Thursday, 28 November 2024

အဓမ္မစုဆောင်းခံရတဲ့ တပ်သားတွေနဲ့ လက်နက်ချအလင်းဝင်မှု


 အဓမ္မစုဆောင်းခံရတဲ့ တပ်သားတွေနဲ့ လက်နက်ချအလင်းဝင်မှု 


 စစ်ကောင်စီတပ်ဟာ နှစ်ပေါင်း ၇၀ ကျော်တိုင် အခိုင်အမာဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်တပ် တ တပ်ဆိုတာ အာဏာမသိမ်းမီကာလအထိ ယုံကြည်ခဲ့ပါတယ်။ ယခု မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ လူထုလူပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေ ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာမှု၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) တွေရဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို အလူးအလဲခံနေရပါတယ်။ ဒီလိုတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်တာတွေကြောင့် အခိုင်အမာတည်ဆောက်ထားတဲ့စစ်တပ်ဟာ တပ်အင်အားပိုင်း (ရုပ်ပိုင်း)တင် မကဘဲ စိတ်ဓာတ်တွေပါ အတော်ပျက်စီးယိုယွင်းလာနေတာတွေ့ရပါတယ်။ စစ်အာဏာရှင်တွေဟာ လိုအပ်တဲ့ တပ်သားဖြည့်တင်းတာတွေ ပြုလုပ်နေပေမယ့်လဲ ရှေ့တန်းနယ်မြေတွေမှာ အလံဖြူထောင် လက်နက်ချအလင်းဝင်တာတွေ တော်တော်များများဖြစ်လာနေပါတယ်။အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားတော်တော်များများဟာ သင်တန်းဆင်းတာ နဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ခံရပါတယ်။ တပ်သားသစ်တွေဟာလဲ ရှေ့တန်းစစ်မြေပြင်မှာ အခွင့်အရေးရတာနဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာကို တွေ့ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဗျူဟာ (၃၃) ဒေါန တပ်ရင်းဆီကို အဓမ္မ စစ်မှုထမ်းနေရတဲ့ တပ်သား (၆) ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းကို စစ်ကောင်စီတပ်သား (၂) ဦး လက်နက်နဲ့ အတူ အလင်းဝင်ရောက်ခဲ့ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်အုပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ် (၂) ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဝင်ရောက်လာခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်သား (၁၇) ဦးအလံဖြူထောင် အလင်းဝင် မှုရှိခဲ့ကြောင်းတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၅၁၀၁) တပ်ရင်း နဲ့ အမှတ် (၅၁၀၂) ဆီကို ရေတပ်မှ တပ်ကြပ် နိုင်မင်းဇော်၊ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင် တို့ နိုဝင်ဘာလ အတွင်း အလင်းဝင်ခဲ့ပါတယ်။


ခြေလျင်တပ်တွေတင်မက ရေတပ် ၊သံချပ်ကာတပ် ၊အင်ဂျင်နီယာတပ်စတဲ့ လက်ရုံးတပ်တွေကပါ လက်နက်ချ အလင်းဝင် လာတာ ကိုတွေ့မြင်ရပါတယ်။ စစ်ကောင်စီဟာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှု တွေလုပ် နေပေမယ့်လဲ စိတ်ဓာတ်ရေးရာအရ ယိုယွင်းပျက်စီးတာလာ၊ လက်နက်ချအလင်းဝင်မှုတွေ တဖြည်းဖြည်းများပြားလာတာတွေ တွေ့နေရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

အမ်းတိုက်ပွဲက ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူးဇော်ထက်နောင်အပါအဝင် စစ်သား ၁၄ ဦးကို ရိုးလမ်းပေါ်တွင် ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး



 အမ်းတိုက်ပွဲက ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူးဇော်ထက်နောင်အပါအဝင် စစ်သား ၁၄ ဦးကို ရိုးလမ်းပေါ်တွင် ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး


လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၂၈ / ၂၀၂၄


တိုက်ပွဲဖြစ်ပွားနေတဲ့ အနောက်ပိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် (ကြည်း ၅၆၁၇၈) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၁၄ ဦးကို ကျောင်းသားလက်ရုံး တပ်တော် (Student Armed Force)က တိုက်ပွဲအတွင်း ဖမ်းဆီးလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်ထားပါတယ်။ 


ဒီတိုက်ပွဲဟာ နိုဝင်ဘာ (၂၃) ရက်နေ့က အမ်း-ပဒါန်း လမ်းတစ်နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


AA နဲ့ ဖြစ်ပွားခဲ့တဲ့ အမ်းတစ်မိုင်ကုန်းတိုက်ပွဲကနေ ဆုတ်ခွာ ထွက်ပြေးလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင်ဦးစီးတဲ့ အဖွဲ့ကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ စောင့်ကြိုပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ (၂ ) ဦး သေဆုံးခဲ့ပါတယ်။ 


တိုက်ပွဲအတွင်း သုံ့ပန်း (၁၄)ဦး၊ ပစ္စတိုတစ်လက် အပါအဝင် လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတို့ကို တိုက်ပွဲတွင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 


ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တိုက်ပွဲအတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေက ဆက်လက်ပြီး နယ်မြေရှင်းလင်း လျက်ရှိနေတယ်လို့ သိရပါတယ်။


ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>> 


https://burmese.narinjara.com/local-news/detail/674871085fa7566f39aefce1

NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်




NUG ယာယီသမ္မတဒူဝါလရှီးလကမိန့်ခွန်းမှထူးခြားချက် ၅ ချက်


-People's Spring 


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နိုဝင်ဘာ၂၆ ရက်မှာပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ မိန့်ခွန်းမှ ထူးခြားချက် ငါးချက်ကို People's Spring က ​ကောက်နှုတ်​​ဖော်ပြလိုက်ပါတယ် ။


▪︎ “အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်း

အလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်း

အလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အား

လုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်"


▪︎"လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ - စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး - နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ - တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို လျစ်လျှူရှုလို မရပါဘူး။  ဒါကို မဟာဗျူဟာအပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး - တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖိုဖြစ်ပါတယ်"


▪︎"သေချာတာတစ်ခုကတော့ - တော်လှန်ရေးအင်

အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် - စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လိုလည်း မရပါဘူး။ကျွန်တော်တိုအနေနဲ့ရော … မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ - China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်"


▪︎"နွေဦးတော်လှန်ရေးဟာ - လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို ပြောချင်ပါတယ်"


 

▪︎"အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုး

ရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေ

စိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ”ဖြစ်လိုမရပါဘူး။ လက်တွေ့

ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ - ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး - အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်

အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်

တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီ

လူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်။  ”

Wednesday, 27 November 2024

ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်သားအများစု ထွက်ပြေးသွားပြီး လိုက်လံရှင်းလင်းနေ


 ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်သားအများစု ထွက်ပြေးသွားပြီး လိုက်လံရှင်းလင်းနေ


ရန်ကုန်၊ နိုဝင်ဘာ ၂၇ 


ချင်းပြည်နယ်၊ ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါ ပွိုင့် ၃ တောင်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၄၀ ဝန်းကျင် တပ်စွဲထားသော စခန်းဖြစ်ကြောင်း၊ ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"အင်အား ၄၀ လောက်ရှိတဲ့စခန်းဖြစ်ပါတယ်။ အလောင်း ၄ လောင်းရတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိပါတယ်"ဟု CNA သတင်းရင်းမြစ်က ရှင်းပြသည်။ 


လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၆ လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပွိုင့် ၃ စခန်းသိမ်းတိုက်ပွဲသည် နို၀င်ဘာ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှု၊ အမြောက်တပ်၏ လက်နက်ကြီးပစ်ခတ်၍ ခုခံသည့်ကြားမှ ယင်းစခန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

လွိုင်ကော်မြို့သို့ ချီတက်လာသောစစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးထက်မနည်းအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိ



 လွိုင်ကော်မြို့သို့ ချီတက်လာသောစစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးထက်မနည်းအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၂၇ 


ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေးသတင်းရင်းမြစ်တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားများကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိပါဘူး” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွင် အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူ ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ စစ်သား ၄၀ ကျော်သေဆုံးကြောင်းလက်နက် ၂၀ ကျော် သိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုပြောကြား သည်။


“မနေ့က လွိုင်ကော်မြို့ဘေး တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းအသစ်တွေ ၆ ယောက်အရှင်မိတယ်၊ လက်နက် ၂၀ ကျော်ရတယ်။ ၄၀ ကျော်သေတယ်၊” ဟု ၎င်းက ပြောဆိုသည်။


တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမ မြို့နယ်အခြေစိုက် တပ်ရင်းဖြစ်ပြီး ကရင်နီပြည်နယ်သို့ မကြာခဏပို့ဆောင်ခံရကာ ပို့ဆောင်ခံရသည့်အကြိမ်တိုင်း တိုက် ခိုက်ချေမှုန်းခံနေရသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ- ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ။

Tuesday, 26 November 2024

ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


 ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ


ရန်ကုန်၊နိုဝင်ဘာ ၂၅ 


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


နိုဝင်ဘာလ ၁၉ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့များအခြေချထားသည့် တပ်စခန်းကြီးဖြစ်သည့် ဆိုင်းပန်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီးဖြစ်ကာ ရွှေတွင်းရွာရှိ စစ်တပ်နှင့် SNA တပ်စခန်း၊ ရာလာတီးကျေးရွာမှ တပ်စခန်းများအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


" ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီရယ်၊ ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့ရယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲပြင်းထန်နေတာ လနဲ့ ကြာလာပြီပေါ့။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


လတ်တလောတွင် ဟုမ္မလင်း၊ ဖောင်းပြင်နှင့် ပါဟုတ်ကြီးရွာတစ်ဝိုက်တွင် နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကျဲခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ တိုက်ပွဲများအတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်အနည်းငယ်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။


"ပါဟုတ်ကြီးမှာ တိုက်ပွဲနေ့တိုင်း ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကလည်း နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ဒရုန်းလည်း သုံးပြီးတိုက်တယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း အထိအခိုက်အကျအဆုံးများတယ်။ သူတို့ရဲ့ စခန်းတွေ အများကြီး စွန့်လွှတ်လိုက်ရတယ်။ သူတို့ ထွက်ပြေးသွားတဲ့ တပ်ဆုတ်သွားတဲ့ လမ်းကြောင်းနောက် အကုန်လိုက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပေါင်းပြီး တိုက်ခိုက်နေတယ်။ လောလောဆယ် ဒီ ဟုမ္မလင်း စစ်ကိုင်းဘက်ခြမ်းက ဟုမ္မလင်းရယ်၊ ဖောင်းပြင်နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ အဓိက စစ်ကောင်စီနဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်" ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် ရှမ်းနီ SNA တပ်များက စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၂၆


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောအကြမ်းဖက်စစ်တပ်စခန်းမှ ထွက်ပြေးသွားသော အကြမ်း ဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း KNU တပ်မဟာ ၅ ၊မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။


နိုဝင်ဘာလ ၂၂ ရက်နေ့ ဖာပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၈ လက်အောက် ခံ ခမရ ၄၀၄ ၊ ၄၀၇ နှင့် ၄၀၈ တပ်ရင်းတို့ ပူးပေါင်းအထိုင်ချထားသည့် မထောစခန်းကို KNLAနှင့် မဟာမိတ်တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းတပ်စခန်းမှ စစ်သားများသည် တောင်ဘက်ရှိ ၎င်းတို့ တပ်စခန်းရှိရာ ကစယ်သဲ ဖလယ် (တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)သို့ တပ်ဆုတ်ထွက်ပြေးရာ လမ်းခုလတ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထပ်မံသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။


စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲနှစ်ကြိမ်အတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG-7 အမျိုးအစား သေ နတ် ၁ လက် ၊ ၎င်းကျည်ဖူး ၃၈ လုံး၊ ၈၁ မမ လက်နက်ကြီး ၁ လက် ၊ ၎င်းကျည် ၆ လုံး၊ MA-1 အမျိုးအစား သေနတ် ၉ လက်၊ MA-2 အမျိုးအစား သေနတ် ၄ လက်၊ MA-3 အမျိုးအစား သေနတ် ၄ လက်၊ MA-4 အမျိုးအစား သေနတ် ၂ လက်၊ ငါးမြီးစက်လတ် ၁ လက်၊ ၆ ၀မမ ပြောင်းရှည် ၂ လက်၊ ၆၀ မမ ပြောင်းတို ၂ လက်၊ ရှေ့ထွက်မြေမြှုပ်မိုင်း ၃ လုံး၊ ၆၀ မမ ကျည် ၁၂၃ လုံး၊ G-3 ကျည် ၆၀၀၀ တောင့်၊ ဟွန်ဒါမီးစက် ၁ လုံး၊ ခွင်းဗုံး ၅၃ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနှင့် စားသုံး ဆီ ၂ ပုလင်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Friday, 22 November 2024

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲ လက်နက် ၁၀၀ကျော် KIAသိမ်းရ


 ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲ လက်နက် ၁၀၀ကျော် KIAသိမ်းရ


ဟန်နွေ/People’s Spring


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကန်ပိုက်တီမြို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များထံမှ လက်နက် ၁၀၀ကျော်သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးသည်။


နိုဝင်ဘာ ၂၀ရက်ညနေပိုင်းတွင် ကန်ပိုက်တီမြို့ကို KIAက သိမ်းပိုက်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၁ရက်)တွင် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIA ရရှိခဲ့သည့် လက်နက်ခဲယမ်းများ စုပုံထားသည့် ရုပ်သံကို ကချင်သတင်းရင်းမြစ်အချို့က အသိပေးဖော်ပြလာခြင်းဖြစ်သည်။


" ကန်ပိုက်တီက လက်နက် ၁၀၀ကျော်ရတယ်"ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


ထို့ပြင် သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။


KIAသည် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကို ယမန်နေ့ နံနက်ကစတင်ခဲ့ရာ နောက်တစ်ရက်တွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ 


မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တရုတ်ဘက်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


ကန်ပိုက်တီမြို့သိမ်းပိုက်နိုင်မှုအပါအဝင် စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်သည်။ 


KIA အနေဖြင့်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု ထိခိုက်ကျဆုံးနှင့် စစ်သုံ့ပန်းဖမ်းဆီးရရှိမှု အခြေအနေများကို အသေးစိတ် သတင်းထုတ် ပြန်လေ့မရှိပေ။


(ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIAသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း)

Thursday, 21 November 2024

အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီအဖွဲ့ထံမှ လက်နက် (၉) လက် သိမ်းဆည်းရ



 အမှတ် (၉၁၀) စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီအဖွဲ့ထံမှ လက်နက် (၉) လက် သိမ်းဆည်းရ

နိုဝင်ဘာလ (၂၁) ရက်

          ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီး ခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/ မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

          ၎င်းရန်သူ့အဖွဲ့သည် မန္တ‌လေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ 

           တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့်

 MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရသည်။ 

          ၁၇၀၉၁၅ ချိန် နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ၁၇၁၁၀၃ ချိန် မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်၍ ၁၇၁၃၄၅ ချိန် ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ 

အမှတ် (၁) စစ်ဒေသ

Wednesday, 20 November 2024

Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ


 Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ


ရန်ကုန်၊ နိုဝင်ဘာ ၂၀ 


ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ 


"ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတွေ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။ 


ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့် ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ၊ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို KIA က အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်သည်။ 


KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ရာတွင် ချီဖွေမြို့ကို စက်တင် ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Tuesday, 19 November 2024

ထားဝယ်မြို့မှာ သုံးဘီးနဲ့ လမ်းကင်းထွက်လာတဲ့ စကစတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး၊ သေနတ် ၅ လက် သိမ်းဆည်းရရှိ



 ◼️‌ထားဝယ်မြို့မှာ သုံးဘီးနဲ့ လမ်းကင်းထွက်လာတဲ့ စကစတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး၊ သေနတ် ၅ လက် သိမ်းဆည်းရရှိ


၁၉ နိုဝင်ဘာ ||| နွေဦးအသံ |||


တနင်္သာရီဒေသ၊ ထားဝယ်မြို့မှာ သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၈ ရက်၊ မနက် ၉ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ ၂ ဦးထိခိုက်ပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စကစတပ်ဖွဲ့ကို အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် စကစတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြောင်းနဲ့ MA1 ၃ လက်၊ MA3 ၁ လက်၊ MA2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ Equipment ၁ ခုနဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းဖိတ်ခေါ်အပ်တယ်လို့ YPPDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Saturday, 16 November 2024

နောင်ချိုမြို့ တိုက်ပွဲတွင် ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် တပ်သားများ သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ



 နောင်ချိုမြို့ တိုက်ပွဲတွင် ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် တပ်သားများ သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၆


ရှမ်းပြည်နယ်၊ နောင်ချိုမြို့ တိုက်ပွဲတွင် ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် တပ်သားများ သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။


နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်မ ၁၁ ၊ ခမရ ၂၁၃ တပ်ရင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ အပါအဝင် တပ်သားများ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက် ခဲယမ်းနှင့်အတူ စစ်ကောင်စီ တပ်သား ၄ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။  


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူ မှ နောင်ချိုမြိုနယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်တပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ 


နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်တပ်စခန်း ထိန်းချုပ်နိုင်ရန် အကြမ်းဖက် စစ်တပ်က ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ တစ်ဆင့် စစ်အင်ဖြည့်တင်းနေပြီး လေကြောင်းမှ တစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း TNLA က ပြောဆိုသည်။

Monday, 11 November 2024

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ နိုဝင်ဘာ ၁၀ 


မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ က ပြောဆိုသည်။


စစ်ကောင်စီ တပ်သား ၂ ဦးသည် မကွေးအရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ ထံကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-11 သေနတ် ၂ လက် ၊ ကျည်ဘောက် ၆ ဘောက် ၊ ၅.၅၆ ကျည် ၂၀၀ ဝန်းကျင်ခန့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ၁၄ နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


လက်ရှိချိန်တွင် ယင်း စစ်ကောင်စီ တပ်သား ၂ ဦးကို လုံခြုံသော နေရာသို့ ပို့ဆောင်ခဲ့ပြီး ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ မှ တာဝန်ယူစောင့်ရှောက်ထားကြောင်း၊ ဆက်လက်၍ ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်းနှင့် ၄င်းတို့ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ ခံစားချက်များကို မေးမြန်းပြီး ထုတ်ပြန်ကြေငြာပေးမည် ဖြစ်ကြောင်း ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ က ပြောဆိုသည်။

Tuesday, 5 November 2024

တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ


 တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ

……………………………………………

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ တပ်ရင်းမှူးတွေအခန်းကဏ္ဍကအရေးကြီးလာပါပြီ။


 တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ တပ်ရင်းမှူးတွေရဲ့ တာဝန်ဟာ ကြီးလေးလို့လာနေပြီဆိုတာ သတိချပ်စေချင်ပါတယ်။ တပ်ရင်းမှူး ရာထူးဆိုတာထက် လက်ရှိကာလဟာ တပ်ရင်းမှူး တာဝန်ဆိုတာသာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ နောက်တစ်ချက်က မိမိကိုယ် မိမိ Local ခေါင်းဆောင်ဆိုတဲ့ စိတ်တွေဖျောက်မှရပါတော့မယ်။ တပ်ကို တပ်ရင်းနဲ့တူအောင် တည်ဆောက်ရပါတော့မယ်။ 


တပ်ကို တပ်နဲ့တူအောင်တည်ဆောက်ဖို့အတွက်က တပ်ရင်းမှူးများမှာ အဓိက တာဝန်ရှိနေပါတယ်။ တပ်ရင်းမှာ အင်အား(၁၀၀)ရှိတယ်ဆိုပါစို့။ တရာလုံးလက်နက် ကိုင်တိုက်နေမယ်ဆိုရင် တပ်ရင်းလို့ ပြောလို့မရပါဘူး။ လက်နက်ကိုင်ထားတဲ့ အစုအဖွဲ့သာဖြစ်နေပါလိမ့်မယ်။ တပ်ရင်းဆိုရင် ရုံးပိုင်း၊ တိုက်ခိုက်ရေးပိုင်း၊ လက်ရုံးတပ်တွေ ရှိပြီး ဟန်ချက်ညီလုပ်နိုင်ရပါမယ်။ ဒါကြောင့် တပ်တည်ဆောက်ရေးမှာ အဓိကတာဝန်ရှိတဲ့ တပ်ရင်းမှူးများဟာ အမျှော်အမြင်ရှိရပါမယ်။ 

ရုံးပိုင်းမှာဆိုရင် ဦး၊ ရေး၊ ထောက်၊ လှမ်း၊ လုံ အပိုင်းတွေမှာ ဘယ်သူတွေနဲ့ သင့်လျော်မလဲ။ ဒီအပိုင်းက ပညာသည်အပိုင်းဖြစ်လို့ အရေးအသားပိုင်းနဲ့ ရုံးလုပ်ငန်းကိုအတော်အသင့် သဘောပေါက်နားလည်တဲ့သူဆို အဆင်ပြေနိုင်ပါတယ်။ 


တိုက်ခိုက်ရေးအပိုင်းမှာဆိုလည်း ဘယ်သူက တပ်စိတ်မှူးဖြစ်သင့်လဲ၊ ဘယ်သူက တပ်စုမှူးနဲ့ သင့်လျော်မလဲ၊ ဘယ်သူက တပ်ခွဲကိုဦးဆောင်နိုင်မလဲ စသဖြင့်တပ်ရင်းမှူးတွေက မိမိရဲဘော်ကို သိထားရပါမယ်။ ဒီနေရာမှာ တပ်စိတ်မှူးတွေအရေးကြီးပါတယ်။ တပ်စိတ်ကောင်းမှ တပ်ရင်းကောင်းတာပါ။

အပေါ်မှာရေးခဲ့သလို တပ်ရင်းမှူးတွေဟာ Local ခေါင်းဆောင်တွေမဟုတ်ဖူးဆိုတာ တပ်ရင်းအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာရင် သိလာပါတယ်။ အောက်ခြေရဲဘော်အဆင့်ထိ တပ်ရင်းမှူးက နေရာတကာဝင်ပြီးပါဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင့်ကဲအမိန့်ပေး ကွပ်ကဲမှုကြောင့်ပါ။ တပ်ရင်းမှူးဟာ နေရာတကာဝင်ပါနေရင် သက်ဆိုင်ရာ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးတို့ရဲ့ အခန်းကဏ္ဍဟာ ပျောက်သွားပြီး တပ်ရင်းမှူးကလွဲရင် ဘယ်သူ့အမိန့်မှ မနာခံဘူးဆိုပြီး CoC ပျက်သွားပါမယ်။ အဲဒီလိုမဖြစ်အောင် တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရပါမယ်။ တပ်ရင်းဟာ တပ်နဲ့တူပြီး သူ့တာဝန်နဲ့သူလည်ပတ်နေရင် မပင်ပန်းတော့ပါဘူး။ ပုံမှန်လည်ပတ်နေတဲ့ စက်ပင်နယံတွေလိုဖြစ်သွားပါမယ်။


တပ်ရင်းဟာ တပ်ရင်းဖွဲ့စည်းပုံနဲ့ ပုံစံတကျဖြစ်သွားရင် စစ်ဆင်ရေးအပိုင်းတွေမှာပါ အားကောင်းလာပါတော့တယ်။ ယခင်မြေပြန့်ဒေသတွေမှာ စကစ စခန်းတွေ၊ ပျူရွာတွေကို ကျနော်တို့ တိုက်ခဲ့ဖူးပါတယ်။ အခက်အခဲကြုံတွေ့ရတာပဲ များပါတယ်။ ဘာကြောင့်လဲဆိုတာ အခုမှ သိလာပါတယ်။ စနစ်မကျသေးလို့ပါ။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတွေမှာ ရည်မှန်းချက်တစ်ခုကို စစ်ဆင်ရေးပြုလုပ်မည်ဆိုရင် ရုံးပိုင်းက စကြပါတယ်။

- မိမိရည်မှန်းချက်အတွက် စစ်ရေးစီမံချက်ကို ဦး ကစပြီးရေးပါတယ်။ 

- လိုအပ်တဲ့ ရည်မှန်းချက်အတွက် သတင်းအချက်အလက်ကို လှမ်းကနေယူပါတယ်။ 

- တိုက်ပွဲဝင်အသင့် ရဲဘော်တွေလုံလောက်မှုရှိ/ မရှိ ကတော့ ရေး ကဏ္ဍဖြစ်ပြီး 

- လိုအပ်တဲ့ လက်နက်၊ ခဲယမ်း၊ ကျည်၊ ရိက္ခာ၊ လမ်းကြောင်းကတော့ ထောက် ရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ အဲဒါတွေ သေသေချာချာ ပြင်ဆင်ပြီးပြီဆိုမှ စစ်ဆင်ရေးအတွက် ရ ရက်၊ န နာရီ သတ်မှတ်ဆောင်ရွက်ကြပါတယ်။ 


တပ်ရင်းဟာ တပ်ရင်းပုံစံကျနေတဲ့အတွက်လည်း သက်ဆိုင်ရာ တပ်မှူးတွေဖြစ်တဲ့ ဒုရင်းမှူး၊ တပ်ခွဲမှူးတွေနဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး ရ ရက်နဲ့ န နာရီမှာ စစ်ဆင်ရေး စတင်ပါတယ်။ အဲဒီမှာ တကယ်ရှေ့ကနေ တက်တိုက်မှာက တပ်စိတ်မှူးတွေနဲ့ သူ့ရဲ့တပ်စိတ်‌ရဲဘော်တွေပါ။ ဒါကြောင့် တပ်စိတ်မှူးတွေကို ကွပ်ကဲ တတ်အောင် ပြုစုပျိုထောင်ပေးရမယ်လို့ ဆိုလိုတာပါ။ 


အဲဒီလိုမဟုတ်ပဲ တပ်ရင်းမှူးတစ်ယောက်ထဲကပဲ အစစအရာရာ ဝင်ပါနေမယ်ဆိုရင် စစ်ဆင်ရေးမှာ သိသာပါတယ်။ ထင်သလောက်ခရီးမပေါက်တော့ပါဘူး။ တပ်ရင်းတစ်ရင်းလုံးကို တစ်ယောက်မကျန် ကွပ်ကဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။


တပ်ရင်းမှူးများဟာ မိမိကိုယ် မိမိ Local ခေါင်းဆောင်ဆိုတဲ့ စိတ်ကိုဖျောက်ရမယ်၊ မိမိတပ်ကို တပ်ရင်းနဲ့တူအောင် တည်ဆောက်တဲ့ နေရာမှာ မိမိကိုယ်တိုင်ကလဲ အထက်အဆင့်ဆင့်ရဲ့ အမိန့်ကိုနာခံနိုင်ဖို့ နဲ့ ကွပ်ကဲမှု ခံယူနိုင်ဖို့လည်း လိုအပ်ပါတယ်။ အချို့သော တပ်ရင်းမှူးများဟာ တပ်ကိုတည်ထောင်သူများဖြစ်သလို နယ်မြေတစ်ခုကို စိုးမိုးနိုင်အောင်ကြိုးစားခဲ့ကြသူများဖြစ်တဲ့အတွက် ကွပ်ကဲမှုခံယူဖို့ အတော် ခက်ခဲနေကြတာတွေ့ရပါတယ်။ 

MoD နဲ့ အဆင်မပြေလို့ တပ်ရင်းမှူးအဖြစ်ကနေ နုတ်ထွက်သူများတောင် ရှိကြပါတယ်။ တကယ်တော့ MoD မှာတာဝန်ယူထားသူတွေဟာလည်း ကျွမ်းကျင်ပညာရှင်တွေမဟုတ်ဖူးဆိုတာ တပ်ရင်းမှူး တွေလက်ခံ ထားသင့်ပါတယ်။ ဒါကြောင့် တော်လှန်ရေးဆိုတဲ့ တမျက်နှာကလွဲရင် ကျန်တာခေတ္တ သည်းခံထားဖို့လိုပါတယ်။ မင်းက MoD ကို ပရိုမိုးရှင်းလုပ်နေတာလားလို့ မေးစရာရှိပါတယ်။ အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေတာ နောက်ထပ်အာဏာရှင်လက်မခံနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်က အာဏာရှင်ဆိုတာ ဘာလဲသိအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုများလွန်းတာ (Centralization) နဲ့ အာဏာရှင်လို့ မခေါ်နိုင်ပါဘူး။ အထူးသဖြင့် တပ်ဆိုတာမျိုးက ဗဟိုချုပ်ကိုင်မှုနဲ့သွားရတာပါ။ တပ်ထူထောင်တဲ့နေရာမှာ ဗဟိုချုပ်ကိုင်မှုက အရေးကြီးပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသမားစိတ်နဲ့ စစ်သားစိတ်ကွဲအောင် ထားနိုင်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ PDF အများစုဟာ နိုင်ငံရေးနယ်ပယ်ကလာကြတော့ ကိစ္စအတော်များများကို အခွင့်အရေး(Rights) နဲ့ တိုင်းတာနေကြတာတွေ့ရပါတယ်။ တပ်ကို နေရာတကာမှာ Rights တွေနဲ့ သွားကိုင်လို့မရသလို၊ ကိုယ့်ရဲ့ အဆင့်ဆင့်ကိုလည်း Rights တွေနဲ့သွားပြောလို့ မရဘူးဆိုတာ သဘောပေါက်ထားသင့်ပါတယ်။ စစ်တပ်ဆိုတာ No Rights, No Choice, No reasons, ပါ။ စစ်သားတစ်ယောက်ရဲ့ဘဝဟာ အခွင့်အရေး၊ ရွေးချယ်မှုနဲ့ အကြောင်းပြချက် အနည်းဆုံးလူတွေပဲဖြစ်ကြပါတယ်။ 

ဒါတွေကို တပ်ရင်းမှူးတာဝန်ယူထားတဲ့သူတွေကိုယ်တိုင် နားလည်သဘောပေါက်လက်ခံပြီး မိမိတပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကိုလည်း နားလည်သဘောပေါက်အောင် ရှင်းလင်းပေးထားသင့်ပါတယ်။ ဒါတွေဟာ စစ်မြေပြင်မှာ လက်တွေ့တိုက်မှ သိရတာပါ။ အခုလိုရေးလိုက်လို့ နိုင်ငံရေးနဲ့ မဆိုင်ဘူးလားလို့မေးစရာရှိပါတယ်။ အဲဒီလို ဆိုလိုတာမဟုတ်ပါဘူး။ တပ်ရင်းမှူးများဟာ နိုင်ငံရေးနားလည်ရပါမယ်။ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးများကိုစဉ်ဆက်မပြတ် နားလည်းလေ့လာထားဖို့လိုအပ်ပါတယ်။ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးသမားစိတ်ကို ဖျောက်ဖို့လိုတယ်ဆိုလိုတာပါ။


နောက်တစ်ချက်က တပ်ရင်းမှူးများဟာ မိမိအစိုးရနဲ့ မိမိဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေကို နားလည်နိုင်အောင်ကြိုးစားရပါမယ်။ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တိုင်းလုပ်ခွင့်မရလို့ MoD အောက်ကထွက်တာ၊ မိမိဘာသာအဖွဲ့ခွဲရပ်တည်တာဟာ တော်လှန်ရေးမှာ အလွန်အန္တရာယ်ကြီးသလို တော်လှန်ရေးအချိန်လည်းမလိုအပ်ပဲ ကြာမြင့်သွားနိုင်ပါတယ်။ 

ကျနော်မြင်တဲ့တပ်ပေါင်းစုဆိုတာက တိုင်းရင်းသားအဖွဲ့တွေနဲ့ မြေပြန့်ဗမာတော်လှန်ရေးသမားတွေ တစုတစည်းတည်းဖွဲ့ထားတဲ့ တပ်ပေါင်းစုမျိုးလို့မြင်ပါတယ်။ ဗမာအချင်းချင်း ဗိုလ်လုပ်မခံနိုင်လို့ အဖွဲ့တွေကွဲနေတာကိုပြန်ပြီးစုတဲ့ တပ်ပေါင်းစုတော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ အစိုးရတစ်ခုတည်းအောက်က၊ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းအောက်မှာပဲ တပ်ရင်းတွေအဖြစ် ရပ်တည်တာက ပိုပြီးတော်လှန်မြန်မြန်ပြီးမယ်လို့ မြင်ပါတယ်။ ဒါတွေကိုလဲ တပ်ရင်းမှူး တွေက နားလည်ထားသင့်ပါတယ်။


နောက်ဆုံးအရေးကြီးဆုံးအချက်က တပ်ရင်းမှူးများဟာ အရပ်ဖက်အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်သူများသာ ဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံရပါမယ်။ အဲလိုမှမဟုတ်ရင် ဝန်ကြီးဌာနအချင်းချင်းပွတ်တိုက်မှု ပဋိပက္ခတွေ ဖြစ်စေမှာပါ။ အုပ်ချုပ်ရေးကို ဝါသနာပါရင် တပ်ကနုတ်ထွက်ပြီး အုပ်ချုပ်ရေးလိုင်းဘက်ကို ဝင်ရောက်တာဝန်ထမ်းသင့်ပါတယ်။ 


နောက်တစ်ခုက မိမိဝန်ကြီးဌာနအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆိုပြီးရှိတာကိုလည်း သိထားဖို့လိုပါတယ်။ PDF နဲ့ ပကဖ ဆိုတာရန်သူတွေမဟုတ်တာကိုနားလည်ဖို့လိုအပ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ၊ လက်စွဲတွေ အတိုင်း ကျရာတာဝန် ထမ်းဆောင်ရမယ်ဆိုတာ လက်ခံနိုင်မှ မြေပြင်မှာ အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်။ 


နိဂုံးချုပ်အနေနဲ့ရေးရရင် တပ်ရင်းမှူးများရဲ့ အခန်းကဏ္ဍတွေကအများကြီးပါ။ တော်လှန်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ တပ်ရင်းမှူးများရဲ့ ဆင်ခြင်တုံတရား နဲ့ တော်လှန်ရေးအပေါ်ထားတဲ့သဘောတရား၊ သည်းခံနိုင်မှုတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်ရှိနေပြီလို့ အကြံပြုလိုက်ပါတယ်။


မြေပြင်တပ်ရင်းမှူး တဦး

ခေတ္တရှေ့တန်းတစ်နေရာ

၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၂၄


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Monday, 4 November 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၆ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၆ မြို့


-People's Spring 


ကချင်လွတ်လပ်ရေးတပ်မတော် (KIA )က မြန်မာ-တရုတ်နယ်စပ် က မြို့ငယ်လေးဖြစ်တဲ့

ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ် ။ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ၈၆ မြို့မြောက်ဖြစ်လာပါတယ် ။


KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကချင် အထူးဒေသ (၁) အတွင်းမှာရှိတဲ့ ချီဖွေမြို့ ၊ဆော့လော်မြို့ ၊ ပန်ဝါမြို့ နဲ့ အခုနောက်ဆုံး ဖီမော်မြို့တွေကို တစ်လကျော်အတွင်းမှာ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာပါ ။ စစ်တပ်လက်အောက်ခံ 

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) အောက်က ဆဒုံးမြို့ကို ၂၀၂၄ ဇွန်လမှာ စတင်သိမ်းပိုက်ခဲ့သလို ဒေသတွင်းမှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်း ၊ပြည်သူ့စစ်စခန်း ၊စစ်တပ်စခန်း အများအပြားကိုသိမ်းပိုက်ထားတာကြောင့် ဒီဒေသမှာ ကန်ပိုက်တီ မြို့က စစ်တပ်စခန်း နဲ့ နယ်ခြားစောင့်တပ်စခန်း အနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ် ။ ဖီမော်မြို့ဟာ ကချင်ပြည်နယ် မှာ KIA အပြီးသတ်သိမ်းပိုက်ထိန်းချုပ်တဲ့ ၁၃ မြို့ဖြစ်ပါတယ် ။KIA က ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း မဘိမ်း မြို့ နဲ့ နမ့်ဖက်ကာရွာ၊ နမ့်ဖက်ကာ ဒေသမှာရှိတဲ့စစ်တပ် ဗျူဟာကုန်းနဲ့စခန်းတွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။


တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၆ မြို့ အင်ဖိုဂရပ်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် တရားဝင်မထုတ်ပြန်တာကြောင့် ဒီစာရင်းမှာ မပါသေးတဲ့မြို့တွေကျန်ရှိနိုင်ပါသေးတယ် ။ ဒါအပြင် တော်လှန်ရေးတပ်တွေက မသိမ်းပေမယ့် မြို့ပတ်ပတ်လည်ကိုဝိုင်းရံပိတ်ဆို့ထားတဲ့ မြို့များစွာလည်းရှိနေပါတယ် ။တချိန်တည်းမှာပဲ အာရက္ခတပ်တော်(AA) ကရခိုင်ပြည်နယ် က အမ်း ၊မောင်တော ၊ဂွ ၊ တောင်ကုတ်မြို့ သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို ၊ PDF တွေကလည်း အင်းတော်မို့သိမ်းတိုက်ပွဲဆင်နွှဲနေပါတယ် ။

Sunday, 3 November 2024

စစ်လေယာဉ် (၈) စီး၊ စစ်ရဟတ်ယာဉ် (၁၁) စီး


 စစ်လေယာဉ် (၈) စီး၊ စစ်ရဟတ်ယာဉ် (၁၁) စီး

……………………………..

အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ (၈) စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ ပွိုင့်-၅ စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွေမှာ ပွိုင့်-၅ ထက် ပြောင်းအချင်း ပိုကြီးတဲ့ စက်သေနတ်တွေ၊ စက်အမြောက်တွေ သိမ်းပိုက်ရရှိထားတာကြောင့် နောက်ပိုင်းကာလတွေမှာ ရန်သူ့လေတပ်ကို လေထဲမှာ ချေမှုန်းရေး ယခုထက် ပိုမို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်လာရင်လည်း ရန်သူ့လေယာဉ်တွေကို ပိုမိုချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့် မဟာဗျူဟာ ထိုးစစ်စတင်ပြီးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားထားပြီးဖြစ်လို့ မြေပြန့်ဒေသမှာရှိတဲ့ လေတပ်စခန်းတွေ ဖြစ်တဲ့ ဥပမာ-တောင်ငူလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ကျောက်ထုလေတပ်တွေ သိမ်းပိုက်ခံရရင်လဲ ရန်သူ့လေတပ်ကို ဝေဟင်မှာ သာမကဘဲ မြေပြင်မှာပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။


ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့လေယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။

K-8 ပစ်ချ ကရင်နီ (ဘောလခဲ) ၂၀၂၃၊ ဇွန်

K-8 ထိခိုက် ကချင် (ဖားကန့်) ၂၀၂၄၊ ဖေဖော်ဝါရီ

FTC-2000G ပစ်ချ ရှမ်း (ကွတ်ခိုင်) ၂၀၂၄၊ ဇန်နဝါရီ

တိုက်လေယာဉ် ထိခိုက် ပဲခူး (တောင်ငူ လေတပ်) ၂၀၂၄၊ မေ

တိုက်လေယာဉ် ထိခိုက် ပဲခူး (တောင်ငူ လေတပ်) ၂၀၂၄၊ မေ

A-5 တိုက်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ်) ၂၀၂၄၊ ဇူလိုင်

တိုက်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ်) ၂၀၂၄၊ ဇူလိုင်

Y-12 သယ်ပို့စစ်လေယာဉ် ထိခိုက် နေပြည်တော် (အေလာ လေတပ် ၂၀၂၄၊ ဇူလိုင်


ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့စစ်ရဟတ်ယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။

Mi-35 ပစ်ချ ကချင် (မိုးမောက်) ၂၀၂၁၊ မေ

Mi-35 ထိခိုက် စစ်ကိုင်း (ကန့်ဘလူ) ၂၀၂၃၊ အောက်တိုဘာ

စစ်ရဟတ်ယာဉ် ပစ်ချ ရခိုင် ၂၀၂၄၊ ဖေဖော်ဝါရီ

Mi-35 ထိခိုက် စစ်ကိုင်း (ကန့်ဘလူ) ၂၀၂၄၊ ဖေဖော်ဝါရီ

Mi-17 ထိခိုက် စစ်ကိုင်း (ဝန်းသို) ၂၀၂၄၊ ဖေဖော်ဝါရီ

Mi-17 ပစ်ချ ကချင် (ဝိုင်းမော်၊ နားဖော့) ၂၀၂၄၊ ဇန်နဝါရီ

Eurocopter 365 ပစ်ချ ကရင် (မြဝတီ) ၂၀၂၄၊ ဇန်နဝါရီ

Mi-17 ထိခိုက် ကချင် (မြစ်ကြီးနားလေတပ်) ၂၀၂၄၊ မတ်

Mi-35 ထိခိုက် ကချင်(ဝိုင်းမော်) ၂၀၂၄၊ မတ်

စစ်ရဟတ်ယာဉ် ပစ်ချ ကရင်နီ (ဖေားဆောင်း) ၂၀၂၄၊ မေ

Mi-17 ထိခိုက် စစ်ကိုင်း (ပင်လည်ဘူး) ၂၀၂၄၊ ဇူလိုင်


အထက်ပါ စာရင်းဟာ လက်လှမ်းမှီသလောက် စုဆောင်းထားတဲ့ စာရင်းဖြစ်ပြီး လက်တွေ့ ပျက်စီး၊ ပစ်ချခံရတဲ့ ရန်သူ့ လေယာဉ်၊ ရဟတ်ယာဉ် စာရင်းဟာ အခုထက် ပိုနိုင်ပါတယ်။ နောက် စက်ချို့ယွင်းပြီး ပျက်ကျတဲ့ စာရင်းတွေနဲ့ ပေါင်းရင် ထိခိုက်မှုဟာ ယခုထက် ပိုမို များပြားလာနိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ထိုးစစ်ဟာ တောင်တန်း နဲ့ မြေပြန့်ဒေသမှာ ဟန်ချက်ညီပေါ်ပေါက်လာပြီဖြစ်တဲ့ အတွက် ရန်သူ့ လေတပ်ဟာ နေရာစုံ ကို လေကြောင်း ပစ်ကူပေးရေး ကန့်သတ်ချက်တွေ ရှိလာနေပြီး လေယာဉ်ပျံသန်းချိန် များလွန်းတဲ့ အတွက်လဲ ရန်သူ့လေယာဉ်မှူးတွေ အပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိအား ပိုမိုများပြားလာလျက်ရှိပါတယ်။ အဲဒီလို အခြေအနေတွေ အောက်မှာ ရန်သူ့ လေတပ်ဟာ ထိခိုက်ဆုံးရှုံးမှုကို ယခုထက် ပိုမို ခံစားလာရမှာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Saturday, 2 November 2024

တရုတ် - မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIAထပ်မံ သိမ်းပိုက်


 တရုတ် - မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIAထပ်မံ သိမ်းပိုက် 


ဟန်နွေ/People's Spring


တရုတ် - မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ခလရ(၂၉၈)တပ်ရင်း၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။


အဆိုပါ တပ်စခန်းသည် ကချင်ပြည်နယ် ဆော့လော်မြို့နယ်အတွင်းတည်ရှိပြီး နယ်စပ် မှတ်တိုင် ဘီပီ - ၇ ၌ တည်ရှိပြီး ယနေ့ (နိုဝင်ဘာ ၂ရက်) တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


"ဒီဟာကတော့ KIA ရဲ့ တပ်မဟာ(၇) တရုတ် ပြည်နယ်စပ် (၇)မိုင်က စစ်တပ်တစ်ခုကို သိမ်းလိုက်တယ်တဲ့။ ဒီမနက်ပဲ။ ခလရ( ၂၉၈)တပ်ကို KIAက သိမ်းလိုက်တယ်တဲ့"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


အဆိုပါတပ်စခန်းကို ခလရ(၂၉၈) ဒုတပ်ရင်းမှူး ရှင်းသန့်အောင် ဦးစီးပြီး ယနေ့ မွန်းလွဲ ၁နာရီခန့်တွင်သိမ်းနိုင်ခဲ့ဟု အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးသည်။


KIA ပူးပေါင်းတပ်သည် ခလရ(၂၉၈)မှ ဗိုလ်ကြီး ကိုကိုအောင် ဦးစီးသည့် ချီဖွေမြို့နယ် လဂွေ စာသင်ကျောင်း စခန်းကုန်းကို နိုဝင်ဘာ ၁ရက် တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။


KIAသည် အောက်တိုဘာ ၃၁ရက်ကလည်း ချီဖွေမြို့နယ် ဖီမောဒေသ ဂမ်ဂွန်ရွာအခြေစိုက် နယ်ခြားစောင့်တပ်(BGF)-၁၀၀၁ ဌာနချုပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါတပ်ရင်းဌာနချုပ်သည် ဌာနချုပ်ဟောင်းဖြစ်ပြီး

ယင်းစခန်းမှ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များသည် နယ်စပ်ရှိ ထန်တုံ၊ ကန်ဖန်းဘက်စုပြီးခံစစ်ပြင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ 


စစ်ကောင်စီ လက်အောက်ခံတပ်များ စစ်ရေးပြင်ဆင်နေသည့်ဆိုသည့်နေရာသည် (၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ၁၀မိုင်ခန့် ကွာဝေးသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်း

တပ်စခန်း၊ BGF တပ်ရင်းဌာနချုပ် သုံးခုနှင့် တပ်စခန်းကြီးငယ်များစွာတို့ကို တစ်လခန့်အတွင်း သိမ်းပိုက်ထားနိုင်ခဲ့သည်။

AA ကတောင်ကုတ်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်


 AA ကတောင်ကုတ်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်


အိမ်သွင်/People's Spring 


တောင်ကုတ်မြို့သိမ်းတိုက်ပွဲထ်ိုးစစ်ဆင်မှုကို 

အာရက္ခတပ်တော်(AA) က နိုဝင်ဘာ ၁ ရက်တွင်အရှိန်မြှင့်လိုက်ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံအချို့ကပြောသည်။


တောင်ကုတ်မြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) ကို AAက နိုဝင်ဘာလ ၁ရက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု မြို့ခံတဦးကပြောသည်။


"ချနေတာက အရင်ကတည်းကပါ။ ဒီနေ့ကတော့တော်တော်လေးကိုပြင်းထန်တယ်။ တောင်ကုတ်ကို သိမ်းတဲ့ စစ်ဆင်ရေးလားလို့ ထင်စရာရှိတယ်။ ပွဲက ပိုကြီးလာတယ်" ဟုအဆိုပါမြို့ခံကပြော

သည်။


စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်

အောက်ခံတပ်ရင်းများဖြစ်ကြသောခမရ (၃၄၆)

၊ ခမရ (၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီး

သတ် သိမ်းပိုက်ရယူနိုင်ရေး တိုက်ခိုက်နေကြောင်း AAက အောက်တိုဘာလ ၇ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။


တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလအ

တွင်း တိုက်ပွဲများဖြစ်နေခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ် နေသည်။ တောင်ကုတ်မြို့နယ် မောင်းရွာကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့ခင်းပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အသက်၁၀ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။


အောက်တိုဘာလ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။ အလားတူ အောက်တိုဘာလ ၄ရက်က တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေ

ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦးသေဆုံးခဲ့သည်။ 


တောင်ကုတ်မြို့နယ်ကို ဇွန်လ ဆန်းမှစ၍ စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။


တောင်ကုတ်မြို့ကို ပန်းတောင်း-တောင်ကုတ်လမ်း သံတွဲ-တောင်ကုတ်လမ်း၊အမ်း-တောင်ကုတ်လမ်းတို့ဖြင့် ဆက်သွယ်ထားပြီး ယာဉ်လမ်းပိုင်းများအားလုံးတွင် စစ်ရေးတင်းမာနေသလို လမ်းပိုင်းနေရာအများစုကို AAက ထိန်းချုပ်ထားသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။ 


တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။


ထိုအပြင် ယခုအခါ အမ်းမြို့တွင်လည်း တိုက်ပွဲအလွန်ပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။ 


ရခိုင်ပြည်နယ်တွင်အမ်းနှင့် တောင်ကုတ်အပြင် ဂွ၊ ကျိန္တလီ နှင့် မောင်တောမြို့များ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်


 အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်


အိမ်သွင်/People's Spring 


ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။


အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


" ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်"ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။ 


အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။


ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။ 


ထို့ကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။


" တိုက်ပွဲရပ်ထားတဲ့ကာလတွေထဲမှာတော့ အရပ်သားတွေ မြို့ကနေ ထွက်နိုင်ခဲ့တယ်လို့သိရတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။


လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကို မသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် - ကသာလမ်းပိုင်းနှင့် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။


အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇)လက်အောက်ခံတပ်များမှာ အင်အား ၅၀၀ခန့် ရှိနေသည်ဟု သတင်းရရှိသည်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ရွှေပြည်အေး၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို မြို့သိမ်းတိုက်ပွဲများတိုက်ခိုက်ခဲ့သည်။


ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာတွင် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်သွားခဲ့သည်။ ဒီပဲယင်းမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ 


ထီးချိုင့်မြို့သိမ်းတိုက်ပွဲလည်း အပြီးမသတ်သေးပေ။ လက်ရှိတွင် ပင်လည်ဘူးမြို့၊ရွှေပြည်အေးမြို့၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။  


မော်လူးမြို့သည် အင်းတော်မြို့နယ်၌ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်ထားသည်။ 


စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၏ လက်ရှိအချိန်အထိ နောက်ဆုံးတိုက်ခိုက်သိမ်းပိုက်ထားသောမြို့မှာ ပင်လည်ဘူးမြို့ဖြစ်သည်။ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၈ရက် တွင် သိမ်းယူနိင်ခဲ့ခြင်းဖြစ်သည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...