Tuesday, 11 June 2024

မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ


 မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ


ဧရာဝတီတိုင်းမ်

ဇွန် ၁၁ ရက်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို အာရက္ခတပ်တော် (AA) က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်နေ့များတွင် AA မှ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရခိုင်သတင်းရင်းမြစ်ထံက သိရသည်။


"နခခ ၉ နဲ့ နခခ ၆ က လက်နက်မချတဲ့ တပ်ဖွဲ့ဝင်တွေ ကို ဖမ်းလာတာလို့ပြောတယ်။ ပင်လယ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ နခခ ၂ နဲ့သွားပူးပေါင်းတဲ့ လူတွေလည်းရှိတယ်။ ဖမ်းတဲ့အထဲ ပါလာတဲ့အရာရှိတွေကို စစ်ဆေးနေတယ်"ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


AA သည် စစ်ကောင်စီ၏ နခခ-၆ အင်းဒင်စခန်းနှင့် နခခ-၉ နယ်ခြားစောင့်စခန်းတို့ကို ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းများမှ လက်နက်မချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိထားသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိကြောင်း သိရသည်။


ယမန်နေ့ ဇွန် ၁၀ ရက်နေ့ကပင် အလယ်သံကျော်ကမ်း ခြေတွင် နခခ-၄ နှင့် နခခ-၉ တို့မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများ၏ စက်လှေကို ကမ်းထိုးယာဉ်ပေါ်မှ အရာရှိများ၏ ပစ်ခတ်မှုကြောင့် စက်လှေ နစ်မြုပ်ပြီး စစ်ကောင်စီမိသားစုဝင်တချို့ ပျောက်ဆုံးမှု များဖြစ်ပွားခဲ့သည်။


အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်အတွင်းရှိ အလယ်သံကျော် နားခေါင်းတိုစခန်းများအပါအဝင် အခြားလက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံပါက အသက်အန္တရာယ် ကင်းဝေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။


AA သည် ယခုဇွန်လ ပထမပတ်အတွင်းတွင် မောင်တောရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ဂွဆုံပြင်၊ မြင်းလွှတ်၊ အင်းဒင်၊ နခခ-၉ စခန်းတို့ကို သိမ်းယူခဲ့ပြီး လတ်တလောတွင် ကျန်ရှိနေသည့်စခန်းများအနက် နခခ-၄ နှင့် မောရဝတီဗျူဟာတို့ကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။ 


ပုံစာ -မေ ၄ ရက်နေ့က မောင်တောတွင် AA ထံအညံ့ခံသည့် စစ်ကောင်စီ တပ်သားများပုံ(ပုံဟောင်း)


#ရခိုင် #မောင်တော #စစ်ကောင်စီ #နယ်ခြားစောင့်တပ်စခန်း #တပ်သားများ #၂၉၀ခန့် #AA #အရှင်ဖမ်းမိ #Ayeyarwaddy_Times

ဆဒုံး – ကန်ပိုက်တည်လမ်းပေါ်က ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်



 ဆဒုံး – ကန်ပိုက်တည်လမ်းပေါ်က ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်

Jun 11,2024/Kachin News Group


ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို သိမ်းပိုက်ထားပြီလို့သိရပါတယ်။


ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ ဆဒုံး – ကန်ပိုင်တည် ကားလမ်းတစ်ကြောမှာရှိတဲ့ ဝါရှောင်ကျေးရွာအနီး ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်(Bum Tawng)ပြည်သူ့စစ်စခန်း၊ ဒိန်ဂါတပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို တပြိုင်နက်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။


သတင်းအပြည့်အစုံကို Website မှာဖတ်ရှု့နိုင်ပါတယ် >>> https://bit.ly/4aSWJdb


 #တိုက်ပွဲ #စခန်းသိမ်း #ဆဒုံး #ကန်ပိုင်တည် 

#KNG #Kachinnews #Kachinnewsgroup

Monday, 10 June 2024

ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ


 ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ 


■ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးရဲဘော် ၁၄ ဦးကျဆုံးခဲ့


ရန်ကုန်၊ ဇွန် ၈ 


စစ်ကိုင်းတိုင်း၊ ခန္တီးနှင့် မော်လိုက်ခရိုင်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ဦး ခန့်သေ ဆုံး ပြီး လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။


မေလ ၂၃ ရက်နေ့မှစတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ဆင်ရေးများ စတင်ပြုလုပ်ခဲ့ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင် သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာ၊ တီလောင် လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်း ပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ အကြမ်းဖက်စစ်ကောင် စီစခန်း၂၅ ခုထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ 


စစ်ဆင်ရေးတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးခဲ့ကာ အကြမ်း ဖက်စစ်သားနှင့် ပျူစောထီး အလောင်း ၃၂ လောင်း၊ လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ အလုံး ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


စစ်ဆင်ရေးများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ခန္တီးခရိုင် တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ နှင့် ဒေသခံ ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုများနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၄ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။ 


ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာသာမက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Sunday, 9 June 2024

မောင်တောရှိ စစ်ကောင်စီ၏ အင်းဒင်နှင့် မြင်းလွတ် နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ စခန်း ၂ ခုကို AA က သိမ်းပိုက်ရရှိပြီး ကျန်နယ်ခြားစောင့်တပ်ဖွဲ့ခွဲစခန်း ၃ ခုလည်း အခြေအနေ မကောင်း


 မောင်တောရှိ စစ်ကောင်စီ၏ အင်းဒင်နှင့် မြင်းလွတ် နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ စခန်း ၂ ခုကို AA က သိမ်းပိုက်ရရှိပြီး ကျန်နယ်ခြားစောင့်တပ်ဖွဲ့ခွဲစခန်း ၃ ခုလည်း အခြေအနေ မကောင်း


ရန်ကုန်၊ ဇွန် ၇ 


ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အင်းဒင်နှင့် မြင်းလွတ် နယ် ခြား စောင့်တပ်စခန်း ၂ ခုကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များက ပြောဆိုကြသည်။ 


ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် အမှတ် ၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆ အင်းဒင်) ကိုလည်းကောင်း၊ ယနေ့ ဇွန် လ ၇ ရက်နေ့ အမှတ် ၉ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၉ မြင်းလွတ်) ကိုလည်းကောင်း AA က သိမ်းပိုက်ရရှိသွားကြောင်း၊ အဆိုပါစခန်း ၂ ခုလုံးနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး နောက်ဆုံးအခြေအနေကို မသိရှိရကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် နခခ ၆ အင်းဒင်မှ အရာရှိများက စခန်းဆုတ်ခွာခွင့် တောင်းခံခဲ့ကြပြီးနောက် အ ဆက် အသွယ်လုံး၀ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း၊ နခခ ၂ ၄မိုင်စခန်း၊ နခခ ၄ မောရ၀တီစခန်း၊ နခခ ၅ မြို့သူကြီးစခန်းများမှာလည်း စခန်းမကျဆုံးရေးအတွက် စစ်ကောင်စီက ကြည်းရေလေ ပူးပေါင်း စစ်ကူပေးလျက်ရှိသော်လည်း ပတ် ပတ်လည် ပိတ်ဆို့ခံထားရကြောင်း သိရှိရသည်။ 


ရန်ကုန်ခေတ်သစ်သို့ ဆက်သွယ်လာသော အမှတ် ၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆ အင်းဒင်)မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဇနီးဖြစ်သူက ဇွန်လ ၅ ရက်နေ့မှစတင်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း၊ ဇွန်လ ၆ ရက်နေ့ တစ်နေ့လုံး ဆက်သွယ်၍ မရတော့ဘဲ ဇွန်လ ၇ ရက်နေ့တွင်လည်း အဆက်အသွယ် မရကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော် လည်း အဖြေအတိအကျ မရရှိကြောင်း၊ လက်နက်ချ အညံ့ခံသူများကို အသက်ချမ်းသာ သက်ညှာပေးရန် တောင်းဆိုကြောင်း ပြောဆိုသည်။ 


"ဒဏ်ရာရခဲ့ရင်လည်း ဆေးကုပေးကြပါ။ လက်နက်ချရင်လည်း အသက်ချမ်းသာပေးပါ။ ပြေးခဲ့ရင်လည်း လွတ်အောင်ပြေးပါ။ နောက်မှာကျန်ခဲ့တဲ့သူတွေကို စိတ်မပူပါနဲ့။ ပြန်လည်း မလာပါနဲ့" ဟု အမှတ် ၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆ အင်းဒင်)မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဇနီး ဖြစ်သူကပြောဆိုသည်။ 


ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး မောင်တောမြို့နယ်နှင့် ကပ်လျက် ဘူးသီးတောင်မြို့နယ်ကိုလည်း အလုံးစုံ ထိန်းချုပ် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

Saturday, 8 June 2024

စစ်အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော


 စစ်အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော




▪︎“မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” -ဦးခိုင်သုခ


▪︎AAက ခွဲထွက်မည်ဟု မပြောသေးဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကွန်ဖက်ဒရိတ်ကိုတည်ဆောက်ယူမည်ဟု ထပ်အသိပေး


ဟန်နွေ/People’s Spring


စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ မည်သူက အစိုးရ တာဝန်ယူနိုင်မလဲ ၊ပြည်သူများကမည်သူကိုလိုလားသလဲ ဆိုသည့် အပေါ် မူတည်ပြီး အာရက္ခတပ်တော်(ULA/AA)က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း AA ပြော

ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။


ယနေ့ (ဇွန် ၈ ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက AA အနေဖြင့် ၎င်းတို့၏ လိုလားချက်များအတွက် သဘောတူညီမှုများ ရယူရာတွင် စစ်ကောင်စီနှင့် NUG မည်သည့် အဖွဲ့ကို အသိအမှတ်ပြု မလဲ ဆိုသည့် မေး

မြန်းချက်အပေါ် ဦးခိုင်သုခက ပြန်လည်ဖြေကြားခြင်းဖြစ်

သည်။


  

“စစ်အစိုးရနဲ့ NUGမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ သတင်းထောက်မေးထားတဲ့ မေးခွန်းမှာ ကျနော်တို့ဘက်က အမြင်ကို ပြောရမယ်ဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ တာဝန်ယူပြီး ဆောင်ရွက်နိုင်လဲ ဆိုတဲ့ အချက်တွေက ပိုပြီး အခရာကျတယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခကဆိုသည်။


ရက္ခိုင်ပြည်သူများအနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ကို အမြဲတမ်း လေးစားတန်ဖိုးထားကြောင်း၊ တက်နိုင်သမျှ ကူညီထောက်ပံ့ပေးမည်ဆိုသည့် ရပ်တည်

ချက် ရှိကြောင်း ပြောသည်။


ပြည်သူများအတွက် အစိုးရ တာဝန်ကို မည်သူ ယူနိုင်လဲဆိုသည့် အချက်အပေါ်မူတည်ပြီး ရွေးချယ်မည်ဟု လည်း ဦးခိုင်သုခက ပြောသည်။


“မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်နိုင်တဲ့ အစိုးရကို ကျနော်တို့က အသိအမှတ်ပြု ထောက်ခံပေးဖို့ ဖြစ်ပါတယ်။ ULA/AA အနေနဲ့ တော်လှန်

ရေးကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့ရတဲ့ အာရက္ခလူ့ဘောင်ကို တည်ဆောက်ဖို့ ရက္ခိတ လမ်းစဉ်ကို ချမှတ်ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်ခက ပြောသည်။


ရက္ခိုင်ပြည်နယ်အတွင်းနေထိုင်သည့် လူမျိုးပေါင်းစုံ၏ တန်းတူညီမျှရေး၊ အခွင့်အရေးနှင့် တာဝန်များကို ပီပင်စွာ ဖော်ဆောင်ပြီး အနာဂတ်ကို တည်ဆောက်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။


 ULA/AA အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သည့် မူဝါဒအပြောင်းအလဲမရှိဟုလည်း ဦးခိုင်သုခက ပြောသည်။


“ဒီနေ့ဒီအချိန်ထိ ULA/AA ခွဲထွက်ဖို့ဆိုပြီး ကျနော်တို့ မပြောသေးပါ။ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အ

ပြည့်အ၀ ရအောင် ကျနော်တို့ တည်ဆောက်နေတာဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အလေးအထား အသိအမှတ်ပြုပြီး တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်

ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။


လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။


ULA/AAတွင် ရခိုင်လူထုအတွက် တိကျရှင်းလင်းသည့်

 ရက္ခိတလမ်းစဉ်နှင့် စစ်ရေးရည်မှန်းချက်ရှိပြီးဖြစ်ကာ ပြည်သူကို ရှင်းလင်းစွာ အသိပေးထားကြောင်း၊ ပြည်သူလိုလားသည့် စစ်ရေးရည်မှန်းချက် ပြည့်၀ လာချိန်တွင် တိုက်ပွဲ အတိုင်းအတာ တစ်ခုအထိ ရပ်တန့်လာနိုင်ကြောင်း၊ စစ်ကောင်စီဘက်က မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည့် အခြေ

အနေနှင့်လည်း တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့ခြင်းဖြစ်သည်။


 AAသည် ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ်ပလက်၀ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ရာ ၇လနီးပါးအတွင်း ပလက်၀နှင့် ရက္ခိုင်ရှိ မြို့နယ် ၉ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေသည့် အမ်းနှင့် 

စစ်တွေအပါအဝင် မြို့ ၈ခုကို ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။

ရေးမြို့နယ်တွင် ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကိုသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးစဉ် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နှင့်အတူ အဖမ်းခံဟု ရေးပြောက်ကျားတပ်က ပြောဆို


 ရေးမြို့နယ်တွင် ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကိုသတင်းအရ စောင့်ဆိုင်း ဖမ်းဆီးစဉ် ခုခံမှု မရှိဘဲ အသာတကြည် လက်နက်နှင့်အတူ အဖမ်းခံဟု ရေးပြောက်ကျားတပ်က ပြောဆို 


ရန်ကုန်၊ ဇွန် ၇


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် ၏ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


ဇွန်လ ၅ ရက်နေ့ ညနေ ၆ အချိန် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး၌ ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို သတင်းအရစောင့်ဆိုင်း ပိတ်ဆို့ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


"ပြန်မခုခံခဲ့ဘူးဗျာ။ မခုခံတဲ့အတွက်အေးအေး ဆေးဆေးပဲ ထိန်းသိမ်းနိုင်ခဲ့တယ်"ဟု ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


ခလရ - ၁၀၆ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို ဖမ်းဆီးရမိချိန်တွင် MA-5 ပစ္စတိုတစ်လက်၊ MA-3 တစ်လက်နှင့် ကားတစ်စီးပါ ရရှိခဲ့ကြောင်း သိရှိရသည်။

Friday, 7 June 2024

စစ်ကောင်စီဗိုလ်ကြီးတစ်ဦး လက်နက်ခဲယမ်း နှင့်အတူ KNLA ထံ လာရောက်ပူးပေါင်း


 စစ်ကောင်စီဗိုလ်ကြီးတစ်ဦး လက်နက်ခဲယမ်း နှင့်အတူ KNLA ထံ လာရောက်ပူးပေါင်း

 

Salween Press 

ဇွန်လ ၇ ရက် ၂၀၂၄ 


မော့ကနင် အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခလရ ၁၀၆ မှ အသက် ၃၅ နှစ်ရှိ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် ဇွန်လ ၇ ရက်နေ့တွင် KNLA တပ်မဟာ ၆ ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ကေအဲန်ယူ၏ ဒူးပလာယာခရိုင်ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ပါသည်။ 


အဆိုပါ တပ်ထောက်ဗိုလ်ကြီး သည်MA-3 ၁ လက် ကျည်ဘောက် ၃ ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက် ကျည်ဘောက် (၁)ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ KNLA တပ်မဟာ ၆ ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟုဆိုသည်။


ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား KNLA တပ်မဟာ ၆ မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ်ကျပ် ကူညီထောက်ပံ့ပေးခဲ့သည်။ 


KNU တပ်မဟာ ၆ နယ်မြေအတွင်း နေရာအနံ့ တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအများအပြားသည်လည်း KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိနေသည်။


ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ သော်လည်းကောင်း ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ KNLA တပ်မဟာ ၆ ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများရှိခဲ့သည်ဟုဆိုသည်။


ဓာတ်ပုံ - KNU ကရင်အမျိုးသားအစည်းအရုံးထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး တစ်ဦး နှင့် KNLA မှ အရာရှိတစ်ဦး။


#Salweenpress #KNU #KNLA #Burma #Myanmar

Thursday, 6 June 2024

သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ


 သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ


ရန်ကုန်| ဇွန် ၆

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့် ဂေါ့တောင်အနီး သံတွဲလေဆိပ်တွင် စစ်ကောင်စီက အမြောက်တပ်ရင်း တပ်စွဲထားသည့်အပြင် တိုက်လေယာဉ်များဖြင့် အထိုင်ချကာ AA ထိုးစစ်အား ခုခံနေကြောင်း သိရှိရသည်။


ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ထဲနှင့် ၃ မိုင်ခန့်အကွာ ဂေါ့ရပ်ကွက် ဂေါ့တောင်တွင် စစ်ကောင်စီနှင့် AA တို့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကစ၍ ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိကြော်ငး၊ ဂေါ့တောင်နှင့် ငပလီမြို့ထဲရှိ သံတွဲလေဆိပ်မှာ နှစ်မိုင်ခန့်သာ ဝေးကွာပြီး စစ်ကောင်စီက ခရီးသည်လေယာဉ်များကို ပိတ်ပင်၍ လေဆိပ်ကို စစ်ရေးအတွက် အသုံးပြုလျှက်ရှိကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။

 

" သံတွဲလေဆိပ်ကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေတယ်။ ခရီးသည်လေယာဉ်တွေအားလုံးကို ပိတ်လိုက်ပြီး သူတို့ တိုက်လေယာဉ်တွေ အထိုင်ချထားတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ၊ တိုက်ပွဲမရှိရင်လည်း အရပ်သားကျေးရွာတွေကို တိုက်လေယာဉ်တွေနဲ့ ခေါက်တုန်းခေါက်ပြန် နေ့စဉ် သွားပစ်ခတ်နေတယ်။ သံတွဲလေဆိပ်မှာ အမြောက်တွေတပ်ဆင်ပြီး ဟိုနေ့ကဆို ဆင်ခေါင်းရွာကို တရပ်စက်ပစ်ခတ်တာ။ " ဟု ဒေသပြည်သူက ပြောသည်။ 


ဒေသပြည်သူများပြောပြချက်အရ သံတွဲမြို့နယ် ဂေါ့ရပ်ကွက်အနီးရှိ ဂေါ့တောင်နှင့် ရွှေလှော်ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး AA ၏ ထိုးစစ်သည် သံတွဲမြို့နှင့် ၆ မိုင်ပတ်လည်သို့ ရောက်ရှိနေပြီဖြစ်သည်။ 


" သံတွဲမှာက တပ်ရင်း နှစ်ခုနဲ့ ရေတပ်တစ်ခုပဲရှိတယ်။ စစ်ကောင်စီအတွက် တပ်ရင်း အရမ်းနည်းတယ်ပေါ့နော်။ ဒါ့ကြောင့် သံတွဲလေဆိပ်မှာ အင်အားထပ်ဖြည့်ပြီး အမြောက်တပ်ရင်း အထိုင်ချတဲ့အပြင် တိုက်လေယာဉ်တွေကိုပါ ထားရှိထားတာ။ သံတွဲမြို့၊ ငပလီမြို့ မဆုံးရှုံးရအောင် စစ်ကောင်စီဘက်က AA ထိုးစစ်ကို အပြင်းအထန် ခုခံမယ်ဆိုတဲ့သဘောပေါ့။ " ဟု သံတွဲမြို့မှ ပြည်သူတစ်ဦက ပြောသည်။ 


သံတွဲမြို့နှင့် ငပလီမြို့အတွက် စစ်ကောင်စီမှာ ခလရ ၅၅၊ ခမရ ၅၆၆ တပ်ရင်းနှစ်ခုနှင့် မောင်ရွှေလေး ရေတပ်တစ်ခုသာရှိပြီး ၎င်းတို့ကို အင်အားဖြည့်တင်းသည့်အနေဖြင့် သံတွဲလေဆိပ်ကို စစ်ရေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။ 


စစ်ကောင်စီက သံတွဲလေဆိပ်တွင် တပ်စွဲပြီးနောက် သံတွဲတစ်မြို့နယ်လုံးကို တိုက်ပွဲဖြစ်ပွားနေသည်ဖြစ်စေ၊ တိုက်ပွဲ မရှိသည်ဖြစ်စေ ကျေးရွာများကို ဇွန်လ ၂ ရက်နေ့မှစတင်၍ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ယမန်နှစ် စစ်ကောင်စီက ဒဏ်ရာရ စစ်သည်များကို သံတွဲလေဆိပ်မှ တစ်ဆင့် ငပလီကမ်းခြေသို့ ပို့ဆောင်ခဲ့သည့် အပန်းဖြေခရီးစဉ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Wednesday, 5 June 2024

တွန်းဇံမြို့သိမ်းတိုက်ပွဲရရှိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ထုတ်ပြ


 တွန်းဇံမြို့သိမ်းတိုက်ပွဲရရှိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ထုတ်ပြ


ထားမြတ်/People’s Spring


ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်အလက် ၁၁၀ကျော် ရရှိခဲ့ပြီး အဆိုပါ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းကို ချင်းအခြေစိုက် သတင်းဌာန အချို့က ယမန်နေ့(ဇွန်လ ၄ရက်) တွင် ဖော်ပြခဲ့သည်။


မေလ ၁၇ရက်မှ ၂၁ရက်အတွင်း တစ်ပတ်ကြာမြင့်ခဲ့သည့် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်မှ တပ်ဖွဲ့ဝင် ၄၀ဦး နီးပါးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၁၁၀ ကျော်နှင့် ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။


CNF/CNA ပူးပေါင်းတပ်များအနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ရာ တွန်းဇံမြို့သိမ်းတိုက်ပွဲ၌ လက်နက်ခဲယမ်း အများဆုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


" CNFသိမ်းခဲ့တဲ့ စခန်းကတော့ အရင်တုန်းက မြို့ခွဲတွေဖြစ်တယ်လေ။ ရိဒ်ခေါ်ဒါ၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့ ၊ကျီခါး အဲဒီလိုမျိုးကတော့ မြို့ခွဲပဲဖြစ်လို့ လက်နက်လည်း အဲဒီလောက်ထိ မများဘူးပေါ့နော်။ ၄၀လက်၊ ၅၀ လက်လောက်ပဲဖြစ်တာပေါ့။ အခု တွန်းဇံကတော့ မြို့နယ်တစ်ခုရဲ့ အကြီးဆုံးမြို့တစ်ခုဖြစ်လို့ လက်နက်လည်း အများဆုံးဖြစ်တာပေါ့။ အခုထိ သိမ်းနိုင်တဲ့ မြို့တွေထဲမှာဆို တွန်းဇံက မြို့လည်းအကြီးဆုံးဖြစ်တယ်။ ချင်းညီနောင်သိမ်းခဲ့တဲ့ ကျင်ဒွေးကလည်း မြို့သေးသေးလေးပဲ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။


တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိသကဲ့သို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ကျဆုံးထိခိုက်မှု အချို့ရှိခဲ့သည်ဟု ဆိုသည်။ 


တွန်းဇံမြို့သည် စစ်ကောင်စီအုပ်ချုပ်ရေးအားကောင်းသည့် မြို့ဖြစ်သည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လက်နက်ကိုင်တပ်အချို့ ၊ နိုင်ငံရေးပါတီအချို့ရှိနေပြီး စစ်ရေး၊ နိုင်ငံရေးအရ အရေးပါသည့် ဒေသဖြစ်၍ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရှင်းပြထားသည်။


ဓာတ်ပုံ - Chinland News

Tuesday, 4 June 2024

သံချပ်ကာ (၂၆) စီး သိမ်းပိုက် - စစ်မြေပြင် နဲ့ မကိုက်တဲ့ လက်နက်တပ်ဆင်ထားတဲ့ စစ်တပ်


 သံချပ်ကာ (၂၆) စီး သိမ်းပိုက် - စစ်မြေပြင် နဲ့ မကိုက်တဲ့ လက်နက်တပ်ဆင်ထားတဲ့ စစ်တပ်

…………………………

၂၀၂၃ ခုနစ်၊ အောက်တိုဘာလ ကနေ ၂၀၂၄ ခုနစ် မေလ အတွင်း စစ်အာဏာရှင်တွေရဲ့ သံချပ်ကာကား (၂၄) စီး နဲ့ တင့်ကား (၂) စီး ကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ အသုံးစရိတ်ပိုင်းအရ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သလို ချေမှုန်းတိုက်ခိုက်ခံရမှာ မဟုတ်ဘူးဆိုတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်ကိုလဲ ရိုက်ချိုးနိုင်လိုက်မှု ဖြစ်ပါတယ်။ ဒီထက် အရေးကြီးတာကတော့ စစ်တပ် တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေ၊ တင့်ကား၊ သံချပ်ကာကား၊ စစ်လေယာဉ် တွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ သမရိုးကျမဟုတ်တဲ့ စစ် ( Unconventional warfare)၊ ပြောက်ကျားစစ် အခြေပြု ခုခံ တိုက်ခိုက်မှု ပုံစံတွေနဲ့ မကိုက်ညီဘူး၊ အသုံးဝင်မှု မရှိဘူး ဆိုတာကို ပြသလျက်ရှိပါတယ်။ 


လက်ရှိ ခုခံ ပုန်ကန်မှုတွေကို တောင်တန်း နဲ့ မြေပြန့်ဒေသ ဆိုပြီး အဓိက အားဖြင့် (၂) ပိုင်းခွဲနိုင်ပါတယ်။ မြို့ပြ စစ်ရေးလှုပ်ရှားမှု၊ ချောင်းတွေ၊ ပင်လယ်တွေ အစပ်ဒေသ စစ်ရေးလှုပ်ရှားမှုတွေ ရှိပေမယ့်လဲ အဓိကနေရာမှာ မရှိပါဘူး။ တောတန်းဒေသဟာ ကျဉ်းမြောင်းတဲ့လမ်းတွေ၊ အကွေ့အကောက်တွေ ရှိပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာ၊ စစ်ရေးလှုပ်ရှားတဲ့နေရာတွေဟာ တောင်ပေါ်၊ တောင်ထိပ်တွေမှာ အများစု ဖြစ်ပါတယ်။ အဲဒီလိုနေရာကို သံချပ်ကာ တပ်ဖွဲ့၊ တင့်ကား စစ်ကြောင်း (Tank Column) တွေ သွားလာဖို့ မလွယ်ပါဘူး။ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့တွေ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ဟာလဲ မြေပြန့် ဒေသလွင်ပြင်တွေမှာ အလျင်အမြန် လှုပ်ရှားသွားလာဖို့၊ ထု အင်အား နဲ့ ပစ်အား၊ သံချပ်ကာ အကာအကွယ်ကို ယူပြီး စစ်ဆင်ဖို့ အတွက် ဖြစ်ပါတယ်။ တောင်ပေါ် နဲ့ မြစ်၊ ချောင်းပေါများတဲ့ ဒေသတွေဟာ စစ်အာဏာရှင်တွေရဲ့ ယန္တရားတပ်တွေကို မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် တင့်ကား နဲ့ သံချပ်ကာ ယာဉ်တွေဟာ တောင်ကြားဒေသ စစ်စခန်းကြီးတွေမှာ ပစ်ကူအဖြစ်၊ လှုပ်ရှား အမြောက် ပုံစံနဲ့သာ ရပ်တည်နေရပြီး မူလရည်ရွယ်ချက်ဖြစ်တဲ့ အလျင်အမြန် စစ်ဆင်ခြင်းဆိုတဲ့ အားသာချက် ပျောက်ဆုံးသွားပါတယ်။ အဲဒီအတွက် ၁၀၂၇ စစ်ဆင်ရေး ကာလမှာ စစ်တပ်ရဲ့ စခန်းထိုင် သံချပ်ကာ အများစု ဟာ ဒရုန်း၊ တင့်ဖျက် ဒုံးကျည်တွေ နဲ့ ပစ်ခတ်ချေမှုန်းခံရပါတယ်။ ချေမှုန်း သိမ်းပိုက်ခံထားရတဲ့ သံချပ်ကာ စုစုပေါင်းမှာ ရှမ်း မြောက်ဒေသက (၁၅) စီး ပါဝင်ပါတယ်။ သံချပ်ကာတွေကို စုစည်း အသုံးမပြုဘဲ စစ်တပ် ကွန်ဗွိုင်း အစောင့်လိုက်အဖြစ် အသုံးပြုမယ်ဆိုရင်လဲ တောင်တန်း ဒေသမှာ ခြုံခိုတိုက်ခိုက်တာ၊ တောင်ခြေ ဒေသမှာ တင့်ဖျက် မိုင်းထိတာ၊ တင့်ဖျက် ဒုံးကျည် ဖြစ်တဲ့ အာပီဂျီ မှန်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီ လို နဲ့ ချင်းတောင်တန်းမှာ သံချပ်ကာ (၂) စီး ဖျက်ဆီးခံခဲ့ရပြီး၊ ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင် မှာ တင့်ဖျက်မိုင်း နဲ့ တင့်ကား (၂) စီးကို ဖျက်စီးနိုင်လိုက်ပါတယ်။ ရှမ်းပြည်နယ် (၁၅) စီး၊ ရခိုင်ပြည်နယ် (၂) စီး၊ ချင်း ပြည်နယ် (၂) စီး၊ ကရင်ပြည်နယ် (၄) စီး၊ ပဲခူးတိုင်း တင့်ကား (၂) စီး၊ သံချပ်ကာ (၁) စီး၊ စုစုပေါင်း (၃) စီး၊ ကချင်ပြည်နယ် သံချပ်ကာ (၁) စီး ကို ဖျက်ဆီး၊ သို့မဟုတ် သိမ်းပိုက်နိုင်ထားပါတယ်။ အားလုံးနီးပါးကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကပဲ ချေမှုန်းသိမ်းပိုက်ထားပါတယ်။


အဓိက စစ်ရေး နယ်မြေဖြစ်တဲ့ မြေပြန့် ဒေသမှာ တင့်ကား နဲ့ သံချပ်ကာ အင်အားကို စစ်တပ်က စုစည်း အသုံးချနိုင်မလား၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ဘယ်လို တန်ပြန်မလဲ ဆိုတဲ့ မေးခွန်း ရှိပါတယ်။ မြေပြင် အနေအထားအရ မြေပြန့်ဒေသမှာ စစ်တပ်ဟာ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့ကို စုစည်း လှုပ်ရှား အသုံးပြုနိုင်ပါတယ်။ အဲဒီ ရည်ရွယ်ချက်အတွက်ပဲ မြေပြန့် စစ်ရေး မဟာဗျူဟာ အရ အချက်အချာကျတဲ့ လမ်းဆုံ ဒေသ မိတ္ထီလာမှာ တင့် နဲ့ ယန္တရား တပ်ဖွဲ့တွေကို စစ်တပ်က ထူထောင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ အခုချိန်ထိ အခိုင်အမာ အခြေစိုက်စခန်း၊ ခံစစ်လိုင်းသေ နဲ့ ခံစစ်နယ်မြေ တွေကို ထူထောင်ထားခြင်း မရှိပါဘူး။ အဲဒီအတွက် စစ်တပ်အနေနဲ့ တင့်တပ်ဖွဲ့တွေ စေလွှတ် တိုက်ခိုက်ဖို့ စစ်ရေးပစ်မှတ်မရှိ ဖြစ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ အခိုင်အမာ စခန်းချထားမှု ကို ရှောင်ပြီး လှုပ်ရှား အမြန် စစ်ကြောင်းတွေ၊ သေးငယ်တဲ့ တပ်ခွဲ၊ တပ်ရင်း အဆင့် လှုပ်ရှားမှုတွေကို ကျယ်ပြန့်စွာ ချိတ်ဆက် လုပ်ဆောင်နေသ၍ မြေပြန့်ဒေသ တင့် တပ်ဖွဲ့ကို စိုးရိမ်စရာ မရှိပါဘူး။ အဲဒီအတွက် စစ်တပ်အနေနဲ့ ကွန်ဗွိုင်း အစောင့်လိုက်အဖြစ် သံချပ်ကာ၊ တင့်ကားတွေကို အသုံးပြုရမှာ ဖြစ်ပြီး လက်ရှိ အဲဒီလို အသုံးပြုနေတာတွေကိုတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ လက်လုပ်မိုင်း (IEDs) ထုတ်လုပ်အသုံးပြုမှု အဆင့်မြှင့် စွမ်းအားကြီးမားလာတာနဲ့ အမျှ ပင်မတိုက်ပွဲဝင် တင့်ကား (Main Battle Tank) တွေကိုပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင်တဲ့ အမေရိကန် ရဲ့ M1 Abrams တင့်ကားတွေကိုပါ စစ်သွေးကြွအဖွဲ့တွေက လက်လုပ်မိုင်းတွေ ချေမှုန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်တွေ စစ်ရေးပြပွဲတွေမှာ ထုတ်ပြပြီး လူထုကို ခြိမ်းခြောက်နေတဲ့ တင့် နဲ့ သံချပ်ကာ တပ်ဖွဲ့တွေဟာ ပြည်သူ့ခုခံတော်လှန်စစ်မှာ ဘာမှအစွမ်းအစ မရှိဘူးဆိုတာ ချေမှုန်းခံထားရတဲ့ သံချပ်ကာ နဲ့ တင့် စာရင်း အရ သိသာထင်ရှားပါတယ်။ ဒီလို တင့် တပ်ဖွဲ့တွေ ထိန်းသိမ်းထားရခြင်းအတွက် ပြုပြင်စရိတ်၊ ထိန်းသိမ်းစရိတ်၊ တပ်ဖွဲ့ဝင်စရိတ်တွေသာ ကုန်ကျနေပြီး စစ်ဝန်ပိမှုဒဏ်ကိုပဲ စစ်အာဏာရှင်တွေ ခံစားရမှာ ဖြစ်ပါတယ်။ မကြာခင် စတင်တော့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေရဲ့ မြေပြန့်ထိုးစစ်ကြီးမှာ စစ်တပ်ရဲ့ တင့် နဲ့ သံချပ်ကာ တွေ ချေမှုန်း သိမ်းပိုက်ခံရတော့မှာ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင် ပစ်ခတ်ခံရပြီး သေဆုံး


 မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၄ 


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် ဒုတပ်ကြပ် ညီလွင်အောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စွန်ရဲ Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းမူမြို့ပေါ်၌ တော်လှန်ရေး ရဲဘော်များကို စုံစမ်းထောက်လှမ်းနေသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ ခလရ ၄ တပ်ရင်းမှ ဒုတပ်ကြပ် ညီလွင်အောင်ကို တော်လှန်ရေး ရဲဘော်များက နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။


" မနေ့က မွန်းလွဲပိုင်းလောက်က မြင်းမူမြို့ အတွင်းမှာရှိတဲ့ ဒုတပ်ကြပ် ညီလွင်အောင် ဆိုသူကို နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပါတယ်။ သူက သတင်းထောက်ပုံစံနဲ့ ရောက်လာပြီး သူ့အိမ်နားက ကျွန်တော်တို့ဘက်က ရဲဘော် ၂ ဦးကို သူက စစ်ခွေးတွေဆီ သတင်းပို့လိုက်တာ ရဲဘော် ၂ ဦး ဖမ်းဆီးခံလိုက်ရပါတယ်" ဟု စွန်ရဲ Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force အဖွဲ့နှင့် Z (UG) မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော


 စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး


ရန်ကုန်၊ ဇွန် ၂ 


ကရင်ပြည်နယ်၊ အာရှလမ်းမကြီးပေါ်မှ တိုက်ပွဲများနှင့် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို သိမ်း ပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်ရေးအတွက် အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ကြောင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် တာမလာသော က သတိပေး ပြောဆိုလိုက်သည်။ 


အာရှလမ်းမကြီးပေါ်မှ KNLA ဦးဆောင်သော စစ်ရေးလှုပ်ရှားမှုများကို ပံ့ပိုးကူညီမည့် Campaign - တောနော် အစီအစဉ်တွင် KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် တာမလာသောက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ 


KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ၏ အခြေချဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက်လုံးတွင် ၁၂၂ မမ အမြောက် ၂ လက်ရရှိသည်အထိ အောင်မြင်မှုမျိုးမရှိခဲ့ကြောင်း၊ ထို့ကြောင့်ဂုဏ်ယူစရာဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အခြေချ ဗျူဟာစခန်းသည် အာရှလမ်းမပေါ်တွင် တည်ရှိနေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးသမာက နိုင်ငံမြောက်များစွာဖြင့် ပတ်သက်ဆက်နွယ် လျက်ရှိကြောင်း၊ မိမိတို့၏ အောင်မြင်မှုဥည် ကြီးမားသည့် နိုင်ငံ အပြောင်းအလဲ လက္ခဏာဆောင်နေကြောင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ကြီးမားစွာ အထိနာနေကြောင်း ၎င်းက ဆိုသည်။ 


အာရှလမ်းမပေါ်ရှိ စစ်ကောင်စီ၏ မဟာဗျူဟာမြောက်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေကြောင်း၊ ထို့ကြောင့် ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင် မော်လမြိုင်တွင် လာရောက်ကွပ်ကဲနေခဲ့ရကြောင်း၊ စစ်ကောင်စီက ၎င်းတို့၏ စစ်ရေးမဟာဗျူဟာအား တော် လှန်ရေးထောက်ခံအားပေးသူများ အာရုံမစိုက်နိုင်စေရန် သတင်းအမှန်တချို့နှင့် မွှေနှောက်ထားသော လုပ်ကြံသတင်းများ ဖန်တဆီးကား စိတ်ဓာတ်စစ်ဆင်ရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင် ဖြန့်ဝေလျက်ရှိကြောင်း ၎င်းက သတိပေးသည်။ 


ကရင့်တော်လှန်ရေးသမိုင်းတွင် ဆုံးရှုံးခဲ့သော တိုက်ပွဲကြီး ၂ ခုကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ဘုရားသုံးဆူတိုက်ပွဲတွင် မိမိတို့မဟာမိတ်များအကြား နယ်မြေလုရာမှ တင်းမာမှုဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် ဘုရားသုံးဆူသည် ရန်သူစစ်အာရှင်လက်ထဲ ရောက်ရှိခဲ့ကြောင်း၊ အလားတူ ၁၉၈၈ ခုနှစ် မယ်သဝေါတိုက်ပွဲတွင်လည်း ရန်သူ၏ နယ်စပ်စခန်းကို အစီအစဉ် ကောင်းစွာ မရှိဘဲ အလွယ်တကူ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ရန်သူကလည်း အရေးပါသည့် နယ်စပ်စခန်းဖြစ်၍ စစ်ရုံးချုပ်က ဗိုလ်ချုပ် မောင်လှကို စေလွှတ်ကာ နိုင်ငံတော်အဆင့် ကွပ်ကဲခဲ့ကြောင်း၊ လမ်းများဖောက်လုပ်၍ လက်နက်ကြီးများစွာ ပို့ဆောင် ပစ်ခတ်ခဲ့၍ နောက်ဆုံးတွင် စခန်းကို လက်လွှတ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။ 


ထို့ကြောင့် အဆိုပါ တိုက်ပွဲ ၂ ခုကို သင်ခန်းစာယူကာ ရန်သူ၏ လုပ်ကြံသတင်းများတွင် စီးမျောမနေဘဲ စစ်အာဏာရှင်ကျဆုံးရေါ် မဟာဗျူဟာနှင့် နည်းဗျူဟာ ရေးဆွဲထားကြောင်း၊ စစ်ရေးနှင့်အုပ်ချုပ်ရေး ဟန်ချက် ညီညီဖြင့် သွားရန် စီမံချက်ချမှတ်ထားပြီးဖြစ်ကြောင်း၊ တိုက်ခိုက်သိမ်းပိုက်ရရှိထားသော အာဏာ လေဟာနယ်အား ဖြည့်တင်းရန် စီမံချက်ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။ 


စစ်ကောင်စီမှာ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေပြီဖြစ်သော်လည်း လက်နက်နှင့် အရင်းအမြစ်ရှိနေသဖြင့် ရေရှည်စစ်ကို ဆင်နွှဲကာ တော်လှန်ရေးတပ်များ၏ ကျည်ခဲယမ်းကို ပြုန်းတီးစေပြီး တိုက်ခိုက်ချေမှုန်းရန် ကြံစည်နေသည်မှာ ယုံမှား သံသယရှိစရာမလိုကြောင်း၊ ထို့ကြောင့် အာရှ လမ်းမပေါ်မှ စစ်ပွဲများသည် ရှေးယခင် တိုက်ပွဲများကို သင်ခန်းစာယူကာ နောက်တစ်ဖန် အမှားမခံရန် အရေးကြီးကြောင်း၊ ရန်သူ့ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုပေါင်းပါဝင်ကြရန် ၎င်းက တိုက်တွန်းသွားသည်။ 


ဓာတ်ပုံ- ဗိုလ်မှူးချုပ် တာမလာသော ။


Photo - KIC ။

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ



 ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၄ 


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။


ထို့သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် အထိုင်ချ ကင်းစောင့်နေသော ဘန်ကာများအားလုံးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အဆောက်အဦးများအား ဝင်ရောက် ဖျက်ဆီး ရှင်းလင်းကာ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင်ကျည်ဘောက် ၃ ခု လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ သေနတ် ၃ လက် ၊ လက်လုပ် သေနတ် ၅ လက် တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE-S.R.F ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ ၊ မကွေးခရိုင်တပ်ရင်း ၂ ၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး -NPRF ၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း -ပကဖ ၊ PPDF ကင်ဒို ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF -ကမ္မတပ်ပေါင်းစု ၊ စကား ပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAM နှင့် မိုးပျံDrone တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး



 ညောင်လေးပင်တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၄ 


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့တွင် လယ်မြေသိမ်းမှုများ လုပ်ဆောင်နေသော ရဲအုပ် ကေသီခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars UG Bagoမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်း ညောင်လေး ပင်ခရိုင် ညောင်လေးပင်မြို့မှ ရဲအုပ် ကေသီခိုင်ကို ပြွန်တန်ဆာမြို့အနောက်ဘက် သမကျေးရွာ ရွာချင်းဆက်လမ်း အေးရွာအနီးမြေနီလမ်းပေါ်တွင် ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


 "9 mm ကျည် ၃ တောင့်နဲ့ ပစ်ခတ်ရာမှာ နောက်ကျော နှစ်ချက် ၊ ခေါင်းတစ်ချက် ထိမှန် သေဆုံးပါတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

             

သေဆုံးသွားသော ရဲအုပ်ကေသီခိုင်သည် ညောင်လေးပင်ရဲစခန်းတွင် တာဝန်ကျနေပြီး ၎င်း၏ ခင်ပွန်းဖြစ်သူသည် ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်သည် အထက်အရာရှိများနှင့်ပူးပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနှင့် သမကျေးရွာမှ ပြည်သူများကို စီးပွားရှာအမြတ်ထုတ်နေသူဖြစ်ကြောင်း၊ ရဲအုပ်ကေသီခိုင်၏ ဖခင်ဖြစ်သူ ဌေးလွင်မှာ လယ်ယာမြေများသိမ်းဆည်းမှုများဖြင့် ပြည်သူများကို အနိုင်ကျင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ရဲအုပ် ကေသီခိုင်ကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ 


" ရဲအုပ်ကေသီခိုင်တို့ သားအဖက လယ်ယာမြေ ဧက ၅၀၀ ကျော်ကိုအထက် လူကြီးနဲ့ပေါင်း မတရားသိမ်းဆည်းပြီးပြန်လည်ရောင်းစားနေတာလို့ သိရတယ်။ သူ့ဖခင် ဌေးလွင်ကို သေနတ် ပေးထားပြီး ဘေးပတ်ဝန်းကျင် ရွာတွေကို အနိုင်ကျင့်စေခိုင်းနေသူပါ။ စစ်ကောင်စီခန့် အုပ်ကြီး လည်း မဟုတ်၊ ရာအိမ်မှူးလည်း မဟုတ်ဘဲ ဋ္ဌေးလွင်ကလည်း အဲဒီ ပတ်ဝန်းကျင်မှာသမီးအရှိန်အဝါနဲ့ ထင်တိုင်းကြဲတန်ခိုးထွားနေသူပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူက မခံနိုင်လို့တိုင်ပါများရင်တော့ မိန်းမယောကျာ်းခွဲခြားနေမှာမဟုတ်ပါဘူး။ အပြစ်ရှိတဲ့ သူကိုတော့ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသားပဲ အပြစ်ပေးမှာပါ။ အခုလည်း မဆိုင်တဲ့ပြည်သူတွေကို ပြဿနာရှာ နေတယ်လို့ကြားရတယ်" ဟု 9 Stars UG Bagoမှ တာဝန်ရှိသူက ရှင်းပြသည်။ 


9 Stars UG Bago က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းမည်ဖြစ် ကြောင်း ကြေညာထားသည်။

Sunday, 2 June 2024

ဒေါနတောင်မှာ ရှေ့ဆက်တိုးဖို့ ကြိုးစားတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေ...


 ဒေါနတောင်မှာ ရှေ့ဆက်တိုးဖို့ ကြိုးစားတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေ... 


စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များပြားပြီး သေနတ် ၆ လက် သိမ်းဆည်းရမိ... 


ဇွန် ၂ ၊ ၂၀၂၄ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေါနတောင်က ကွမ်းခြံကွင်းကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက လေယာဥ်နဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ထိုးစစ်ဆင်လာရာ KNLA ဦးဆောင်တဲ့ တော်လှမ်ရေးတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအများအပြား ထိခိုက်သေဆုံးတာတွေ ရှိပြီး စစ်တပ်က သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းမြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ 


ဇွန်လ ၂ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတော့်အဆင့် စစ်ဆင်ရေးဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းက Y 12 လေယာဥ် ပစ်ကူနဲ့အတူ စစ်ကြောင်းထိုးချီတက်လာပေမယ့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ စစ်ကောင်စီဘက်ကသာ ထိခိုက်သေဆုံးမှုတွေ များပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


"လေကြောင်းကပါ ဗုံးသီးကြဲချပြီး ဝင်လာတာ ၊ သတင်းကတော့ ကြိုရထားပါတယ်၊ သူတို့ဒေါနတောင်ပေါ်မှာ ရှိတဲ့ စစ်သားအကြွင်းအကျန်နဲ့ ရှေ့ကိုတိုးဖို့ ထိုးစစ်ဆင်ဝင်လာတာ၊ တိုက်ပွဲကတော့ မပြီးသေးဘူးပေါ့၊ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူး၊ အထက်က နာမည်အမျိုးမျိုးတပ်ပြီး စစ်ဆင်ရေးလုပ်နေပေမယ့်လည်း  ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့အနေနဲ့တော့ တတ်သမျှကုန် တိုက်သမျှ သေဆိုတဲ့ နာမည်ပေးရမလိုဖြစ်နေတယ်၊ အခုတောင် သေနတ် ၆ လက်တော့ လာလှူထားတယ်၊ မနက် မိုးလင်းရင်တော့ အတိအကျ ထပ်ပြောပေးပါမယ်" လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီက မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးနဲ့ သင်္ဃန်းညီနောင် ဗျူဟာစခန်း ပြန်လည်ရရှိရေးအတွက် အင်အားသုံးပြီး အောင်ဇေယျ နာမည်အသုံးပြုကာ စစ်ဆင်ရေးတွေ ပြုလုပ်နေပေမယ့် လက်ရှိမှာ မြဝတီမြို့ကို စစ်ကောင်စီနဲ့အကျိုးတူ လုပ်ဆောင်နေတဲ့ BGF နဲ့ KNA ကသာ ထိန်းချုပ်ထားသလို့ သင်္ဃန်းညီနောင်ဗျူဟာစခန်းကိုလည်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 


ပုံစာ - ဒေါနတောင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိထားတဲ့ သေနတ်အချို့

ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး



 ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ကျော်ဇော/People's Spring


ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အိမ်စီးကားဖြင့် ထား ဝယ်မြို့ဘက်သို့မောင်းနှင်လာစဥ် စောင့်ကြိုပစ် ခတ်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က အသိပေးထုတ်ပြန်သည်။


ဇွန်လ ၁ရက် နံနက် ၁၁ နာရီ ၂၂ခန့်က ခလရ(၄၀၇)တပ်ရင်းမှ ဗိုလ်ကြီးဇင်ဝင့်အောင် သည် အိမ်စီးကားတစ်စီးဖြင့် ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည်ကို အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကားမှောက်သွားကာ ၎င်းမှာ နေရာတင်ပွဲ ချင်းပြီးသေဆုံးသွားကြောင်း ဖော်ပြသည်။ 


ထို့နောက် ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ပြီး ဗိုလ်ကြီးဇင်ဝင့်အောင်နှင့်အတူပါလာသည့် ပစ္စည်းများကို စစ်ဆေးရန် သိမ်းဆည်းခဲ့သည်ဟု YPPDFက အသိ ပေးသည်။


အထက်ပါဖြစ်စဥ်မှ အမျိုးသမီးတစ်ဦး၊ ကလေးနှစ်ဦးနှင့်ပတ်သက်၍ YPPDF ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ချက်ပါအတိုင်းဖြစ်ပြီး ဖြစ်စဥ်အား သီးခြားပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။


ရေဖြူအခြေစိုက် ခလရ(၄၀၇)မှ စစ်ကောင်စီတပ်ဗိုလ်ကြီး ဇင်ဝင့်အောင်အား တိုက်ခိုက်မှုကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(YPPDF)တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းစစ်ရေးအရှိန်မြင့်လာသောကြောင့် မိဘပြည်သူများ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် သွားလာကြရန် ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း ရေဖြူမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ပြည် သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးဟုဆိုသူ အမျိုးသားနှစ်ဦးကို စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ MNSP-AD က ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။


(စစ်ကောင်စီဗိုလ်ကြီး ဇင်ဝင့်အောင်မောင်းနှင်လာသည့်ယာဥ်နှင့် ၎င်းထဲမှသိမ်းဆည်းရရှိသော ပစ္စည်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - YPPDF)

Saturday, 1 June 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၆၀ ချီးမြှင့်



 တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၆၀ ချီးမြှင့် 


ရန်ကုန်၊ ဇွန် ၁


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။


ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်ရင်းအနီး ညောင်ပင်ကွင်း တံတားစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသည် မြိတ်ခရိုင် တပ်ရင်း ၂ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အလင်းဝင်လာသော စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်သည် AK ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၁၁၈ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။


ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ အလင်းဝင်လာသော ပြည်သူ့စစ် အဖွဲ့ဝင်ကို ငွေကျပ် သိန်း ၆၀ ဆု ချီးမြှင့်ခဲ့ပြီး လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားကြောင်း သိရသည်။

အမြောက် (၅၂) လက် သိမ်းပိုက် ရရှိထား



 အမြောက် (၅၂) လက် သိမ်းပိုက် ရရှိ

……………………………………..

စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေ၊ စစ်ဥပဒေတွေ၊ ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အရပ်သား ပြည်သူတွေကို အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ အဲဒီလို ပစ်ခတ်လျက်ရှိတဲ့ အမြောက်တွေအနက် အမြောက်ပေါင်း (၅၂) လက်ကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းစည်းရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနစ် နိုဝင်ဘာလတွင်းကနေ ၂၀၂၄ ခုနစ် မေလအတွင်း အမြောက်မျိုးစုံ (၅၂) လက် ကို သိမ်းယူနိုင်ခဲ့တယ်။ အားလုံးနီးပါးကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် (၃၃) လက်၊ ကချင် ပြည်နယ် (၇) လက်၊ ရခိုင် ပြည်နယ် (၆) လက် ကရင် ပြည်နယ် (၃) လက်၊ ချင်း ပြည်နယ် (၂) လက်၊ မွန် ပြည်နယ် (၁) လက် သိမ်းယူနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ရှမ်းမြောက် ဒေသ (၁၀၂၇) စစ်ဆင်ရေး ကာလ အတွင်း အများဆုံး (၃၃) လက် သိမ်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ရန်သူ့အမြောက်စခန်းတွေ၊ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ၊ တောင်ပေါ်ပစ် အမြောက်တွေကို သိမ်းယူနိုင်လိုက်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေ စိုးမိုး ထိန်းချုပ်နိုင်မှု ကျယ်ပြန့်၊ ခိုင်မာလာသလို အပစ်မဲ့ အရပ်သား ပြည်သူတွေ အပေါ် အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်နေမှုတွေကို ဟန့်တားနိုင်လိုက်ပါတယ်။ အမြောက်တပ် ဆုံးရှုံးမှုများတာကြောင့်လဲ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင် ကို ရာထူးမှနေ ဖယ်ရှားခံလိုက်ရပါတယ်။


စစ်တပ်ရဲ့ လက်နက်ကြီးတွေ အပါအဝင် လက်နက်တွေဟာ တိုက်ပွဲရဲ့ အဆုံးအဖြတ် မဟုတ်ဘူး၊ နိုင်ငံရေးခံယူချက် နဲ့ စွန့်လွတ်တိုက်ခိုက်မှုကသာ အဓိက ဖြစ်တယ်ဆိုတာ အမြောက်ကြီးတွေ သိမ်းယူရရှိမှုကလဲ ပြသလျက်ရှိပါတယ်။ စစ်တပ် အနေနဲ့ စစ်ယန္တရားတွေ၊ အမြောက်တွေ၊ လေယာဉ်တွေ တပ်ဆင်ထားပေမယ့် အင်အားခိုင်မာ တောင့်တင်းမှု မရှိဘူးဆိုတာကို အမြောက်သိမ်းစည်းရရှိမှုတွေက ပြသနေပါတယ်။ အမြောက်ကြီးတွေ၊ ခံတပ်တွေ၊ စစ်လေယာဉ်တွေ ဘယ်လောက် သုံးသုံး နောက်ဆုံးမှာ တော်လှန်ရေး တပ်တွေရဲ့ချေမှုန်းခံရမှာဆိုတာကိုလဲ ပြသလျက်ရှိပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

Friday, 31 May 2024

ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


 ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၃၁


မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ကပစ ၁၄ ဂိတ်ကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ 


မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငဖဲမြို့နယ် ကပစ-၁၄ ဂိတ်ကင်းစခန်းကို လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Chin Defence Force - Asho တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


" ပစ်ခတ် တိုက်ခိုက်မှု အပိုင်းမှာတော့ ကျွန်တော်တို့က နေရာကို ကြိုတင်ယူထားတယ်။ သူတို့ ကင်းနေရာကို လာတဲ့ အချိန်မှာ ကျွန်တော်တို့ လက်နက်ချဖို့ပြောတယ်။ ပြောပေမယ့်လည်း မချတဲ့ အပြင် မောင်းတင်ဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ အနီးကပ်ပဲ သေနတ်ကိုင်ထားတဲ့ ၁ ဦးကိုတော့ ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ သေနတ်မကိုင်ဘဲ နောက်ကနေပါလာတဲ့ စာရွက်စာတန်းကိုင်တဲ့ သူကတော့ မလှမ်းမကမ်းမှာရှိတဲ့ အတွက် ထွက်ပြေးဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ပစ်ခတ်မှု လုပ်ခဲ့ပါတယ်။ ပစ်ခတ်မှု လုပ်တဲ့အချိန်မှာတော့ ထိခိုက်ဒဏ်ရာတော့ ရရှိတယ်။ ဒါပေမယ့် သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး။ သေနတ်ကိုင်ထားတဲ့ ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတဲ့ အတွက်ကြောင့်မို့လို့ သူ့ဆီက သေနတ်ကို ယူဆောင်လာနိုင်တာဖြစ်ပါတယ်။ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့တော့ အတည်ပြုလို့ရပါတယ်" ဟု Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်း၊ ယင်းဂိတ်စခန်းနှင့် ၁၇၀ မီတာ အကွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် တပ်စခန်းရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဂိတ်စခန်း၌ စစ်ကောင်စီ တပ်သားများ ပြန်လည် တပ်စွဲထားကြောင်း၊ အရပ်ဝတ်ဖြင့် စခန်းအတွင်းမှ ထွက်လာသော လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် စစ်ကောင်စီ တပ်သား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း Chin Defence Force - Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ဆက်လက် ပြောဆိုသည်။


ယင်းကင်းစခန်းကို တိုက်ခိုက်ရခြင်းသည် ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စု ကျေးရွာများကို ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


 မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၃၁


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပတ်လမ်းတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့က ပြောဆိုသည်။


မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်ခန့်တွင် မုံရွာမြို့ပတ်လမ်း၌ အိမ်စီးကားဖြင့် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော စစ်ကောင်စီ တပ်သား ၄ ဦးထံမှ G-3 သေနတ် ၁ လက်၊ M4A-1 သေနတ် ၁ လက်၊ MA-13 သေနတ် ၂ လက်၊ ၉ မမ ကျည် ၅၀ တောင့်၊ 5.56 နေတိုးကျည် ၁၁၈ တောင့်နှင့် ဖုန်း ၄ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team မှ ကိုမိုးကောင်း ( DLMT) ဦးဆောင်သော တပ်စိတ် ၊ မုံရွာမြို့နယ် ပလဖအဖွဲ့နှင့် ဘုတလင် Mobile Team တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...