Saturday 10 August 2024

စကစဗိုလ်ချုပ်တွေ အချိန်မှီအမြင်မှန်ရကြဖို့လိုပြီ


 စကစဗိုလ်ချုပ်တွေ အချိန်မှီအမြင်မှန်ရကြဖို့လိုပြီ

………………………………..

နွေဦးတော်လှန်ရေးအရှိန်အဟုန်ကြောင့် မြန်မာနိုင်ငံရဲ့ စစ်ရေးအပြောင်းအလဲတွေ အလွန်လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်နေပါတယ်။ မအလက သမ္မတရူး ရူးလို့အားရသွားချိန် (သူ့ကိုယ်သူပြန်တာဝန်ပေးပြီး) စက်ရုံတခုကိုသွားကြည့်ချိန်မှာပဲ လားရှိုးမြို့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကျသွားတာပါပဲ။ တပြိုင်ထဲလိုမှာပဲ ကျောက်မဲ နဲ့ မိုးမိတ် ၊ တွင်းငယ်စတဲ့ မြို့တွေပါ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ကျရောက်လာတာပါ။ ရမခ ကျလုဆဲဆဲမှာ ရမခဟာ အစဥ်အလာကြီးကြောင်း ပြောချင်လို့ ဒီနေရာဟာ တရုတ်ဖြူနှိမ်နင်းရေး လုပ်ခဲ့တဲ့နေရာဖြစ်ကြောင်း ဇော်မဲလုံးက အာချောင်ခဲ့ပါသေးတယ်။ 


တကယ်တော့ အဲဒါက အချက်အလက်မှားကြီးပါ။ ရမခဖွဲ့ချိန် ၁၉၇၂ခုနှစ်မှာ တရုတ်ဖြူကိစ္စပြီးဆုံးသွားတာတောင်အတော်ကြာနေပါပြီ။ တကယ်က ၇၀ ခုနှစ်နောက်ပိုင်း လော်စစ်ဟန်ရဲ့ကာကွယ်ရေးတပ်တွေ ခြေချင်းလိမ်နေခဲ့တဲ့နေရာလို့ပြောရမှာပါ။ နောက်ပိုင်းတလျောက်လုံးလဲ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊လားရှိုး နေရာအားလုံးဟာ စကစမွေးထားတဲ့ ပြည်သူ့စစ်ပေါင်းစုံ က တရားမဝင်တဲ့ စီးပွားရေးပေါင်းစုံလုပ်ကြပြီး ရှုပ်ထွေးပွေလီနေတဲ့ နေရာတွေပါ။ ဒီနေရာတွေအားလုံး စကစ မရှိတော့မှာ ပြန်လည်ရှင်းလင်း တည်ဆောက်ကြရမှာပါ။


       ဒါပေမယ့် မအလ က လားရှိုးကျပြီး နောက်နေ့မှာ မိန့်ခွန်းပြောရာမှာတော့ ထုံးစံအတိုင်း သူ့ကိုယ်သူမှအပ အားလုံးကိုအပြစ်ဖို့သွားတာ တွေ့ကြရတာပါ။ ဒါကလဲ အံ့သြစရာတော့မဟုတ်ပါဘူး၊ စစ်တပ်ကလူတွေ သူ့အရင်ကလူတွေအားလုံး ဒီလိုပဲပြောခဲ့ကြတာပါပဲ။ သူတို့အတွေးအခေါ်မှာ ဒေါ်စိန်အေးကျောင်းက ရိုက်သွင်းပေးလိုက်တာကလွဲလို့ အခြားဘာမှမရှိဘူးဆိုတာဖော်ပြနေတာပါ။ စစ်တပ်က တက်လာတဲ့ အကြီးဆုံးခေါင်းဆောင်ဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင်ပဲဖြစ်ရမယ်။ သူကတိုင်းပြည်အကြောင်းအသိဆုံးဖြစ်တယ်။ သူပြောတာအကုန်မှန်တယ်။ ထောက်ခံရမယ်။ ကန့်ကွက်သူဆန့်ကျင်သူဟာ ပုန်ကန်သူပဲ။ သောင်းကျန်းသူပဲ။ အကြမ်းဖက် သမားပဲ။ ဒါကြောင့် အဲလိုလူတွေကို သတ်တာ ရှင်းပစ်တာ။ ရွာတွေမီးရှို့တာ။ ဗုံးကြဲတာ အားလုံးမှန်တယ် ဆိုတာပါပဲ။ ဒါတွေကို အားဖြည့်ပေးတဲ့အနေနဲ့ ဂူကြီးကတောင် ဒိဋ္ဌိတွေ၊ တက္ကဒွန်းတွေဟာ လူအဖြစ်တောင် ကောင်းကောင်းမရောက်ကြသေးတဲ့အတွက် ဘယ်လောက်သတ်သတ် ပြဿနာမရှိဘူးလို့တောင် ဟောပေးခဲ့သေးတာပဲ။

         

မအလရဲ့မိန့်ခွန်းတွေမှာ အစောပိုင်းတနှစ်ကျော်အထိ လူထုဆန္ဒပြတာတွေ လူထုတိုက်ပွဲတွေ တူမီးကိုင်လာကြတာတွေ တလုံးမှထည့်မပြောခဲ့ပါဘူး။ တိုင်းပြည်ကြီးအေးချမ်းနေသယောင်၊ ဖြစ်ရပ်တွေက ဘာမှဂရုစိုက်စရာမလိုသယောင် လုပ်နေခဲ့တာဖြစ်တယ်။ နောက်မှ လူတွေဒီလောက်ဆန့်ကျင်မယ်လို့ သူတို့မထင်ခဲ့ကြောင်း ထုတ်ပြောလာတာပါ။ ဟောအခုတော့ သူတို့ရှုံးနေကြောင်း ဒလဟောဝန်ခံသွားတော့တာပဲ။ ဒါပေမယ့် တဘက်မှာ တရုတ်နဲ့ ဝ ကို စောင်းပြီး အပြစ်ဖို့သွားသေးတာပါ။ ဘောင်းတော်ငြိမ့်စိတ်တော်သိတွေက နောက်တနေ့ နပတနဲ့ ရန်ကုန်မှာ ၅ ထောင်စားတွေစုပြီး တရုတ်ဆန့်ကျင်ရေးတွေ ပြောင်လုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လှေနံ ၄ ဘက်လောက်နင်းထားတဲ့ တရုတ်ကြီးအဖို့ တော်လှန်ရေးဘက်က တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်တာခံရသလို စစ်တပ်ထိပ်သီးကိုယ်တိုင်ရဲ့ ဆန့်ကျင်တာပါ ခံနေရတာပါ။ နောက်တဘက်က တိုက်ပွဲဖော်တာတွေကို မကြာခဏ ဝင်ရောက်တားဆီးနေတဲ့အတွက် စကစကို အပြုတ်ဖြုတ်လိုတဲ့ တိုင်းရင်းသားတပ်ဖွဲ့များရဲ့ မကျေနပ်မှုနဲ့ပါ ရင်ဆိုင်ရတာဖြစ်တယ်။ အတွေ့အကြုံတွေအရကတော့ တရုတ်ပြည်က စစ်တပ်ကိုထောက်ခံလိုက်တိုင်း မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်တာခံရပြီး မဲအများစုနဲ့အာဏာရလာတဲ့ ပြီးခဲ့တဲ့ အစိုးရ နဲ့ ပြေလည်အောင်ဆက်ဆံတဲ့အတွက် လူထုရဲ့ ဆန့်ကျင်မှု လျော့ပါးသက်သာစေခဲ့တာပါပဲ။ လူထုအစိုးရလက်ထက်မှာ တရုတ်စီမံကိန်းတွေ ပိုပြီး တရားဝင်လာတာလဲဖြစ်တယ်။ မအလရဲ့ မိန့်ခွန်းကို နားထောင်လိုက်ရင် စစ်တပ်ထိပ်ဆုံးကလူရဲ့ အတွေးအခေါ် စဥ်းစားနိုင်စွမ်း ဒါလောက်အဆင့်ပဲရှိတာ သဘောပေါက်ကြမှာပါ။ ကျန်တဲ့သူတွေက အဲလောက်တောင် အဆင့်မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီအတွေးအခေါ် ဒီအဆင့်အတန်းနဲ့ တိုင်းပြည်အုပ်ချုပ် မင်း လုပ်ချင်တာလဲ အံ့ဘွယ်သုတလို့ပဲဆိုရမှာပါ။

        

နောက်တခုက သူ့မိန့်ခွန်းမှာ လူမျိုးရေးအရ ခွဲခြားပြောဆိုသွားတာပါ။ MNDAA က ကိုးကန့်လူမျိုး ၂၀ ရာခိုင်နှုန်း လောက်ပဲရှိတဲ့ လားရှိုးကိုတိုက်တယ်။ TNLAကတော့ တအာင်းလူမျိုး ၂ ရာခိုင်နှုန်း တောင်မရှိတဲ့ နောင်ချိုကို တိုက်တယ်ဆိုပြီးပြောသွားတာ။ နောက်တနေ့ သတင်းစာတွေမှာ ခေတ်အဆက်ဆက် အသက်သွေးချွေးပေးဆပ်ခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ မျိုးချစ်ပြည်သူ များက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ်အောင်နိုင်ဖို့ ပြည်သူတွေက ဝိုင်းဝန်းထောက်ခံပေးကြပါ လို့တောင် လူများစု ဗမာတွေကို မဖြစ်ညစ်ကျယ်လှုံ့ဆော်သွားသေးတာပါ။ အဲဒီစကားတွေကိုကြည့်ရင် အခု တိုင်းရင်း သားနဲ့ PDFတွေ ဘာကြောင့် လက်နက်ကိုင်တိုက်နေရသလဲဆိုတဲ့ အခြေခံအချက်ကိုတောင် ခုထိသိပုံ မရသေးတာတွေ့ရတာပါပဲ။ အရင်ကဆိုရင်တော့ ဒီလို သွေးခွဲမှုတွေက အောင်မြင်တာတွေရှိခဲ့ပါတယ်။ အတွေ့အကြုံတွေပြောရရင် ကချင်ပြည်နယ်မှာ ကချင်နဲ့ ရှမ်းနီကြား၊ ကချင်နဲ့ လီဆူကြား၊ ရဝမ်ကြား ပိုပြီးသွေးကွဲအောင်လုပ်တာ လက်နက်ကိုင်အဆင့်ထိရောက်အောင်လုပ်ပေးတာတွေက နဝတခေတ်ကတည်းက လုပ်လာတာတွေပါ။ ရှမ်းပြည် နယ်မှာ RCSS ကို ယဥ်တန်းတွေနဲ့ပါကူညီပြီး SSPP ဂွင်ထဲအထိရောက်အောင်ပို့ပေးကာ မငြိမ်းနိုင်တဲ့ပဋိပက္ခတွေဖြစ်စေတာ။ လတ်တလော မောင်တောမှာ သူတို့ကိုယ်တိုင်နှိပ်ကွပ် သတ်ဖြတ်ထားတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ဆန့်ကျင်ရေးအတွက် လက်နက်တပ်ဆင်ပေးနေတာတွေ အထင်အရှားရှိနေတဲ့ ဥပမာတွေပါ။ ဒါတွေက တိုင်းရင်း သားချင်းသွေးကွဲလေ စစ်အာဏာရူးတွေခိုင်မြဲလေဆိုတဲ့ မဟာဗျူဟာ စဥ်းစားချက်တွေအောက်က လာတာတွေပါ။

        

အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးမှာ မအလဟာ တာဝန်အရှိဆုံး ဦးဆောင်သူဖြစ်ပေမယ့် သူ့နောက်မှာ အုပ်စုလိုက်ရှိနေပါတယ်။ သူတို့အားလုံးဟာ သူတို့အုပ်စုလိုက်အကျိုးစီးပွားအတွက် အတက်ကြွဆုံး လုပ်နေခဲ့ကြတာဖြစ်တယ်။ အာဏာသိမ်းမှုသာ ခိုင်သွားမယ်ဆိုရင် နဝတခေတ်က စစ်တပ်ထိပ်ပိုင်းတွေလို ဆွေ ၇ ဆက် မျိုး ၇ ဆက်စားမကုန်အောင်ရကြတော့မှာကို တွေးပြီး လုပ်ခဲ့ကြတာပါပဲ။ သူတို့မှာ ဒါထက်ပိုတဲ့ နိုင်ငံရေးအသိအမြင် ဘာမှမရှိပါဘူး။ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးတွေက ဝေလာဝေးပါပဲ။ နိုင်ငံရေးအပေးအယူ စေ့စပ်ဆွေးနွေးတာတွေ ဘာတွေ သူတို့နားလည်နိုင်စွမ်းမရှိပါဘူး။ သူ့မိန့်ခွန်းနဲ့ ပြုမူလှုပ်ရှားနေပုံတွေကိုကြည့်ရင် သူတို့မနိုင်ရင် တတ်နိုင်သမျှတိုင်းပြည်ကို ဖျက်ပြီးမှ တနေရာကို ထွက်ပြေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်နေတာပါပဲ၊ သူများနိုင်ငံက အလယ်တန်းကျောင်း သား ဗဟုသုတလောက်ရှိတာတွေကို မအလကသူ့မိန့်ခွန်းတွေမှာ အဟုတ်ကြီးလုပ်ပြီး ထည့်ပြောနေကတည်းက စစ်တပ်အခြေအနေကိုခန့်မှန်းလို့ ရနေတာဖြစ်ပါတယ်။ ခုတော့ မအလ နေဝင်ချိန်ရောက်ပါပြီ။ မေမြို့နဲ့ မန္တလေးလဲ ခပ်လှုပ်လှုပ်ဖြစ်နေပြီ၊ မေမြို့က ပြေးလာတဲ့ တပ်မျိုးနွယ်အများစုပါတဲ့ ယဥ်တန်းတွေ မဆုံးနိုင်အောင်ဖြစ်နေတာတွေ့နေရပြီ၊ မန်းလေးကနေ နပတကိုပြေး ၊ ပြီးရင်တော့ ပြေးစရာမရှိတော့ဘူးဆိုတာလေးလဲ ခေါင်းထဲထည့်ထားကြရတော့မှာပါ။

        

ဒီလိုအခြေအနေတွေကြောင့် ၇ ရက်နေ့ကပဲ NUG ကာကွယ်ရေး ဝန်ကြီးက စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ဒကစတွေ၊ စကခတွေ၊ တပ်မလိုက်ဖြစ်စေ အမြင်မှန်ရကာ NUG နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးဆက်သွယ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ ထပ်မံ လှုံ့ဆော်လိုက်တာတွေ့ရတာပါ။ သူပြောတဲ့ ထဲမှာ " အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီး ပြည်ထောင်စုပြိုကွဲမှာ စိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့၊ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ပြည်ထောင်စုမပြိုကွဲအောင် တကယ်တန်းတာဝန်ယူစောင့်ရှောက်နေတဲ့သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲဖြစ်တယ် "လို့ပြောသွားတာပါ။ နောက်ဆက်ပြီးတော့" ကျွန်တော်တို့အခုတိုက်နေတာ စနစ်ကိုပဲဖြစ်တယ်၊ လူကိုတိုက်နေတာမဟုတ်ဖူး၊ ခင်ဗျားတို့ဘဝတွေ အသက်တွေ မဆုံးရှုံးစေသလို ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေဘဝတွေလဲ အကျိုးမဲ့ မဆုံရှုံးစေလိုဘူး၊ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့မဖမ်းလိုဘူး၊ ခင်ဗျားတို့ရဲ့အသက်သာမက ဘဝ ဂုဏ်သိက္ခာကိုလဲ ဒီထက်ပိုပြီးလေးစားအသိအမှတ်ပြုလိုတယ် " လို့ပြောတာပါ၊ ဦးရည်မွန်ရဲ့ပြောစကား တွေက ထပ်ပြီးအဓိပ္ပါယ်ဖွင့်စရာမလိုအောင်ရှင်းနေပါတယ်။ စစ်အုပ်စုထိပ်ကလူတွေရဲ့ အကျိုးကိုကာကွယ်မနေဘဲ ကိုယ့်အသက်ကိုယ် ကိုယ့်ဂုဏ်သိက္ခာကိုယ် ကာကွယ်စောင့်ရှောက်ကြဖို့ လှုံ့ဆော်လိုက်တာပါပဲ။ မဟုတ်ရင်တော့ တော်လှန်ရေးလှိုင်းလုံးရဲ့ ရိုက်ခတ်ခြင်းခံရပြီး ကိုယ့်မိသားစု၊ ကိုယ့်ပိုင်ဆိုင်မှုလေးတွေသာမက အသက်နဲ့ကိုယ်ပါ အိုးစားကွဲသွားမယ့်အရေးကို သတိပေးနေတာပဲဖြစ်တယ်။ အချိန်မှီအသိတရားရဖို့ကတော့ မအလလက်အောက်က စစ်သည်တွေ၊ ဗိုလ်ချုပ်တွေရဲ့ အရေးကြီး တာဝန်ဖြစ်လို့လာနေပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

3 comments:

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...