းမော်မြို့နဲ့ မံစီမြို့အကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်းစခန်းဌာနချုပ်ရဲ့ ကာကင်းဖြစ်တဲ့ ဖန်းခါးကုန်းဂိတ်စခန်းနှင့် ညောင် ပင်သာစခန်းကို ဒီမနက်မှာပဲ သိမ်းပိုက်လိုက်ပါပြီ။ ဗန်းမော်မြို့နဲ့ မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို KIA နဲ့ PDF မဟာမိတ်တပ်တွေအားလုံးက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပါပြီ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


လတ်တလော KIA ဦးဆောင်သော တော်လှန်ရေး မဟာမိတ်တပ်များက ဗန်းမော်မြို့တစ်ခုကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည့်အပြင် မံစီမြို့ရှိ ကျန်ရှိနေသော ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်းဌာနချုပ် ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA ဦးဆောင်သော တော်လှန် ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ဆက်တိုက် ဆင်နွှဲလျက်ရှိကာ KIA တပ်များနှင့်အတူ PDF တပ်များ၊ မဟာမိတ် တော်လှန်ရေးတပ်များအားလုံး ပါဝင်တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။


(Edited Version-ပြန်လည် ပြင်ဆင်တည်းဖြတ်ထားပါသည်။)

Monday, 2 December 2024

လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် စစ်သား ငါးဦးအား ဆေးကုပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားဟု KNDF အသိပေး


 လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် စစ်သား ငါးဦးအား ဆေးကုပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားဟု KNDF အသိပေး


ရဲခေါင်/People's Spring


လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ငါးဦးအား ဆေးကုပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(ဒီဇင်ဘာ ၂ရက်) ထုတ်ပြန်သည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ရက်တွင် လွိုင်ကော်မြို့အစပ်တနေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းအား KNDF၊ကလလတ၊Loikaw Local PDF နှင့် PNDF တို့ ပူးပေါင်းချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။


"စစ်ကောင်စီတပ်သား ငါးဦးကို အရှင်ဖမ်းမိခဲ့တာပါ။သူတို့ထဲက တစ်ဦးကတော့ ဆေးကုသမှုခံယူရင်နဲ့ ဖမ်းမိတဲ့နေ့ကတည်းက သေဆုံးသွားပါတယ်"ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။


ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်း ခလရတပ်သား ဖိုးထူး၊ဇော်လင်းဖြိုး တပ်သားနှင့် မျိုးသက်မင်း တို့ သုံးဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစည်းရုံးမှုကြောင့် စစ်တပ်အတွင်း ခေါ်ဆောင်ခံရသူများဟု ထွက်ဆိုသည်။ 


"ရှေ့တန်းကို ရောက်လာတာ နှစ်လကျော်ပါပြီ။ကိုယ့် သဘောနဲ့ကိုယ်ဝင်တာ မဟုတ်ပါဘူး။မဲနှိုက်လို့ မဲပေါက်လို့ ဝင်ရတာပါ။တိုက်ပွဲ ဖြစ်တော့ကြောက်ကြောက်နဲ့ ပစ်ရတာပါ။ထိမထိလည်း မသိပါဘူး။အဲဒါနဲ့ ဒီဘက်က အလင်းဝင်၊အလင်းဝင်ဆိုတာနဲ့ သေနတ်ချပြီး အလင်းဝင်လိုက်တာပါ"ဟု တပ်သားမျိုးသက်မင်းက ပြောသည်။


နိုဝင်ဘာ ၂၆ ရက်က လွိုင်ကော်မြို့အနီး လင်းဖုံလေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရ၍ စစ်ကောင်စီစစ်ကြောင်းမှာ ဖရိုဖရဲဖြင့် ဆုတ်ခွာခဲ့ရကြောင်း KNDFက အသိပေးထားသည်။


ထို့အပြင် နယ်မြေရှင်းလင်းချိန်တွင် လက်နက် ၂၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။


(ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ငါးဦးအား ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - File)

ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး



 ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/Ruavazung စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲများ တွင် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအဝင် သေနတ် ၅၇ လက်၊ ခဲယမ်းများ၊ ဒရုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး စစ်သုံ့ပန်း ၁၉ ဦးဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။ 


" ဟားခါး Ruavazung စခန်းကနေ စစ်သုံ့ပန်း ၁၉ ဦးမိတာပါ။ သီမြစ်စစ်တပ် စခန်းသိမ်းတိုက်ပွဲမှာ သေနတ်တွေ၊ RPG ၊ 60MM တို့ရတယ်။ စခန်း ၄ ခုကို သိမ်းပိုက်ရာမှာ သေဆုံးသူ စစ်ဘက်ကနေ ၂၀ ကျော်လောက်ရှိမယ်။ စစ်သားတွေက အကုန်ထွက်ပြေးကုန်ကြတာ။ တောထဲ ခြုံထဲမှာ လည်း အလောင်းတွေရှိတယ်။ လက်နက်ခဲယမ်းကတော့ ၅၇ လက်လောက်ရထားတယ်။ ဒရုန်းတွေလည်းပါတယ်။ ပြီးရင် နိုဝင်ဘာလ ၂၉ မှာ ဟားခါးမြို့ ဗျူဟာကုန်း ၂၂၆ တပ်ရင်းမှူးကို ဟားခါးအပြန် အော်တိုတောင်ကနေ CC တပ်က ပစ်တယ်။ ဒဏ်ရာရပြီး ဆေးရုံတင်တာ မနေ့က တပ်ရင်းမှူး ဆုံးတယ်။ ခလရ ၂၂၂ တပ် ရင်းမှူး သေတာလည်း ပြောပြီးပြီ။ ဟားခါးတိုက်ပွဲတွေမှာ တပ်ရင်းမှူး ၃ ဦးသေတယ်" ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။ 


လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ်ကူအင်အား ဖြည့်တင်းမှုရှိနေကြောင်း၊ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း CNA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။ 


Photo- Voice of Chinalnd။

Thursday, 28 November 2024

အဓမ္မစုဆောင်းခံရတဲ့ တပ်သားတွေနဲ့ လက်နက်ချအလင်းဝင်မှု


 အဓမ္မစုဆောင်းခံရတဲ့ တပ်သားတွေနဲ့ လက်နက်ချအလင်းဝင်မှု 


 စစ်ကောင်စီတပ်ဟာ နှစ်ပေါင်း ၇၀ ကျော်တိုင် အခိုင်အမာဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်တပ် တ တပ်ဆိုတာ အာဏာမသိမ်းမီကာလအထိ ယုံကြည်ခဲ့ပါတယ်။ ယခု မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ လူထုလူပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေ ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာမှု၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို အလူးအလဲခံနေရပါတယ်။ ဒီလိုတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာတွေကြောင့် အခိုင်အမာတည်ဆောက်ထားတဲ့စစ်တပ်ဟာ တပ်အင်အားပိုင်း (ရုပ်ပိုင်း)တင် မကဘဲ စိတ်ဓာတ်တွေပါ အတော်ပျက်စီးယိုယွင်းလာနေတာတွေ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ လိုအပ်တဲ့ တပ်သားဖြည့်တင်းတာတွေ ပြုလုပ်နေပေမယ့်လဲ ရှေ့တန်းနယ်မြေတွေမှာ အလံဖြူထောင် လက်နက်ချအလင်းဝင်တာတွေ တော်တော်များများဖြစ်လာနေပါတယ်။အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားတော်တော်များများဟာ သင်တန်းဆင်းတာ နဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ခံရပါတယ်။ တပ်သားသစ်တွေဟာလဲ ရှေ့တန်းစစ်မြေပြင်မှာ အခွင့်အရေးရတာနဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာကို တွေ့ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဗျူဟာ (၃၃) ဒေါန တပ်ရင်းဆီကို အဓမ္မ စစ်မှုထမ်းနေရတဲ့ တပ်သား (၆) ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းကို စစ်ကောင်စီတပ်သား (၂) ဦး လက်နက်နဲ့ အတူ အလင်းဝင်ရောက်ခဲ့ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ် (၂) ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဝင်ရောက်လာခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်သား (၁၇) ဦးအလံဖြူထောင် အလင်းဝင် မှုရှိခဲ့ကြောင်းတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၅၁၀၁) တပ်ရင်း နဲ့ အမှတ် (၅၁၀၂) ဆီကို ရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင် တို့ နိုဝင်ဘာလ အတွင်း အလင်းဝင်ခဲ့ပါတယ်။


ခြေလျင်တပ်တွေတင်မက ရေတပ် ၊သံချပ်ကာတပ် ၊အင်ဂျင်နီယာတပ်စတဲ့ လက်ရုံးတပ်တွေကပါ လက်နက်ချ အလင်းဝင် လာတာ ကိုတွေ့မြင်ရပါတယ်။ စစ်ကောင်စီဟာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှု တွေလုပ် နေပေမယ့်လဲ စိတ်ဓာတ်ရေးရာအရ ယိုယွင်းပျက်စီးတာလာ၊ လက်နက်ချအလင်းဝင်မှုတွေ တဖြည်းဖြည်းများပြားလာတာတွေ တွေ့နေရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

အမ်းတိုက်ပွဲက ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူးဇော်ထက်နောင်အပါအဝင် စစ်သား ၁၄ ဦးကို ရိုးလမ်းပေါ်တွင် ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး



 အမ်းတိုက်ပွဲက ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူးဇော်ထက်နောင်အပါအဝင် စစ်သား ၁၄ ဦးကို ရိုးလမ်းပေါ်တွင် ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး


လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၂၈ / ၂၀၂၄


တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် (ကြည်း ၅၆၁၇၈) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၁၄ ဦးကို ကျောင်းသားလက်ရုံး တပ်တော် (Student Armed Force)က တိုက်ပွဲအတွင်း ဖမ်းဆီးလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်ထားပါတယ်။ 


ဒီတိုက်ပွဲဟာ နိုဝင်ဘာ (၂၃) ရက်နေ့က အမ်း-ပဒါန်း လမ်းတစ်နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


AA နဲ့ ဖြစ်ပွားခဲ့တဲ့ အမ်းတစ်မိုင်ကုန်းတိုက်ပွဲကနေ ဆုတ်ခွာ ထွက်ပြေးလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင်ဦးစီးတဲ့ အဖွဲ့ကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ စောင့်ကြိုပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ (၂ ) ဦး သေဆုံးခဲ့ပါတယ်။ 


တိုက်ပွဲအတွင်း သုံ့ပန်း (၁၄)ဦး၊ ပစ္စတိုတစ်လက် အပါအဝင် လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတို့ကို တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 


ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တိုက်ပွဲအတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေက ဆက်လက်ပြီး နယ်မြေရှင်းလင်း လျက်ရှိနေတယ်လို့ သိရပါတယ်။


ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>> 


https://burmese.narinjara.com/local-news/detail/674871085fa7566f39aefce1

NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်




NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်


-People's Spring 


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုဝင်ဘာ၂၆ ရက်မှာပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်းမှ ထူးခြားချက် ငါးချက်ကို People's Spring က ​ကောက်နှုတ်​​ဖော်ပြလိုက်ပါတယ် ။


▪︎ “အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်း

အလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်း

အလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အား

လုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်"


▪︎"လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ - စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး - နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ - တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို လျစ်လျှူရှုလို မရပါဘူး။  ဒါကို မဟာဗျူဟာအပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး - တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖိုဖြစ်ပါတယ်"


▪︎"သေချာတာတစ်ခုကတော့ - တော်လှန်ရေးအင်

အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် - စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လိုလည်း မရပါဘူး။ကျွန်တော်တိုအနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ - China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်"


▪︎"နွေဦးတော်လှန်ရေးဟာ - လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို ပြောချင်ပါတယ်"


 

▪︎"အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုး

ရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေ

စိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ”ဖြစ်လိုမရပါဘူး။ လက်တွေ့

ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ - ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး - အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်

အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်

တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီ

လူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်။  ”

Wednesday, 27 November 2024

ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်သားအများစု ထွက်ပြေးသွားပြီး လိုက်လံရှင်းလင်းနေ


 ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်သားအများစု ထွက်ပြေးသွားပြီး လိုက်လံရှင်းလင်းနေ


ရန်ကုန်၊ နိုဝင်ဘာ ၂၇ 


ချင်းပြည်နယ်၊ ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါ ပွိုင့် ၃ တောင်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၄၀ ဝန်းကျင် တပ်စွဲထားသော စခန်းဖြစ်ကြောင်း၊ ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"အင်အား ၄၀ လောက်ရှိတဲ့စခန်းဖြစ်ပါတယ်။ အလောင်း ၄ လောင်းရတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိပါတယ်"ဟု CNA သတင်းရင်းမြစ်က ရှင်းပြသည်။ 


လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၆ လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပွိုင့် ၃ စခန်းသိမ်းတိုက်ပွဲသည် နို၀င်ဘာ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှု၊ အမြောက်တပ်၏ လက်နက်ကြီးပစ်ခတ်၍ ခုခံသည့်ကြားမှ ယင်းစခန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

လွိုင်ကော်မြို့သို့ ချီတက်လာသောစစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးထက်မနည်းအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိ



 လွိုင်ကော်မြို့သို့ ချီတက်လာသောစစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးထက်မနည်းအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၂၇ 


ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားများကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိပါဘူး” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွင် အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ စစ်သား ၄၀ ကျော်သေဆုံးကြောင်းလက်နက် ၂၀ ကျော် သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုပြောကြား သည်။


“မနေ့က လွိုင်ကော်မြို့ဘေး တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းအသစ်တွေ ၆ ယောက်အရှင်မိတယ်၊ လက်နက် ၂၀ ကျော်ရတယ်။ ၄၀ ကျော်သေတယ်၊” ဟု ၎င်းက ပြောဆိုသည်။


တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမ မြို့နယ်အခြေစိုက် တပ်ရင်းဖြစ်ပြီး ကရင်နီပြည်နယ်သို့ မကြာခဏပို့ဆောင်ခံရကာ ပို့ဆောင်ခံရသည့်အကြိမ်တိုင်း တိုက် ခိုက်ချေမှုန်းခံနေရသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ- ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ။

Tuesday, 26 November 2024

ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


 ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


ရန်ကုန်၊နိုဝင်ဘာ ၂၅ 


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


နိုဝင်ဘာလ ၁၉ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့များအခြေချထားသည့် တပ်စခန်းကြီးဖြစ်သည့် ဆိုင်းပန်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီးဖြစ်ကာ ရွှေတွင်းရွာရှိ စစ်တပ်နှင့် SNA တပ်စခန်း၊ ရာလာတီးကျေးရွာမှ တပ်စခန်းများအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


" ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီရယ်၊ ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့ရယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲပြင်းထန်နေတာ လနဲ့ ကြာလာပြီပေါ့။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


လတ်တလောတွင် ဟုမ္မလင်း၊ ဖောင်းပြင်နှင့် ပါဟုတ်ကြီးရွာတစ်ဝိုက်တွင် နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကျဲခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲများအတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်အနည်းငယ်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။


"ပါဟုတ်ကြီးမှာ တိုက်ပွဲနေ့တိုင်း ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကလည်း နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ဒရုန်းလည်း သုံးပြီးတိုက်တယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်။ သူတို့ ထွက်ပြေးသွားတဲ့ တပ်ဆုတ်သွားတဲ့ လမ်းကြောင်းနောက် အကုန်လိုက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပေါင်းပြီး တိုက်ခိုက်နေတယ်။ လောလောဆယ် ဒီ ဟုမ္မလင်း စစ်ကိုင်းဘက်ခြမ်းက ဟုမ္မလင်းရယ်၊ ဖောင်းပြင်နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ အဓိက စစ်ကောင်စီနဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်" ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် ရှမ်းနီ SNA တပ်များက စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...