Monday 2 October 2023

ပဲခူးတိုင်းမှ စခန်းသိမ်း တိုက်ပွဲများ


 ပဲခူးတိုင်းမှ စခန်းသိမ်း တိုက်ပွဲများ


ပဲခူးတိုင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဟာဗျူဟာမြောက်တည်ရှိနေပြီး အရေးကြီး ဆက်သွယ်ရေး လမ်းမကြီး (Line of Communication) တွေ ဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း/လမ်းဟောင်း/ရထားလမ်း နဲ့ ရန်ကုန်-ပြည် လမ်းမကြီးတွေ ရှိရာ တိုင်း ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (Southern Command) အခြေစိုက် တာဝန်ယူရာ နယ်မြေထဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ တပ်မ (၆၆) နဲ့ (၇၇) အခြေစိုက်ရာ နယ်မြေ ဖြစ်သလို၊ တပ်ရင်းအများစုရဲ့ နောက်တန်း ဌာနချုပ်တွေ ရှိရာ ဒေသ၊ ရန်ကုန်-ပြည် လမ်းမ တလျှောက် ပဲခူး ရိုးမ အနောက်ခြမ်း မှာ တပ်ရင်းဌာနချုပ်များ တန်းစီ ရှိနေရာ ဒေသ ဖြစ်ပါတယ်။ စစ်တိုင်းဌာနချုပ် ကို တောင်ငူ မှာ အခြေစိုက်ထားပြီး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခု ကို ပြည် မြို့မှာ အခြေစိုက်ထားပါတယ်။ ပဲခူးတိုင်း တွင်းမှာ လူဦးရေ စုစုပေါင်း ၅ သန်း နီးပါးရှိပြီး ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပဲခူး ခရိုင်၊ ညောင်လေးပင် ခရိုင် နဲ့ နတ်တလင်း ခရိုင် တို့ရှိကာ မြို့ (၅၂) မြို့၊ ကျေးရွာ (၆၂၈၇) ရွာ ရှိပါတယ်။


မြန်မာ နိုင်ငံ တော်လှန်ရေး အစဥ်အဆက်မှာ အရေးကြီးတဲ့ ပဲခူး ရိုးမ ဟာ ဆိုရင် ပဲခူးတိုင်းတွင်းမှာပဲ ရှိပါတယ်။ ပြောက်ကျားစစ် ဆင်နွဲမယ့် တော်လှန်ရေး တပ်ဖွဲ့အသီးသီးဟာ နိုင်ငံအလယ်ပိုင်းမှာ အချက်အခြာကျ တည်ရှိနေတဲ့ ပဲခူး ရိုးမ ကို အခြေပြုရလေ့ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ အတွက် ပဲခူး ရိုးမ ပတ်ခြာလည်မှာ တပ်ရင်းတွေ၊ တပ်မ တွေကို အခြေစိုက် ထားပြီး စစ်တပ်က ကြိုတင် လက်ဦးမှုယူ ဝိုင်းပတ် ပိတ်ဆို့ဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး ကာလမှာတော့ ပဲခူး ရိုးမ နဲ့ ဆက်စပ်ဒေသတွေ၊ ပဲခူး တိုင်းတွင်းမှာ အဖက်ဖက်က ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ ကြားက ခုခံ တိုက်ခိုက်မှုတွေဟာ ၂၀၂၃ ခုနစ်တွင်းမှာ သိသိသာသာ ပေါ်ထွက်လာပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ ပြောက်ကျားစစ်ဆင်တိုက်ခိုက်မှုသာမကဘဲ ရိုးမ ပေါ်မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာ၊ အမြန်လမ်း အနီးမှာ တိုက်ပွဲဖော်တာ၊ ပဲခူးတိုင်းတွင်း စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲတာတွေ ထိ ပါဝင်ပါတယ်။ ခုခံတွန်းလှန်စစ် ပထမနှစ်ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ကာလ အတွင်း ပဲခူးတိုင်းမှာ တိုက်ခိုက်မှုပေါင်း (၁၃၈) ကြိမ်ဖြစ်ပွားခဲ့ရာကနေ ၂၀၂၂-၂၀၂၃ ကာလ မှာတော့ (၃၂၅) ကြိမ် ထိ နှစ်ဆ ကျော် တိုးတက်လာတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပဲခူးတိုင်း အထူးသဖြင့် အနောက်ဘက် ဒေသတွေဟာ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင် ဒေသတွေလို မဟုတ်ဘဲ လက်နက် ရရှိမှုနိုင် ရင်းမြစ်တွေနဲ့ ဝေးရာ ဒေသတွေမှာ တည်ရှိပြီး ထောက်ပို့လမ်းကြောင်း ရှည်လျားစွာ ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကြိုတင်ပိတ်ဆို့ထားမှုတွေ ကြား၊ တော်လှန်ရေး အင်အားစုတွေ ဘက်က ထောက်ပို့လမ်းကြောင်း ခက်ခဲမှုတွေကြားက စခန်းသိမ်းတိုက်ပွဲတွေ၊ ရန်သူကို အထိနာအောင် တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပါတယ်။ 


ပဲခူး ရိုးမ နဲ့ ပဲခူးတိုင်း လူထု ဟာဆိုရင် ပြည်တွင်းစစ် ကာလ အတွင်း ဖြတ်လေးဖြတ် ပိတ်ဆို့မှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံတွေကို ကောင်းမွန်စွာ တွေ့ကြုံဖူးတဲ့ လူထု ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အခက်အခဲကြားက ပြည်သူ့ခုခံတော်လှန်စစ်ကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။


ပြည်သူ့ ကာကွယ်ရေး တပ်မတော် အနေနဲ့ ပဲခူးတိုင်းတွင်းမှာ ခရိုင်တွေကို အခြေပြုပြီး တပ်ရင်းပေါင်း (၈) ရင်းထက် မနည်းကို စုဖွဲ့ထားပြီး သက်ဆိုင်ရာ မြို့နယ် အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တွေကိုလဲ ဖွဲ့စည်းထားရှိပါတယ်။ ပဲခူး တိုင်း အရှေ့ခြမ်း ဒေသတွေမှာ မဟာမိတ် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ ပူးတွဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ပဲခူးတိုင်းတွင်း စစ်ရှိန် သိသိသာသာ မြင့်လာတာကတော့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စတင်မယ်လို့ ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနစ် ဇူလိုင်လ လောက်က စတင်ပါတယ်။ သိသာထင်ရှားတဲ့ တိုက်ပွဲ နဲ့ စခန်းသိမ်းပွဲတွေကတော့ ဇူလိုင် (၁၉) ရက်နေ့မှာ ကျောက်တံခါး မြို့နယ် နံဇ ကျေးရွာ အနီး ရန်သူ့ အင်အား (၄၀၀) ခန့် ဝင်ရောက်လာတာကို ခုခံတိုက်ခိုက်မှု အတွင်း (၃၃) ဦး သေဆုံး၊ (၄၈) ဦး ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ သြဂုတ်လ (၉) ရက်နေ့တွင်း ကျောက်တံခါး မြို့နယ်၊ သမင်အင်းကုန်း တိုက်ပွဲ မှာ စစ်တပ်ဘက် က (၃၀) ကျော် သေဆုံးပြီး လက်နက်ငယ် (၂၁) လက် သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲ၊ သြဂုတ် (၂၉) ရက်နေ့တွင်း ကျောက်ကြီး မြို့နယ်၊ အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင် ဧရိယာ မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နဲ့ ပူးပေါင်း တိုက်ခိုက်မှု အတွင်း သစ်ချဆိတ်စခန်း သိမ်းယူနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ (၄၀) ကျော် သေဆုံး လက်နက်ငယ် (၁၉) လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ စက်လက် (၁) လက် သိမ်းယူနိုင်ခဲ့ပါတယ်။ ထူးခြား တဲ့ တိုက်ပွဲကတော့ အမြန်လမ်း (၁၆၂) မိုင် မှာ အင်အား (၂၀) နဲ့ အခြေချထားတဲ့ ဆိပ်ဖူးတောင် စခန်း ကို စက်တင်ဘာ (၁၁) ရက်နေ့တွင်း တိုက်ခိုက်မှု ဖြစ်ပြီး ရန်သူ (၁၅) ဦးကို ရှင်းလင်း နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အမြန်လမ်းပေါ် နဲ့ အမြန်လမ်းမကြီး အနီးမှာ တိုက်ခိုက်မှုတွေ ပေါ်ထွက်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ် တွေရဲ့ စစ်ရေးအရ တိုက်ကွက်ဖော်နိုင်မှုဟာ အမြန်လမ်း ဒေသ ထိ ရောက်လာတာ ကို ပြသနေပါတယ်။ ခုခံစစ် နှစ်နှစ်ကျော် ကာလ အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ နယ်စပ် ဒေသ ကနေ နိုင်ငံရဲ့ အလယ်ပိုင်း အချက်အခြာ ဒေသထိ စစ်ရေးအရ သွားလာနိုင်တာ၊ တိုက်ပွဲဖော်နိုင်လာတာကို ပြသပါတယ်။ မကြာခင် ကာလ အတွင်း အမြန်လမ်းလို လမ်းမကြီးတွေကိုပါ စိုးမိုးပိတ်ဆို့နိုင်‌တော့မယ်ဆိုတာ ဒီ ဖြစ်စဥ်တွေက ညွှန်ပြနေပါတယ်။


ပဲခူး ရိုးမ အရှေ့ခြမ်း မြို့နယ် တိုက်ပွဲတွေ အပြီးမှာ ရိုးမပေါ် နဲ့ ရိုးမ အနောက်ခြမ်း မြို့နယ် တိုက်ပွဲတွေ ကို ကြည့် ရအောင်။ အထက်မှာ ဖော်ပြခဲ့သလိုပဲ ရိုးမ ပေါ် နဲ့ ရိုးမ အနောက်ခြမ်း ဒေသ ဟာ ထောက်ပို့လမ်းကြောင်း ရှည်လျားပြီး ရန်သူ့ တပ်ရင်းတွေ ကြားမှာ တည်ရှိနေတဲ့ ဒေသပါ။ အရေးပါဆုံးစခန်းသိမ်း တိုက်ပွဲကတော့ မင်းလှ မြို့နယ်၊ စိန့်ကန့်လန့်-မြို့ချောင်း ရိုးမ ဖြတ်ကျော်လမ်းမှာ ရှိတဲ့ ခါချဥ်တောင် စခန်း ကို စက်တင်ဘာ ၉ ရက်နေ့မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သိမ်းယူနိုင်မှု ဖြစ်ပါတယ်။ အဆိုပါ စခန်းကို ပြန်လည် သိမ်းယူနိုင်ရန် စစ်တပ်ဘက်မှ အင်အား (၃၀)၊ (၈၀) ခန့်ပါ စစ်ကြောင်းများဖြင့် (၃) ကြိမ်ထက် မနည်း တိုက်ခိုက်လျက်ရှိသော်လည်း စက်တင်ဘာလ နှောင်းပိုင်းအထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်က သိမ်းယူထားနိုင်နေပါတယ်။ ပေါက်ခေါင်း မြို့နယ် ကန်ကြီး ရဲစခန်းကို စက်တင်ဘာ (၉) ရက်နေ့တွင်း ဝင်‌ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ (၅) ဦး သေဆုံးခဲ့ပါတယ်။ ရိုးမ ပေါ် တိုက်ပွဲများ အနေနဲ့ အုတ်ဖို မြို့နယ်ရှိ ပဲခူး ရိုးမ ပေါ် တို့ အင်အား ၃၄ ဦး နဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းကို စက်တင်ဘာ (၁၆) ရက်နေ့တွင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား (၂) ဦး သေဆုံးခဲ့ပါတယ်။ ပေါင်းတည် မြို့နယ် ပဲခူးရိုး ရိုးမ ပေါ် ဝင်ရောက်လာတဲ့ အင်အား (၂၈) ဦး ပါ စစ်ကြောင်းကိုလည်း မိုင်းဆွဲစဥ် အတွင်း စစ်ကောင်စီ ဘက်မှ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရှိခဲ့ပါတယ်။ မင်းလှ မြို့နယ်၊ ပဲခူး ရိုးမ ဘီးချောင်းကုန်းသို့ စက်တင်ဘာ (၂၃) ရက်နေ့တွင်း အင်အား (၁၀၀) ဖြင့် စစ်ကြောင်းထိုးလာမှု ကို ခုခံ တိုက်ခိုက်စဥ် အတွင်း စစ်သား (၁၆) ဦး သေဆုံး (၂၀) ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် (၁) ဦး ရန်သူ့ စနိုက်ဘာ ထိမှန် ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရိုးမ ပေါ်ကို ပြည်သူ တွေ သွားလာခြင်း မလုပ်ဖို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) က လဲ ထုတ်ပြန်ထားပါတယ်။ ဒီ ဖြစ်စဥ်တွေကို ကြည့်ရင် စစ်တပ် အနေနဲ့ ရိုးမ ပေါ် ကို မရှိမဲ့ ရှိမဲ့ အင်အား ဖြင့် စစ်ကြောင်းထိုးလျက်ရှိပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ရိုးမ ပေါ်မှာ စခန်းသိမ်းပွဲတွေ ဆင်နွဲနိုင်တာ၊ စစ်ကြောင်းထိုးလာတာကို ကောင်းမွန်စွာ ခုခံနိုင်နေတာ တွေ့နိုင်ပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း က တခြားသော တိုက်ပွဲတွေ၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေကို ကြည့်ရင် အဓိက အားဖြင့် ပြည် မြို့ အနီးက ပေါက်ခေါင်း မြို့နယ် နဲ့ မင်းလှ မြို့နယ်တို့မှာ အဓိက အားဖြင့် ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ပေါက်ခေါင်း ဟာ ယခင်ခေတ်တွေကတည်းက တော်လှန်ရေး အင်အားစုတွေ အားကောင်းရာ ဒေသ ဖြစ်ပြီး ဒကစ အခြေစိုက်တဲ့ ပြည် မြို့ နဲ့ မိုင် (၂၀) လောက်ပဲ ဝေးပါတယ်။ ရိုးမ ပေါ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ မင်းလှ မြို့နယ်ဟာဆိုရင်လဲ စစ်တပ် ဖွဲ့ အသီးသီး အခြေချရာ မှော်ဘီ နဲ့ မိုင် (၆၀) အကွာမှာပဲ ရှိပါတယ်။ ဒီ အချက်အလက်တွေကို ကြည့်ရင် ခုခံတိုက်ခိုက်မှုတွေဟာ ရန်သူ့ စစ်ရေး အချက်အခြာ နေရာတွေ နဲ့ အနီးမှာ ရှိနေတာ၊ အဲဒီ ဒေသတွေကိုပါ စစ်အင်အား လုံလောက်စွာ ပေးပို့ပြီး လုံခြုံအောင် မလုပ်ဆောင်နိုင်တာ ကိုတွေ့နိုင်ပါတယ်။


စစ်အင်အား မလုံမလောက် ဖြစ်နေတဲ့ အကြမ်းဖက် စစ်အာဏာရှင်တွေဟာ အဲဒီ အချက်တွေကြောင့်ပဲ ပဲခူး တိုင်းတွင်းမှာ ရှိတဲ့ ပြည်၊ တောင်ငူ၊ ပဲခူး ဒေသတွေမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပြည်သူ့ စစ် အဖြစ် ဖွဲ့စည်းခိုင်းလာတာ ကို စက်တင်ဘာလ တွင်း သိသိသာသာ တွေ့ရပါတယ်။ ပြည်သူ့စစ်တွေ ဖွဲ့စည်းတာ၊ လက်ရုံး တပ်တွေကို ရှေ့တန်း ပို့တာ၊ ရဲတွေကို စစ်တိုက်ခိုင်းတာတွေ လုပ်ဆောင်နေပေမယ့် စစ်တပ်ရဲ့ နောက်တန်း တပ်ရင်းဌာနချုပ် နယ်မြေတွေဟာ ရှေ့တန်း စစ်မျက်နှာ ဖြစ်လာပြီဆိုတာကို ပဲခူးတိုင်း တွင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေက ပြသနေပါတယ်။ အဲဒီလို အကြပ်ရိုက်နေတဲ့ စစ်တပ်ဟာ စစ်ဆင် တိုက်ခိုက်ရေး ထက် ခံစစ် ဆင်နွဲဖို့ တဖြည်းဖြည်း ပြင်ဆင်လာတာကို တွေ့ရပါတယ်။ လက်နက်ကြီး နဲ့ လေကြောင်း အားသာတဲ့ စစ်တပ်ဟာ ခုံစစ်ဆင်နွဲပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ရင်ဆိုင်ဖို့ လုပ်ဆောင်လာတာကိုတွေ့နေရပါတယ်။ ‌ရန်ကုန်-မန္တလေး လမ်းဟောင်း၊ အုတ်တွင်း မြို့နယ် နဲ့ စစ်တောင်းမြစ် ကို ဆက်သွယ်ထားတဲ့ မြက်နီကွင်း ကွန်ကရစ်လမ်း၊ လမ်းဟောင်း နဲ့ အမြန်လမ်း ဆက်သွယ်ထားတဲ့ မဲချောင်း ကွန်ကရစ် လမ်းတွေကို စစ်တပ်က ဖျက်ဆီး ပိတ်ဆို့ထားသလို ထန်းတပင် မြို့နယ် ကင်မွန်းချုံ ကျေးရွာ ရွှေပုဂံ-အောင်သာယာ လမ်းပိုင်း ကိုလည်းစက်တင်ဘာ (၁၄) ရက်နေ့မှာ စစ်တပ်က ဖျက်ဆီးလမ်းပိတ်ခဲ့ပါတယ်။ ရွှေကျင် မြို့နယ်၊ ခြေတော်ရာ ရွာ နဲ့ သရက်ချောင်း ရွာကြား လမ်းကိုလဲ စစ်တပ်က ဘတ်ဟိုးနဲ့ သြဂုတ် (၂၀) ရက်နေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ လမ်းပိုင်း ဖျက်ဆီးမှုတွေ ကို ကြည့်ရင် စစ်တောင်းမြစ် ပတ်ဝန်းကျင် ဒေသ၊ ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တွေမှာ စစ်တပ်က လုပ်ဆောင်နေတာ တွေ့ရပြီး အဲဒီ ဒေသရဲ့ ခုခံတွန်းလှန်မှု အရှိန်အဟုန် ကို သိနိုင်ပါတယ်။


အထက်ဖော်ပြပါ စခန်းသိမ်းတိုက်ပွဲ၊ စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်မှု၊ စစ်တပ်ရဲ့ လမ်းပိုင်း ဖျက်ဆီးမှုတွေဟာ ၂၀၂၃ ခုနစ် ဇူလိုင် လ နောက်ပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲက အရေးကြီး ဖြစ်စဥ်တွေသာ ဖြစ်ပြီး တိုက်ပွဲအားလုံး မပါသေးပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေကို သုံးသပ်ကြည့်တာနဲ့တင် ပဲခူး တိုင်း ရဲ့ စစ်ရေး အခြေအနေ ကို သိနိုင်ပါတယ်။ စစ်တပ် အနေနဲ့ အင်အား မလုံလောက်တာ၊ အရေးကြီး အမြန်လမ်းမကြီးကိုပါ လုံခြုံအောင် မထိန်းသိမ်းနိုင်တာ၊ တပ်ရင်းဌာနချုပ်တွေ အနီးနားက ပဲခူးရိုးမ ပေါ်မှာပါ စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရတာ၊ စခန်းသိမ်းခံနေရတာတွေကို တွေ့နိုင်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ “လမ်းအားလုံး နေပြည်တော်သို့ ” စစ်ရေး စီမံချက်ကို အကောက်အထည် ဖော်လျက်ရှိပြီး ရန်သူ့ စိုးမိုးနယ်မြေ ထိုးဖောက်ရေး လုပ်ဆောင်မယ်လို့ တရားဝင်ပြောကြားမှုနဲ့ အတူ ရန်သူ့ စိုးမိုးနယ်မြေ တခု ဖြစ်တဲ့ ပဲခူး တိုင်းတွင်း ခုခံတွန်းလှန်မှု အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ခုခံမှု အရှိန်မြင့်လာတာနဲ့ အတူ ရန်သူ့ စိုးမိုးနိုင်မှု တဖြည်းဖြည်း ယိုင်လဲ သွားမှာ ဖြစ်ပြီး ကရင် တောင်တန်း ဒေသ နဲ့ ရခိုင် ရိုးမ ကြား မဟာဗျူဟာမြောက် အချက်အချာကျ တည်ရှိနေတဲ့ ပဲခူး ရိုးမ နဲ့ ပဲခူးတိုင်းဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ စိုးမိုး နယ်မြေ တခု အဖြစ် ပေါ်ထွက်လာတော့မှာပါ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...