Monday 23 October 2023

အရှေ့တောင်အာရှ မြို့ပြစစ်ဆင်ရေး သမိုင်းသစ်ထိုးလိုက်တဲ့ ရန်ကုန်


 အရှေ့တောင်အာရှ မြို့ပြစစ်ဆင်ရေး သမိုင်းသစ်ထိုးလိုက်တဲ့ ရန်ကုန်


ရန်ကုန် မြို့၊ စမ်းချောင်း မြို့နယ်၊ ဗားဂရာလမ်းမ ပေါ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးက ၂၀၂၁ ခုနစ်၊ မေလ (၂၁)၊ နေ့လည်ပိုင်းမှာ ပေါ်ထွက်လာတဲ့ သေနတ်သံဟာ အရှေ့တောင်အာရှ မြို့ပြ စစ်ဆင်ရေးသမိုင်းသစ်ကို ယူဆောင်လာခဲ့တယ်။


မြန်မာနိုင်ငံ ပြည်တွင်းစစ် သမိုင်းတလျှောက်မှာ တိုက်ခိုက်မှု အများစုဟာ ကျေးလက် နဲ့ တောင်တန်း ဒေသတွေမှာ အများစုတိုက်ခိုက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးကာလမှာတော့ မြို့ပြ ဒေသ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုက် ပေါ်ထွက်လာခဲ့တယ်။ ဒါ့အပြင် ရန်ကုန် မြို့လို လူဦးရေ ၅ သန်း ကျော် နေထိုင်တဲ့ မီဂါစီးတီး၊ စောင့်ကြည့်ရေး ကင်မရာ အပါအဝင် ထောက်လှမ်းရေး စနစ်မျိုးစုံ တပ်ဆင်ထားတဲ့ မြို့ပြဒေသမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတယ်။ အရှေ့တောင်အာရှ ဒေသတခုလုံးမှာ ဒီလိုမျိုး ၂၁ ရာစု စောင့်ကြည့်ရေးစနစ်တွေအောက်မှာ၊ လူဦးရေ သန်းချီ နေထိုင်တဲ့ မြို့ကြီးတမြို့မှာ မြို့ပြ ပြောက်ကျားစစ်ဆင် တိုက်ခိုက်မှု မပေါ်ဖူးသေးဘဲ၊ ရန်ကုန် မြို့ပြ ပြောက်ကျား တိုက်ခိုက်မှုတွေဟာ ပထမဆုံးဖြစ်ရပ်တွေ ဖြစ်တယ်။ ဒီ့အတွက်ကြောင့်လည်း သမိုင်းသစ်လို့ ပြောရခြင်းဖြစ်တယ်။ 


နွေဦးတော်လှန်ရေး ကာလ အတွင်း ရန်ကုန် မြို့ပြစစ်ဆင်ရေး အတက်၊အကျတွေကို မပြောခင် မြို့ပြ ပြောက်ကျားလှုပ်ရှားမှုတွေကို သီအိုရီပိုင်းအရ ဘယ်လို သုံးသပ်လေ့ရှိလဲ ဆိုတာကို အရင်ကြည့်ရအောင်။


(၁) အထူးစစ်ဆင်ရေး နောက်ခံ အခြေအနေ

(၂) လုံခြုံရေး တင်းကြပ် နောက်ခံ အခြေအနေ

(၃) မြို့တွင်းစစ် ဖြစ်နေတဲ့ နောက်ခံ အခြေအနေ

ဆိုပြီး မြို့ပြစစ်ဆင်ရေးတွေ ကြုံတွေ့နိုင်တဲ့ နောက်ခံ အခြေအနေ (၃) ရပ်ကို အမေရိကန် ကြည်းတပ် စစ်မြေပြင် လက်စွဲ (fm 3-06.11) မှာ ဖော်ပြထားပါတယ်။ ဒီလို မြို့ပြ မှာ ကြုံတွေ့နိုင်တဲ့ ရန်သူ့ရဲ့ ထိန်းချုပ်နိုင်မှု နောက်ခံ အခြေအနေကို သိရှိပြီး မှန်ကန်တဲ့ နည်းဗျူဟာ၊ စုဖွဲ့ပုံ၊ အမိန့်ပေးကွပ်ကဲမှု၊ လှုပ်ရှားဆောင်ရွက်မှု နဲ့ ဆုတ်ခွာမှုတွေ လုပ်ဆောင်နိုင်မှ မြို့ပြ စစ်ဆင်ရေး ဆောင်ရွက်မှုဟာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ 


ပထမ အခြေအနေ ဖြစ်တဲ့ အထူးစစ်ဆင်ရေး နောက်ခံ အခြေအနေ ဆိုတာ ရန်သူ့ အနေနဲ့ မြို့ပြ ဒေသ ကို လုံခြုံရေးပိုင်း လုံးဝ နီးပါး စိုးမိုးထားတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ (ဥပမာ-ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်) ဒီလို နောက်ခံ အခြေအနေမှာ မြို့ပြ လှုပ်ရှားမှုဟာ အထူးစစ်ဆင်ရေး ပုံစံကဲ့သို့ အလျင်အမြန် ဆောင်ရွက်ပြီး အလျင်အမြန် မြို့ပြ က ဆုတ်ခွာဖို့ လိုပါတယ်။ အချိန်ကြာမြင့်စွာ မြို့ပြမှာ နေထိုင်ရင် ရန်သူ့ ထိန်းချုပ်ခံရနိုင်ခြေ ပိုများပါတယ်။ 


ဒုတိယ အခြေအနေ ဖြစ်တဲ့ လုံခြုံရေး တင်းကြပ် နောက်ခံအခြေအနေမှာတော့ ရန်သူအနေနဲ့ မြို့ပြ ဒေသ ကို ထိန်းချုပ်နိုင်မှု တစုံတရာရှိသော်လည်း အလုံးစုံ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ မြို့ပြ ပြောက်ကျားတွေ အနေနဲ့ တစုံတရာ လွတ်လပ်စွာ လှုပ်ရှားနိုင်နေတဲ့ အခြေအနေပါ။ (လက်ရှိ မုံရွာ၊ ရေစကြို မြို့) အဲဒီလို အခြေအနေ မှာ မြို့ပြ ပြောက်ကျားတွေဟာ မြို့တွင်း ပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်နိုင်သလို၊ စုဖွဲ့မှု အင်အားလည်း ပိုမို ကြီးမားစွာ လုပ်ဆောင်လို့ရပါတယ်။ 


နောက်ဆုံး အခြေအနေကတော့ မြို့ပြ တခုလုံးကို တော်လှန်ရေး အင်အားစုတွေက လုံးဝ ထိန်းချုပ်ထားပြီး ရန်သူက မြို့ပြ ဒေသကို ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းရတဲ့ အခြေအနေမျိုးပါ။ (ဥပမာ-စတာလင်ဂရက် မြို့တွင်းတိုက်ပွဲ၊ ချေချင်ညာ ဂရော့ဇနီ မြို့တွင်း တိုက်ပွဲ နဲ့ မကြာခင်လာတော့မယ့် ဂါဇာ မြိုပြ ဒေသ တိုက်ပွဲ)


ရန်ကုန် မြို့ပြ ပြောက်ကျားလှုပ်ရှားမှုမှာ အလုံးအရင်း နဲ့ ဗုံးဖောက်ခွဲတာတွေ၊ ပစ်ခတ်တာတွေ၊ မီးရှို့တာတွေ ပေါ်‌ပေါက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် အနေနဲ့ ၂၀၂၁ ခုနစ် နှောင်းပိုင်းအထိ ဘာလုပ်ရကိုင်ရမှန်း မသိရဘဲ အငိုက်မိခဲ့ပါတယ်။ ရန်သူ ဟာ ကျေးလက် နဲ့ တောတွင်း စစ်ဆင်ရေးတွေမှာသာ ကျွမ်းကျင်ပြီး မြို့ပြ တိုက်ပွဲ နဲ့ ရင်ဆိုင်ရခြင်း မရှိတာကြောင့်ဒီလို အထိနာရခြင်းဖြစ်ပါတယ်။ လူသိများခဲ့တဲ့ တိုက်ခိုက်မှုတွေထဲက တချို့က တော့ ၂၀၂၁ ခုနစ် ဇွန်လ (၁၈) ရက်နေ့မှာ တာမွေမြို့နယ် စစ်ကား တစီးကို ဗုံးပစ် တိုက်ခိုက်မှု၊ သြဂုတ်လတွင်း မြို့ပတ် ရထား တိုက်ခိုက်မှု၊ ဒုတိယ ဗိုလ်မှူး (၁) သေဆုံးခဲ့တဲ့ စက်တင်ဘာ (၉) ရက်နေ့ စမ်းချောင်း ဇလွန်လမ်း တိုက်ခိုက်မှု၊ အောက်တိုဘာလ တွင်း ဗားဂရာ မီးပွိုင့် ဘန်ကာတိုက်ခိုက်မှု တို့ပဲ ဖြစ်ပါတယ်။


စစ်တပ်အနေနဲ့ အဆင့်မြင့် အရာရှိကြီးတွေပါ သေဆုံးခဲ့ရတဲ့ ရန်ကုန် မြို့ပြ တိုက်ခိုက်မှု ပထမလှိုင်းမှာ အောင်ပွဲ တွေ ရရှိခဲ့သလို တော်လှန်ရေး အင်အားစုတွေဘက်က မဟာဗျူဟာ ရွေးခြယ်မှု၊ ဖွဲ့စည်းမှု နဲ့ ပစ်မှတ်ရေးခြယ်မှုတို့ မှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒါကလည်း အထက်မှာ ဖော်ပြထားတဲ့ နောက်ခံ အခြေအနေ အကဲဖြတ်မှု မှာ လိုအပ်ချက်တွေ ရှိခဲ့လို့ပါ။ ရန်သူ ထိန်းချုပ်မှုကြီးမားတဲ့ မြို့ပြ ဒေသမှာ ရန်သူ ထိန်းချုပ်မှု အတန်အသင့် လျှော့ပါးတဲ့ နောက်ခံ အခြေအနေလိုမျိုး ဖွဲ့စည်းမှု နဲ့ ပစ်မှတ် ရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့မိပါတယ်။ ဆိုလိုတာက ရန်သူ ထိန်းချုပ်မှုမြင့်မားတဲ့ ကာလမှာ ကိုယ့်ဘက်က အထူးစစ်ဆင်ရေး ပုံစံ လူအင်အား အနည်းငယ် နဲ့ စစ်ဆင် တိုက်ခိုက်ရမှာ ဖြစ်ပြီး မစ်ရှင်ပြီးတာ နဲ့ မြို့ပြဒေသ ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ဖွဲ့စည်းမှု ပိုင်းမှာလည်း မြို့ပြ လှုပ်ရှားမှု အဖွဲ့ငယ်လေးတွေ ကို လိုက်လံချိတ်ဆက်ထားပြီး ဖွဲ့စည်းမှုအရ သေးငယ်၊ လျှို့ဝှက်ရမယ့် အစား ဖွဲ့စည်းပုံဟာ ကြီးမားသွားခဲ့ပါတယ်။ ပစ်မှတ်ရွေးချယ်မှုမှာလည်း ရန်သူ့ စောင့်ကြည့်ရေး ကင်မရာတွေ များပြားလွန်းတဲ့ ကျောက်တံတား၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ တို့လို မြို့တွင်း မြို့နယ်တွေမှာ အဓိက တိုက်ခိုက်ခဲ့တာကြောင့် နောက်ကနေ လိုက်လံ ‌စောင့်ကြည့် ဖော်ထုတ်ခံခဲ့ရပါတယ်။ 


ဒါပေမယ့် လက်ရှိကာလမှာတော့ ရန်ကုန် မြို့ပြ စစ်ဆင်ရေးပထမလှိုင်း တုန်းကနဲ့ မတူတော့ဘဲ သတင်းရယူမှု ပိုမိုကောင်းမွန်လာတာ၊ ဖွဲ့စည်းမှု သေးငယ် ကျစ်လစ်လာတာတွေ၊ ပစ်မှတ်ရွေးခြယ်မှု ပိုမိုကောင်းမွန်လာတာ၊ လုံခြုံရေး ပိုမို ရှိလာတာ တွေကို တွေ့လာရပါတယ်။ သတင်းထောက်လှမ်းရယူမှုဟာ မြို့ပြ ပြောက်ကျားစစ်ဆင်ရေးရဲ့ အနှစ်သာရ ဖြစ်ပြီး သတင်း မရရှိဘဲ မစ်ရှင်ဖော်ဆောင်လို့မရပါဘူး။ သတင်းထောက်လှမ်းမှု ကောင်းမွန်လာတဲ့အချက်ကို နောက်ပိုင်း မြို့ပြ တိုက်ခိုက်မှုတွေက ပြသနေပါတယ်။ မစ်ရှင်ဖော်ဆောင်မှုမှာလည်း ရန်သူ့စောင့်ကြည့်ရေး ကင်မရာတွေ နှိုင်းရအားဖြင့် နည်းတဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာ ပိုမို ဖော်ဆောင်လာတာ၊ တိုက်ခိုက်ရခက်တဲ့ အခိုင်အမာ ဘန်ကာတွေထက် တိုက်ခိုက်ရ ပိုမို လွယ်ကူတဲ့၊ အငိုက်ရစေမယ့် စစ်‌ရေး ပစ်မှတ်တွေ၊ စစ်ယန္တရားလည်ပတ်ရေးအားပေးနေတဲ့သူတွေ(Private Person engaged in hostilities) တွေကို တိုက်ခိုက်လာတာ တွေ့ရပါတယ်။ ဆိုလိုတာကတော့ နောက်ခံ အခြေအနေ သုံးသပ်မှုမှာ အခြေအနေ (၁) အတိုင်းပဲ စနစ်တကျ သုံးသပ်ပြီး အထူးစစ်ဆင်ရေး ပုံစံ ကျစ်ကျစ်လစ်လစ် အကောင်အထည်ဖော်လာတာကိုတွေ့ရပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် မြို့တွင်း တိုက်ခိုက်မှုတွေထဲက သိသာထင်ရှားတဲ့ တိုက်ခိုက်မှု တချို့ကတော့ မတ်လ အတွင်း မြောက်ဒဂုံ မြို့နယ် မှာ လေကြောင်း လက်နက်ပြင်ဆင်ရေးဌာန ဒုတိယဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေ ပစ်သတ်ခံရမှု၊ ဧပြီလ တွင်း လှိုင်သာယာ မြို့နယ်မှာ ဗိုလ်မှူးကြီး ဇင်မောင်လွင် ဗုံးစထိမှန် သေဆုံးမှု၊ တောင်ဥက္ကလာပ မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူ သတ်ဖြတ်ခံရမှုတွေပဲ ဖြစ်ပါတယ်။


ဒီနေရာမှာ မေးဖို့လိုလာတာက ဘယ်လို အချိန်ရောက်ရင် လုံခြုံရေး တင်းကြပ်ပီး နောက်ခံ အခြေအနေ (လက်ရှိ မုံရွာ၊ ရေစကြိုမြို့ အခြေအနေ) ကို ရောက်မလဲ ဆိုတဲ့ မေးခွန်းပါ။ မြို့တွင်း အထူးစစ်ဆင်ရေးပုံစံ နဲ့ ရန်သူ ကို ယိုင်လဲ အောင်ပိုမို လုပ်ဆောင်လာနိုင်ရင်၊ ရန်သူ့ အင်အားချထားမှု နည်းပါးသွားရင်၊ မလုံလောက်ဖြစ်လာရင်၊ မြို့ပြင် ပတ်ဝန်းကျင်ဒေသ တွေ( သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း) မှာ ပြောက်ကျားနယ်တွေ ခိုင်ခိုင်မာမာ ပေါ်ထွန်းလာလျှင် မြို့တွင်း အခြေအနေဟာလည်း အခြေအနေ (၂) ကို ကူးပြောင်း ရောက်ရှိသွားပါလိမ့်မယ်။ မုံရွာ၊ ရေစကြို၊ ပခုက္ကူ နဲ့ ရွှေဘို မြို့တွေမှာ မြို့ပတ်ခြာလည် ဒေသတွေမှာ ပြောက်ကျား လှုပ်ရှားမှုနယ်ကြီးတွေ ရှိနေသလို မြို့တွင်း စစ်တပ် အင်အားချထားမှုဟာ မလုံလောက်ပါဘူး။ ဒါ့အပြင် လူထုရဲ့ မြို့ပြ စစ်ဆင်ရေး အပေါ် ထောက်ခံမှုဟာ အင်မတန်မြင့်မားနေပါတယ်။ အဲဒီလို မြို့တွင်း လှုပ်ရှားမှုတွေကို မြို့ပြင်ကနေ ပြောက်ကျားစစ်ဆင်ပြီး အထောက်အကူ ပြုပေးဖို့ ရန်ကုန် တပ်ရင်း (၅၁၀၁) ကို အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းထားရှိပါတယ်။ ဒါ့အပြင် မြို့ပြင် ဒေသ တွေမှာ သက်ဆိုင်ရာ မြို့နယ် အလိုက် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။


လက်ရှိ အချိန်မှာ ရန်ကုန် မြို့ပြ တိုက်ခိုက်မှုတွေဟာ ပိုမိုပြီး စနစ်တကျ ရှိလာတာ၊ သတင်းရယူမှု ပိုမိုအားကောင်းလာတာ၊ စုဖွဲ့မှု ပိုမို သေးငယ် ကျစ်လစ်လာတာ၊ ပစ်မှတ်ရွေးခြယ်မှု ပိုမိုကောင်းမွန်လာတာ တွေ့ ရတာကြောင့် မကြာခင် ကာလမှာ နောက်ခံ အခြေအနေ (၂) ဖြစ်တဲ့ လုံခြုံရေး တင်းကြပ် အခြေအနေ ကို ရန်ကုန် မြို့ ရောက်ရှိလာနိုင်ပြီး တော်လှန်ရေး အင်အားစုတွေရဲ့ ရန်ကုန် မြို့ပြ ဒေသ အပေါ် စိုးမိုးမှု တစုံတရာ မြင့်တက်လာမှာ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...