Tuesday 6 June 2023

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ


 ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ


ရန်ကုန်၊ ဇွန် ၆ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းတချို့ကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနှင့် နတ်သံကွင်းရဲစခန်း တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ နံနက် ၄ နာရီ ၁၅ မိနစ်မှ ယခု နံနက် ၇ နာရီဝန်းကျင်အချိန်အထိ တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။  


"ဒီမနက်လေးနာရီ ၁၅လောကတိုက်ပွဲတွေဖြစ်တယ်။ နတ်သံကွင်းရွာ၊ ရေတွင်းကုန်ကြီး၊ ဘုံသတော တပ်စခန်းတွေနဲ့ နတ်သံကွင်းရဲစခန်းတွေ အစီးခံရတယ်လို့ သိရတယ်။ အခုထက်ထိ ပစ်ခတ်သံတွေ လက်နက်ကြီး ပစ်သံတွေ မရပ်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် နတ်သံကွင်းရဲစခန်း အပါအဝင် ဝင်ရောက်စီးနင်းခံရသော စစ်တပ်စခန်းနေရာများကို ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတွင် KNLA တပ်များနှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက လှုပ်ရှားလျက်ရှိနေရာ လက်ရှိ တိုက်ပွဲများသည် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။ 


ဓာတ်ပုံ- ယခု နံ နက် ၇ နာရီဝန်းကျင် စစ်တပ်ရဟတ်ယာဥ်များ ပျံ၀ဲပစ်ခတ်နေစဥ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...