Tuesday, 20 February 2024

မောင်တောမှာ စစ်ကောင်စီတပ်စခန်းကို AA က ထပ်မံသိမ်းပိုက်


 ■ မောင်တောမှာ စစ်ကောင်စီတပ်စခန်းကို AA က ထပ်မံသိမ်းပိုက်


Western News| ဖေဖော်ဝါရီ ၂၀ 


ရခိုင်ပြည် မောင်တောမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဗောဓိကုန်းစခန်း၊ နော်ရူလာစခန်းနှင့် ပန်းတောပြင်စခန်းတို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA မှ သိမ်းပြီးနောက် ယမန်နေ့ ညနေက စစ်ကောင်စီတပ်စခန်း နောက်ထပ်တစ်ခုကိုလည်း AA က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်သည်။ 


ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်က မောင်တောမြို့နယ်ရှိ ပဲရွန်းတောင် (ပဲရမ်းတောင်) စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် AA မှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ယမန်နေ့ ညက ထုတ်ပြန်ထားသည်။ 


ပဲရွန်းတောင် (ပဲရမ်းတောင်) စစ်ကောင်စီတပ်စခန်းကို နံနက် ၇ နာရီအချိန်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီအကြာ ညနေ ၄ နာရီခွဲအချိန်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ 


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ 


လေကြောင်းတိုက်ခိုက်မှုကြားမှ စခန်းအား သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 


AA သည် မောင်တောဒေသရှိ တောင်ပြိုမြို့ကို အပြီးအပိုင်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မောင်တောမြို့အား သိမ်းယူနိုင်ရန် မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းယူလျှက်ရှိနေသည်။ 


ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီကျော်အချိန်မှာပဲ မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။ 


တစ်ဆက်တည်းမှာပဲ မောင်တောမြို့နှင့်နီးကပ်သည့် ရသေ့တောင်မြို့ကိုလည်း တစ်ပြိုင်တည်းသိမ်းယူနိုင်ရန် AA က စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။


ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီကျော်အချိန် ရသေ့တောင်မြိုနယ်၊ ခနောင်းကြီး‌ ကျေးရွာ၏ အရှေ့တောင်ဘက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်းနှင့် AA တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


ဆက်လက်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြိုနယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်နေကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ဆိုသည်။ 


စစ်ကောင်စီ၏ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြိုအတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိပြီး အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ 


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် ရခိုင်နှင့်ပလက်ဝဒေသတွင်း တိုက်ပွဲများ၌ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်စခန်း မြောက်များစွာနှင့် လက်နက်ခဲယမ်းများအပြင် မြို့ ၇ မြို့၊ စစ်သင်္ဘော ၅ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရယူထားပြီဖြစ်သည်။


ကျန်နေသေးသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် AA မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး မြို့များကိုလည်း သိမ်းယူမည်ဖြစ်ကာ ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဦးတည်လာကြောင်း သိရသည်။


Western News-WN

Monday, 19 February 2024

မုံရွာမြို့ပေါ်တွင် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု သေနတ် ၂ လက် သိမ်းဆည်းရရှိ


 မုံရွာမြို့ပေါ်တွင် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု သေနတ် ၂ လက် သိမ်းဆည်းရရှိ 


ရန်ကုန်၊‌ ဖေဖော်ဝါရီ ၁၉ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ် တစ်နေရာ၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး က အနီး ကပ် ပစ်ခတ် တိုက်ခိုက်ပြီး MA 3 သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“အတိုနဲ့ ကပ်ပစ်ခဲ့တာဗျ၊ နေရာမှာတင် လဲကျသွားတယ်၊ အသေပစ်မယ်ဆိုရင်တော့ ရတယ်၊ အရွယ် တွေက ၆၀ လောက်နီးပါးရှိတဲ့ တစ်ယောက်ရယ်၊ ၄၀ ၊ ၅၀ လောက်ရှိမယ် တစ်ယောက်က လက် မောင်းမှန်တယ်၊ တစ်ယောက်က ဗိုက်မှန်တယ်၊ အသက်ကြီးတဲ့သူတွေဖြစ်တာရယ် ရည်ရွယ်ချက် ကလည်း ရန်သူ့လက်နက်၊ ကိုယ်လက်နက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် လက်နက်ပဲ ယူပြီး ထွက်လာခဲ့တာ အသေပစ်မယ်ဆိုရင်တော့ ရတယ်” ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF နှင့် Monywa M4 တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မုံရွာမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စာရင်း ကောက်ခံနေမှုရှိကြောင်း သိရသည်။

Saturday, 17 February 2024

မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်


 မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်


▪︎မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိ၊ လက်နက်များရဟု အသိပေး


ရှိုင်း/People’s Spring


ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ၊ ဗောဓိကုန်း စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။


ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၂၄ နာရီ ကျော်အကြာ ဖေဖော်ဝါရီ ၁၆ရက်မနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့ဟု AAက ထုတ်ပြန်သည်။အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


AAသည် ဖေဖော်ဝါရီ ပထမပတ်အတွင်းကလည်း မောင်တောမြို့ တောင်ပြို(လက်ဝဲ)နှင့် တောင်ပြို(လက်ယာ) စစ်ကောင်စီစခန်း ၂ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးသွားသည်။


ထိုအပြင်ဖေဖော်ဝါရီလ (၁၆) ရက်တွင်ပင် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် အမှတ် ၂၆၃ခြေလျင်တပ်ရင်း(ခလရ -၂၆၃) နှင့် AA တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရရှိကြောင်း သိရသည်။


အလားတူ ယမန်နေ့ နေ့လည်မှာပင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောတွင် စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။


အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်

အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုလည်း သိရသည်။


အဆိုပါတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


ထိုအပြင် ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ၌ မြို့ ၇ မြို့သိမ်းပိုက်ထိန်းချုပ်ထားသော AA က မောင်တော၊ ရသေ့တောင်၊ရမ်းဗြဲ စသောမြို့နယ်များတွင်ထိုးစစ်ဆင်တိုက်ခိုက်နေသလို မအိမြို့ရှိစစ်တပ်စခန်းများကိုလည်းတိုက်ခိုက်နေ

သည်။


 တောင်ကုတ်မြို့နယ် အတွင်းရှိ၊ မအီမြို့၌ ဖေဖော်ဝါရီ ၁၆ည တွင်တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မှ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော် AAက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။


"တိုက်ပွဲအရမ်းပြင်းထန်‌နေတယ်။ မအီတံတားလည်း ကျိုးသွားပါပြီ" ဟု ယ‌နေ့ည ၁၁ နာရီခွဲခန့်အခြေအ‌နေကို AAနှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။


မအီမြို့မှ စစ်ကောင်စီစခန်းများကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းမှ စတင်တိုက်ခိုက်နေပြီး ထိုနေ့လယ်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။


(မအိမြို့မှ စစ်ကောင်စီဝန်ထမ်းများနှင့်မိသားစုများကို စစ်ရဟတ်ယာဥ်ဖြင့်ရွေ့ပြောင်းနေစဥ်။ရုပ်သံ-CJ)

Thursday, 15 February 2024

ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များကို လက်နက်များ တပ်ဆင်



 ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်များကို လက်နက်များ တပ်ဆင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅


ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း (HPDF -124) မှ တပ်ခွဲ ၃ ရှိ ရဲဘော်များကို လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ခြင်း




 ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ခြင်း


စာအမှတ် - KNDF / ၁ / ၂၀၂၄ (၀၀၁)

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅)ရက်။


​ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါသည်။


​ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထား သော ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂)ကုန်းအား ဇန်နဝါရီလ(၁၅)ရက်နေ့မှစ၍ မိမိတို့တပ်ပေါင်းစုမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပါသည်။


​ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းအား မိမိတို့တပ်ဖွဲ့များမှ ဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ပါသည်။ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ပြီး မိမိတို့တပ်ဖွဲ့များမှ ပိတ်ဆို့ထားနိုင်ခဲ့ပါသည်။


​ထို့အတူ ဗျူဟာကုန်းအား မိမိတို့ တပ်ဖွဲ့များမှ ဝန်းရံပိတ်ဆို့ထားစဉ်ကာလတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များအား ချေမှုန်းတိုက်ခိုက်ခြင်းများ မလုပ်သေးဘဲ အကြိမ်ပေါင်းများစွာ ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံကြရန်၊ လက်နက်ချ၍ အသက်ရှင်ခွင့်အားရယူကြရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့ဖက်မှ ခံစစ်ပြင်၍သာ တင်းခံနေခဲ့ပါသည်။


​ဗျူဟာကုန်းအား စဉ်ဆက်မပြတ် ပိတ်ဆို့ထားချိန်တွင် ဖေဖော်ဝါရီလ(၄)ရက်နေ့၌ ခလရ(၂၄၉)တပ်ရင်းမှ အင်အား(၇၀)ကျော်ခန့်ကို ရဟတ်ယာဉ်(၃)စီးဖြင့် စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းအား မိမိတို့ တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသည်။


​မိမိတို့တပ်ဖွဲ့များ၏ ဝန်းရံပိတ်ဆို့ခြင်း ခံထားရသော စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းအား လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မနက်(၅)နာရီခွဲ အချိန်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနက်(၈)နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ(၁၅)ရက်နေ့မှစတင်ခဲ့သည့် ရှားတောမြို့အား တပ်ချနေရာယူ၍ ပြည်သူများအား ဒုက္ခအမျိုးမျိုး ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ခမရ(၄၂၈)၊ ခလရ(၂၄၉) နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ပါသည်။


​တစ်လတာနီးပါးကြာမြင့်ခဲ့သော ရှားတောမြို့အား အပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ ထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါသည်။


​ကရင်နီပြည်နယ်၊ ရှားတောမြို့အား သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ပါသည်။


​ကရင်နီပြည်၊ ရှားတောမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား သိမ်းပိုက်ခဲ့သော တိုက်ပွဲများအတွင်း မိမိတို့ KNDF မှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။


​ကရင်နီပြည်နယ်၊ ရှားတောမြို့အား မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးလိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း လူတစ်စုကောင်းစားရေး အတွက် ဦးတည်သော အာဏာရှင်၏ အထောက်အပံ့များအဖြစ် ရပ်တည်ခြင်းမပြုဘဲ ပြည်သူ့ဘက်သို့ ယုံကြည်ရဲဝင့်စွာ ရပ်တည်၍ ဘက်ပြောင်းလာကြပါရန် လေးနက်စွာတိုက်တွန်းလိုပါသည်။

 

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။

ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမည်ဟု NUCC ဖော်ပြ


 ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမည်ဟု NUCC ဖော်ပြ


▪︎တော်လှန်ရေးအင်အားစုများကလုံခြုံရေးစည်းကို မကျိုး

ပေါက်စေဘဲကိုင်တွယ်ဖြေရှင်းပေးရေးပြင်ဆင်ထားရန်နှင့်လူငယ်များတော်လှန်ရေးတွင်ပြတ်ပြတ်သားသားပါဝင်ကြရန်တိုက်တွန်း


သော်မွန်/People’s Spring


ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)ထုတ်ပြန်သည်။ 


စစ်အုပ်စုက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUCC အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ပြည်သူလူထုနှင့် လူငယ်များအတွက် လိုအပ်သည့်လုပ်ငန်းစဥ်နှင့် အစီအမံများကို အမြန်ဆုံးဖော်ဆောင်သွားမည်ဟု ဖော်ပြသည်။


“ဒါနဲ့ပတ်သက်လို့ NUCC မှာ သီးခြားလုပ်ငန်းကော်မတီဖွဲ့ပြီး ဆောင်ရွက်ဖို့ဆိုပြီး လုပ်ငန်းကော်မတီဖွဲ့တာရှိတယ်။ ပြီးရင် အဲဒီ NUCC လုပ်ငန်းကော်မတီနဲ့ NUG နဲ့ ညှိနှိုင်းပြီးတော့ NUCC နဲ့ NUG ဒီကိစ္စအပေါ်မှာ တုန့်ပြန်ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းစဥ်တွေ၊အစီအမံတွေဆောာင်ရွက်ဖို့အတွက် Joint Working Committee ဆိုပြီး NUG နဲ့ NUCC ပေါင်းစပ်ဖွဲ့ပြီးတော့ ဆက်လက်ပြီး တုန့်ပြန်ဆောင်ရွက်မှုတွေကို အချိန်နဲ့ တပြေးညီလုပ်သွားဖို့ ရှိပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။


ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အခြားသောတော်လှန်ရေးအင်အားစုများနှင့် အထက်ပါ Joint Working Committee ကို ချိတ်ဆက်ကာ လူငယ်များ၊ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး ထိရောက်စွာ ဆောင်ရွက်ရန် အလေးထားဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။


ပြည်သူ့စစ်မှုထမ်းဥပဒေအားအသက်သွင်းခြင်းသည် တိုင်းပြည်၏အနာဂတ်ဖြစ်သော ကျောင်းသား၊လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်း NUCC က တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက် ကြေညာချက်၌ ဖော်ပြသည်။


ထို့အပြင်စစ်အုပ်စုကကျူးလွန်သော ရာဇဝတ်မှုများအား နိုင်ငံတကာကထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန် လာခြင်းဖြစ်ကြောင်း NUCC ကဆိုသည်။


အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်သော ဒေသတွင်း မတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်ရာ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမည်ဖြစ်ပြီး ယင်းအတွက် အကြမ်းဖက်စစ်အုပ်စုအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် NUCC ကတိုက်တွန်းသည်။


တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးစည်းကို မကျိုးပေါက်စေဘဲ ထိုအခြေအနေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်ထားကြရမည်ဖြစ်ပြီး လူငယ် များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုလျှင် တော်

လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်ကြရန် ဆက်လက်တိုက်တွန်းသည်။ 


စစ်မှုထမ်းဥပဒေပြဌာန်းအသက်သွင်းခြင်းသည် အကြမ်း

ဖက်စစ်အုပ်စု၏ ထိုသို့သွေးရူးသွေးတန်းလုပ်ဆောင်ချက်ဖြစ်ပြီး ပြိုကျပျက်စီးအဆုံးသတ်တော့မည့် ၎င်းတို့၏အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု NUCC က သုံးသပ်သည်။စစ်အုပ်စု ဖန်တီးထားသည့် အထွေထွေအကြပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတရပ်လုံးကို ပိုမိုပြင်း ထန်စွာဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုအား အတင်းအဓမ္မအစ

ဖျောက်ရန် ကြိုတင် ပြင်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Tuesday, 13 February 2024

ရှားတောမြို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်





 ရှားတောမြို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်


▪︎ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ၊ ၃၀ ဦး အရှင်မိ၊ လက်နက်မျိုးစုံ အလက် ၁၀၀ကျော်ရ


▪︎ကလေးငယ်များ၊ကိုယ်ဝန်ဆောင်မိခင်နှင့်မသန်စွမ်းများ အပါအဝင် စစ်ရှောင် ၆ဦးကို သတ်သွားသည့် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၅၀ဦးခန့် သေဆုံးပြီး စစ်ကြောင်းပျက်


▪︎ကရင်နီပူးပေါင်းတပ်များက မယ်စဲ့၊ မော်ချီး၊ ရွာသစ် ၊

ရှားတောမြို့များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး


ဟန်နွေ/People’s Spring


ကရင်နီပြည်နယ် ရှားတောမြို့ကို ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပါဝင်သည့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၂ရက် မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ရှားတောမြို့ကို ဇန်နဝါရီ ၁၅ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှားတော့မြို့ အခြေ

စိုက် ဗျူဟာစခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယင်းစခန်းသည် ရှားတော မြို့အဝင် စေတီကုန်း၌ တပ်စွဲထားခြင်းဖြစ်သည်။


ရှားတောမြို့သိမ်းစစ်ဆင်ရေးကို ဇန်နဝါရီ လလယ်က စတင်ခဲ့ရာ ရှားတော အနောက်ဘက် လွိုင်ကော်-ရှားတောကြား အန္တရာယ်ကွေ့ရှိ စစ်ကောင်စီ တပ်စခန်းကို ဇန်နဝါရီ လတတိယပတ်အတွင်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး ရှားတောမြို့ရှိ စေတီကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းသို့ ပူးပေါင်းသွားခြင်းဖြစ်သည်ဟု သိရသည်။


“ကျနော်တို့ဘက်က အဲဒီ စေတီကုန်းကို ဝိုင်းရံထားတဲ့ အချိန်မှာ ခမရ(၄၂၇)တပ်က သူတို့ စစ်ကူလာဖို့ ကြိုးစားတယ်။ ဒါပေမဲ့ စေတီကုန်းပဲ ကျန်တဲ့အခါ အဲဒီမှာ ကျနော်တို့ လူတွေ ၀ိုင်းရံထားပြီး ကျန်တဲ့ အင်အားတွေက စစ်ကူတပ်ကို သွားတိုက်တယ်။ တိုက်တော့ စစ်ကူက ဆင်းလာလို့ မရဘူး။သူတို့ ပြန်ခေါက်သွားတယ်။ ဖေဖော်ဝါရီလ ၄ရက်နေ့မှာ သူတို့ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူလာချတယ်။ ဟိုးရှားတော မြောက်ဘက်တစ်နေရာမှာပေါ့။ အဲဒီ တပ်ကတော့ (၂၄၉) မိုင်းပြင်းက တပ်ပေါ့။ လူအင်အားကတော့ တပ်ရင်းတစ်ရင်းပေါ့ ဒါပေမဲ့ အင်အား ၆၄ယောက်ပါတယ်” ဟု ကရင်နီ သတင်းရင်းမြစ်ကပြောသည်။


အဆိုပါ စစ်ကြောင်းသည် ရှားတောဘက်သို့ ဆင်းလာစဉ် ရှားတောမြို့နယ် စုစည်းရွာက စစ်ရှောင် ၇ဦး( အမျိုးသား ၁ဦး၊ မသန်စွမ်း ၂ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁ဦး၊ ကလေးငယ် ၃ဦး) ကို ဖမ်းခေါ်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ်များအပါအဝင် ၆ဦးကို သတ်ဖြတ်သွားခဲ့သည်။


“ အဲဒီ စစ်ကြောင်းကလည်း ကျနော်တို့ ပူးပေါင်းတပ်က တိုက်တဲ့အခါ သူတို့ လက်နက် ၄၀လောက်ရတယ်။ ၄၀လောက်ရတယ်ဆိုတော့ ကျနော်တို့ခန့်မှန်းတာ ၄၀ လောက်ကျသွားပြီပေါ့” ဟု ကရင်နီ သတင်းရင်းမြစ်က ပြောပြသည်။


အဆိုပါစစ်ကြောင်းမှ ကျန်သည့် ၁၀ဦးကျော်သည် နှစ်ဖွဲ့ခွဲ ထွက်ပြေးရာ တစ်ဖွဲ့သည် ကရင်နီတပ်နှင့် ပြန်တိုးပြီး တိုက်ပွဲဖြစ်ပွားရာ ၄ဦးထပ်မံသေဆုံးခဲ့သည်ဟု ရှင်းပြသည်။ ယင်းတိုက်ပွဲ၌ လက်နက် ၄လက်ထပ်ရသည်ဟုသိရသည်။ ထို့ပြင် ၁ဦးသည် ကရင်နီတပ်နှင့် ပူးပေါင်းလာကြောင်း ကရင်နီ သတင်းရင်းမြစ်က ပြောသည်။


“ပူးပေါင်းလာသူတစ်ဦးရဲ့ ပြောပြချက်အရဆိုရင်သူတို့လည်း မြောက်ပိုင်းကနေ ပြန်လာတာ မကြာသေးဘူး။ အဲဒါ ဟတ်စကီးပေါ် တက်ခိုင်းပြီးမှ ရှားတော ဂွင်မှာ သွားချတာပေါ့။ အဲဒီလို အခြေအနေက” ဟု ၎င်းက ဆက်ပြောသည်။


ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရှားတောသို့ လေ

ကြောင်း တိုက်ခိုက်မှုများပို၍ပြုလုပ်ခဲ့သည်ဟုသိရသည်။


“ သူတို့က ဗုံးသီးတွေနဲ့လာကြဲတယ်။ လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေနဲ့ ။ ပေါင် ၅၀၀ ဗုံးတွေလာကြဲရင်းနဲ့နောက်ဆုံးအခြေအနေက မနေ့က ပြည်ထောင်စုနေ့မှာ မနက် ၆နာရီမှာ အဲဒီ စေတီကုန်းကို တက်ပြီး ရှင်းတဲ့အချိန်မှာ အဲဒီမှာ (၄၂၈) သူ့ဗျူဟာမှူးက ဒဏ်ရာရပြီးတော့ သူကျသွားတယ်ထင်တယ်။ ကျသွားတော့ ကျန်တဲ့ စစ်သည် ၄၀လောက်က သေပြီ။ နောက်ပြီးတော့မှ အရှင် ၂၉ ဦးဖမ်းမိတယ်။ အားလုံးပေါင်း စေတီကုန်းမှာ ပုန်းအောင်းနေတဲ့ သူ့မိသားစုတွေလည်း ပါတယ် လူ ၈၀ လောက်ပေါ့။ ၈၀ လောက်မှာ ၄၀လောက်က သေတယ်။ ၂၉ဦးကဖမ်းမိတယ်။ ကျန်တာက မိသားစုတွေပေါ့” ဟု ကရင်နီ သတင်းရင်းမြစ်က ရှင်းပြသည်။


ဗျူဟာမှူးကို တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)က တိုက်ရိုက်ညွှန်ကြားမှု ပေးခြင်းဖြစ်ပြီးခမရ( ၄၂၈) တပ်သည် လွိုင်ကော် အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ဖြစ်သည်။


အဆိုပါ တပ်စခန်းကုန်းကို သိမ်းနိုင်ခဲ့၍ ရှားတောမြို့တွင် စစ်ကောင်စီတပ် မရှိတော့ဘဲ ရှားတောအရှေ့ဘက် သံလွင်မြစ်ကမ်းနဘေး၌ အင်အား ၃၀ ခန့် စစ်ကောင်စီတပ်စခန်း တစ်ခုသာ ကျန်တော့သည်ဟု ပြောသည်။


 စေတီကုန်းစခန်းသိမ်းတိုက်ပွဲ၌လက်နက်ကြီးလက်နက်

ငယ် မျိုးစုံ အလက်ရေ ၇၀ ကျော် ရရှိမည်ဟု သိရ သည်။


“ ဗုံးသီးတွေရောပေါ့။ ဒါပေမဲ့ ကျည်ဆံတော့မရှိတော့ဘူး သူတို့လည်း ကျည်ကုန်နေပြီလေ” ဟု ကရင်နီ သတင်းရင်းမြစ်က ပြောသည်။


စစ်ကူလာသည့် တပ်ထံမှ ရရှိသည့် လက်နက်မှာလည်း အလက် ၄၀ကျော်ရှိရာ လက်နက်မျိုးစုံ ၁၀၀ ကျော်ရရှိခဲ့ခြင်းဖြစ်သည်။


အခြား ကရင်နီသတင်းရင်းမြစ်ကလည်း ရှားတောမြို့ကို သိမ်းနိုင်ပြီဖြစ်ကြောင်း အတည်ပြုသည်။


“စစ်ဖက်က ထုတ်ပြန်လိမ့်မယ်။ ရန်သူက လွတ်လမ်းတော့ မရှိဘူး။ သူတို့ နောက်ဆုံး အခြေအနေထိ ခုခံတယ်။ အကုန်ချေမှုန်းလိုက်တာလား အသေးစိတ် အခြေအနေ ကျနော် မသိရပါဘူး” ဟု ၎င်းက ပြောသည်။


ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။


“ပထမ ရှမ်းဘက်ကနေ လှေနဲ့။ ဖြတ်တိုက်လို့ဆုတ်ခွာသွားတယ်။ နောက်တစ်ခေါက် ဟတ်စကီးသုံးစီးနဲ့ အင်အား ၆၀

ကျော်လာချတယ်။ချေမှုန်းခံရတယ်။ ၁၃ယောက်ပဲ လွတ်သွားတယ်။ ရှမ်းဘက်ပြေးသွားတယ်”ဟု ကရင်နီ သတင်းရင်းမြစ်က ပြောပြသည်။


ရှားတောမြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းနိုင်ပြီဖြစ်၍ ရှားတော၊ မယ်စဲ့၊ မော်ချီး၊ ရွာသစ်မြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ကျန်သည့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ ၊ လွိုင်ကော် စသည့် ကရင်နီဒေသ အများစုမှာလည်း ကရင်နီပူးပေါင်းတပ်က အဓိက ထိန်းချုပ်ထားပြီး ဘောလခဲမြို့ပေါ်နေရာနှင့် လွိုင်ကော် မြို့ပေါ် နေရာ ၌သာ စစ်ကောင်စီတပ် အဓိက ရှိနေသည်ဟု ပြောသည်။


(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများနှင့် စစ်သုံပန်းမျာ ။ဓါတ်ပုံ-နေပြည်တော်သိမ်းပိုက်အောင်လံစိုက်)

ကျောက်တော်မြို့သိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံများ AA ပြသ



 ကျောက်တော်မြို့သိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံများ AA ပြသ


ရှိုင်း/People’s Spring


ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်မြို့သိမ်းပိုက်နိုင်မှု အခြေအနေ မှတ်တမ်းဓာတ်ပုံများကို ယနေ့ ညပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။


AAသည် ချင်းပြည်နယ် ပလက်၀မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


AAက ဖော်ပြခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် ကျောက်တော်မြို့တွင်းရှိ စစ်ကောင်စီ၏ တပ်မ ဌာနချုပ်၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများရှေ့၌ ရက္ခိုင့်တပ်တော် စစ်သည်များ အောင်ပွဲခံနေမှု မြင်ကွင်းများကို တွေ့ရသည်။


ကျောက်တော်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ကစ္ဆပ နဒီတံတား၊ ပုဂ္ဂလိက ဘဏ်အချို့ ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ မြို့နယ်တရားရုံး၊ ကျောက်တော် မြို့အဝင်နေရာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးစသည့် နေရာများ၌ AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေမှု ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။


AAသည် ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်ရေယာဉ်သုံးစီးကိုလည်း တိုက်ခိုက်နှစ်မြှုပ်ခဲ့သည်။


(ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ။ ဓာတ်ပုံ - AAInfoDesk)

Monday, 12 February 2024

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) KNU တပ်မဟာ (၆) နယ်မြေအတွင်း အောင်မြင်စွာပြုလုပ်


 အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) KNU တပ်မဟာ (၆) နယ်မြေအတွင်း အောင်မြင်စွာပြုလုပ် 


RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၄ ခုနှစ်။


အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) သင်တန်းအား KNU တပ်မဟာ (၆) နယ်မြေအတွင်း S.O.F မှ ဥဦးဆောင်သင်ကြားပေးခဲ့ပြီး အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 


သင်တန်းအား KNLA မှသင်တန်းနည်းပြများ၊ U.S မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြများ၊ S.O.F သင်တန်းနည်းပြများမှ ကြီးကြပ်သင်ကြားပေးခဲ့ပြီး မွန်၊ ကရင်၊ တနင်္သါရီရှိ တော်လှန်ရေးအဖွဲ့အသီးသီးမှ အထူးရွေးချယ်စေလွှတ်ထားသော အထူးတပ်ဖွဲ့ဝင် သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြသည်။


အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) အား အခြေခံစစ်ပညာသင်တန်း တစ်လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း နှစ်လ၊ အထူးမွန်းမံသင်တန်းများအဖြစ် အဖွဲ့များခွဲ၍ (စနိုက်ပါသင်တန်း၊ ဆေးသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဒရုန်းသင်တန်း) တစ်လဖြင့် (မေလ ၁၅ ရက်၊ ၂၀၂၃) မှ (စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃) အထိ စုစုပေါင်း လေးလခွဲကြာ သင်ကြားခဲ့ရသည်ဟု S.O.F ကထုတ်ပြန်ထားသည်။ 


အထူးစစ်ဆင်ရေးသင်တန်းဆင်း ရဲဘော်များအား တောင်ပိုင်းစစ်ဒေသ၏ SPECIAL OPERATION FORCE - S.O.F အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၉၉၉၉/အထူးတပ်ဖွဲ့) အောက်တွင် စစ်ကြောင်း (၂) အဖြစ် ထပ်မံဖွဲ့စည်းခဲ့ပြီး အခြားသင်တန်းဆင်းရဲဘော်များမှာ မိခင် တပ်ရင်း/တပ်ဖွဲ့များအတွင်း ပြန်လည်ဝင်ရောက်၍ တော်လှန်ရေးတာဝန်များထမ်းဆောင်နေပြီဖြစ်သည်။


အပတ်စဥ် (၅) သင်တန်းဆင်းရဲဘော်များဖြင့်ဖွဲ့စည်းထားသော S.O.F စစ်ကြောင်း (၂) သည် သင်တန်းဆင်းပြီးပြီးချင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ခလယ်တံခွန်တိုက်တိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိတ်ကြီးမြို့တွင်းတိုက်ပွဲ၊ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ကရိတ်မြို့တွင်းတိုက်ပွဲများနှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစခန်းသိမ်းပွဲများကို ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အောင်ပွဲများစွာရယူနိုင်ခဲ့ကြပြီဖြစ်သည်။ 


#RedNewsAgency

RNA: Website - https://rednewsagency.com/

RNA: Youtube- https://www.youtube.com/@rednewsmm/

RNA: Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

ကချင်ပြည်နယ် ဆင်ဘိုမြို့ကို KIA တိုက်ခိုက် သိမ်းပိုက်


 ကချင်ပြည်နယ် ဆင်ဘိုမြို့ကို KIA တိုက်ခိုက် သိမ်းပိုက်


▪️မြို့အနီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေဆဲဟု စစ်ရေးသတင်းရင်းမြစ်ပြော


ဝင်းမောင်/People’s Spring


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် နံနက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခဲံခြင်းဖြစ်ပြီး လက်ရှိတွင် မြို့ကို သိမ်းထားနိုင်ပြီဖြစ်သော် လည်း မြို့အနီး စစ်ကောင်စီတပ်ကိုဆက်လက် တိုက်ခိုက်နေသည်ဟု ဆိုသည်။


"မြို့ကိုတော့ သိမ်းထားတယ်။ ခလရ(၁၄၁) ကိုတော့ တိုက်နေဆဲ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ KIA အနေဖြင့်မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြို့တစ်မြို့ကို အချိန်တိုအတွင်းသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


“ဝင်တိုက်တာကတော့ မနေ့က မနက် ၇နာရီကနေ ဝင်တိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိမ်းပိုက်လို့ရတယ်ဆိုတဲ့သတင်းကတော့ မကြားရသေးပါဘူး” ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆင်ဘိုမြို့ တိုက်ပွဲနှင့်ပတ်သက်ပြီး ယနေ့ ညပိုင်းတွင် ပြောသည်။


ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့သိမ်းပိုက်နိုင်မှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


KIAသည် ရှမ်းမြောက်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းရှိ မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ဆင်နွှဲလျက်ရှိပြီးကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ ရှမ်းမြောက် မဘိမ်းမြို့၊ မံစီမြို့နယ် မံဝိန်းကြီးဒေသ အပါအဝင် စစ်ကောင်စီတပ်စခန်းအများအပြားကိုဇန်နဝါရီနှင့် ယခု ဖေဖော်ဝါရီလဆန်းအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။


(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KIA)

Sunday, 11 February 2024

ဇရပ်ကြီးမြို့ အခြေစိုက် ခလရ ၇၃ တပ်ရင်းအပါအဝင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၇၀ ခန့်သေဆုံးပြီး တပ်ရင်းအတွင်းရှိ အဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများ၊ ခဲယမ်းများကို သိမ်းဆည်းဖျက်ဆီး



 ဇရပ်ကြီးမြို့ အခြေစိုက် ခလရ ၇၃ တပ်ရင်းအပါအဝင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၇၀ ခန့်သေဆုံးပြီး တပ်ရင်းအတွင်းရှိ အဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများ၊ ခဲယမ်းများကို သိမ်းဆည်းဖျက်ဆီး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁


ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်း အပါအဝင် စစ်တပ် စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ခန့်သေဆုံးပြီး တပ်ရင်း အတွင်းရှိ အဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ခဲယမ်းများကို သိမ်းဆည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က အမှတ် ၂ စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်း စစ် ဆင် ရေး အစီအမံဖြင့် ဆောင်ရွက်သော ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်း စစ် ဆင်ရေးအဖြစ် စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းပေါ်ရှိ မြို့စိုးတံတား စစ်တပ် ဂိတ် စခန်းကို ဝင်ရောက်တိုက်ခိုက် ချေမှုန်းပြီး တံတားအား ဖောက်ခွဲဖြတ်တောက်ခဲ့ကြောင်း သိရ သည်။


ထို့ပြင် ဇရပ်ကြီးမြို့ အခြေစိုက် ခလရ ၇၃ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်ရာ တပ်ရင်းအတွင်းရှိ စစ်ရေးအခြေခံ အဆောက်အဦးများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ခဲယမ်းများကို သိမ်းဆည်း၊ ဖျက်ဆီးနိုင်ခဲ့သည့်အပြင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အင်အားချိနဲ့စေရန် ဇရပ် ကြီးမြို့ ရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


အလားတူ စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ နှစ်တန့်ကူးတံတားနှင့် ရေကြည် ချောင်း တံတားရှိ စစ်ကောင်စီ၏ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး နှစ်တန့်ကူး တံတား ကို ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ အိမ်များ အပါအဝင် လေကြောင်းမှ အကြိမ်ရေ ၈၀ ကျော် တိုက်ခိုက်ကာဖျက်ဆီးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေး ရည်မှန်းချက် အားလုံးကို ပြီးမြောက်အောင်မြင်အောင် ဆောင် ရွက်နိုင်ခဲ့ကာ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိင်ခဲ့ကြောင်း သိရသည်။


အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ ရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ကျဆုံးထိခိုက်မှုအချို့ရှိခဲ့ကြောင်း သိရသည်။ 


တောင်ပိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင် ရေး တိုးမြှင့် ဆောင်ရွက်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းဝေးစေရန် အ တွက် လိုအပ် သည် များကို ကြိုတင်ပြင်ဆင် ထားကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား များ နှင့် စစ်ကောင်စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများအားလုံး ပြည်သူ့ဘက်သို့ ရပ် တည် ပူးပေါင်းကြရန် တိုက်တွန်းထားသည်။

တရုတ်တွင်ကျားဖြန့်အမှုပယ်ဆောက်ချိန်အုပ်စုဖြောင့်ချက် စစ်ကောင်စီအတွင်းဂယက်ထ



 တရုတ်တွင်ကျားဖြန့်အမှုပယ်ဆောက်ချိန်အုပ်စုဖြောင့်ချက် 

စစ်ကောင်စီအတွင်းဂယက်ထ


ခွာညို/People's Spring 


တရုတ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းနှင့် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်၌ ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းပြည်နယ်၌ ၂၀၁၈ ခုနှစ်နောက်ပိုင်း တာဝန်ကျခဲ့သော စစ်တပ်အရာရှိများ၊ ပြည်ထဲရေးနှင့် ရဲအရာရှိအများအပြားပါဝင်ပတ်သပ်နေကြောင်း သတင်းရရှိသည်။


"ဦးပယ်ဆောက်ချိန်တို့ ထွက်ချက်မှာရှမ်းမှာ ၂၀၁၈ နောက်

ပိုင်းကစပြီး တာဝန်ကျသူတွေပါနေတယ်။ ပြည်ထဲရေးလည်းပါတယ်။ တပ်အရာရှိတွေရော ရဲတွေရော ပါနေတယ်။ ရဲတွေကို အရေးယူဖို့ သတင်းတွေထွက်လာလို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်"ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။


ရှမ်းပြည်နယ်တွင် ပြည်နယ်ရဲရုံးအခြေစိုက်သည့် တောင်ကြီးနှင့် လားရှိူးမြို့မှ ပြည်နယ်အဆင့် ထွေအုပ်အရာရှိများစွာ၊ စစ်တပ်အရာရှိများ နှင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေသည်ဟု စုံစမ်းသိရှိရသည်။ ခရိုင်အဆင့်အနေဖြင့် လောက်ကိုင်ခရိုင်မှ အထွေထွေအုပ်ချုပ်ရေးအရာရှိများ၊ စစ်တပ်အရာရှိများနှင့် ခရိုင်အဆင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေကြောင်းသိရှိရသည်။


"အခုက ရဲမင်းကြီးတွေ ဖြုတ်ထုတ်သတ်လုပ်တော့မယ်။ရဲတွေကတော့ ခံဘက်ကပဲ။ ဒီဖြစ်စဉ်မှာ တိုင်းမှူး(စစ်တိုင်းမှူး)

တွေ၊ ကစထမှူးတွေလည်း ပါပေမယ့် စစ်ကောင်စီက အရေးယူတာမတွေ့ရသေးဘူး" ဟုရှမ်းပြည်နယ်မြောက်ပိုင်းမှ ရဲအရာရှိတစ်ဦးကပြောသည်။


ရှမ်းပြည်နယ်တွင် ၂၀၁၈ နောက်ပိုင်းမှစ၍ ပြည်နယ်ရဲတပ်ဖွဲ့မှူး(တောင်ကြီး)အဖြစ် ရဲမှူးကြီး‌‌ဇော်ခင်အောင်( ၎င်းသည် ၂၀၂၀ ခုနှစ်တွင် ရဲထောက်ချုပ်အဖြစ် တာဝန်ယူနေစဉ် အဂတိမှုဖြင့် အရေးယူခံခဲ့ရသည်)၊ ထိုနောက်ပိုင်းတွင် ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး)အဖြစ် ရဲမှူးကြီး‌‌ လှမင်းတို့တာဝန်ယူထားသည်။ စစ်တပ်မှ ပြောင်းလာသည့်ရဲမှူးချုပ်တင်ကိုကို နှင့် ရဲမှူးကြီး‌‌ လှမင်းသည် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။


လတ်တလောတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့်တိုင်းရဲတပ်ဖွဲ့မှုများကို ပူးတွဲတာဝန်ပေးထားသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာများမှဖေဖော်ဝါရီ၁၀ရက်ညတွင် ဖယ်ရှားပြီး စစ်တပ်အရာရှိများဖြင့် အစားထိုးလာသည်။ ထိုလုပ်ရပ်သည် ကျားဖြန့်ပြဿနာ၌ ရဲအရာရှိများအား နောက်ဆက်တွဲအရေးယူမှုများနှင့်ပတ်သတ်မှုရှိနိုင်ကြောင်း လေ့လာသူအချို့ကပြောသည်။


" ပယ်ဆောက်ချိန်တို့ကတော့ခေါင်းဆောင်ပိုင်းကိုအမှုတွဲမှာပဲ။ရဲတွေပါမှတော့ပြည်ထဲရေးဝန်ကြီးလည်း ပါရမှာ။ ဝန်ကြီးကိုလစဉ် သိန်းထောင်ချီ ပေးရတာ။ အခုကတော့ ကိုင်းဖျားကိုင်းနားပဲ အရေးယူမယ့်အကွက်"ဟု ရှမ်းပြည်နယ်မှ အငြိမ်းစားယူခဲ့သည့် ရဲအရာရှိတစ်ဦးကပြောသည်။


၂၀၁၈ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ၂၀၁၆ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တာဝန်ယူခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို လာဘ်စားသည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် ၅ နှစ်ချခဲ့သည်။


 မိသားစုလိုက် အဂတိလိုက်စားမှုဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အာဏာသိမ်းခေါင်းဆောင်က ၎င်း၏ လူရင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား အရေးယူသည့် ဖြစ်ရပ်အပေါ် စစ်တပ်အသိုင်းအဝိုင်း၌ပင် ပွက်လောရိုက်ခဲ့ပြီး လူထုကလည်း လှောင်‌ပြောင်ခဲ့ကြသည်။ ယခုလတ်

တလော၌ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တာဝန်ယူထားသည်။ 


ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ကျားဖြန့် အမှုတွဲတွင်ပါဝင်နေပြီး ၊တရုတ်နိုင်ငံသားများကို နိုင်ငံသားကတ် အတုထုတ်ပေးမှု ၊အွန်လိုင်းငွေလိမ်လည်မှု စသည့် အမှုများတွင် ပြည်ထဲရေးဝန်ကြီးဟောင်းအပါအဝင်း စစ်ကောင်စီထိပ်တန်းခေါင်းဆောင်အချို့ ပါဝင်ပတ်သပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်းပြောသည်။


ကျားဖြန့် လောင်းကစားမှု၌ စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ အဓိကပါဝင်ပတ်သက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထား

သည်။


ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍တရုတ်က ဖမ်းဝ

ရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ၊ကြံဖွံ့ အမတ်ဟောင်း ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ဇန်နဝါရီလ ၃၀ရက် ညတွင် နေပြည်တော်လေဆိပ်၌ အထူးလေယာဥ်ဖြင့်လာရောက်ခေါ်ဆောင်ဖမ်းဆီးသွားခြင်းဖြစ်သည်။


တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီက ဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဇန်နဝါရီလ ၂၈ရက်နေ့ညတွင် ထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလွှဲအပ်လိုက်ခြင်းလည်းဖြစ်သည်။ ယခုအခါ တရုတ်ရဲတပ်ဖွဲ့က ကျားဖြန့်ခေါင်းဆောင်များကို အမှုစစ်ဆေးနေသည်။

ကိုးကန့်ဒေသ အောင်ပွဲကို မြောက်ပိုင်းမဟာမိတ်တပ် ခေါင်းဆောင်တွေ တက်ရောက်


 ကိုးကန့်ဒေသ အောင်ပွဲကို မြောက်ပိုင်းမဟာမိတ်တပ် ခေါင်းဆောင်တွေ တက်ရောက် 


ကိုးကန့်တပ် (MNDAA) က ဦးဆောင်ကျင်းပတဲ့ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အခမ်းအနားကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။


ဇန်နဝါရီလ ၉ ရက်တုန်းက ကျင်းပတဲ့ ကိုးကန့်ဒေသအောင်ပွဲနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ညီနောင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ 


အဲဒီအခမ်းအနားမှာ ကိုးကန့်တပ်(MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၊ တအာင်းတပ်(PSLF/TNLA) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အတူ တက်ရောက်ကြတဲ့ဓာတ်ပုံကိုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။


ဒီသတင်းအပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက် နောက်ဆုံးရသတင်းများ စုစည်းတင်ဆက်မှု 

https://www.bbc.com/burmese/articles/c88n534ygjno 


#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရှမ်းမြောက် #ကိုးကန့်တပ် #MNDAA #TNLA #AA #တရုတ်နှစ်သစ်ကူး

AA က သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်နေ


 AA က သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ 


ရခိုင်ပြည်နယ်တွင် AA က ထိန်းချုပ်ထားသော မင်းပြားမြို့ကို စစ်ကောင်စီ ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ မြိုနယ်အချိုတွင် ထိတွေ့တိုက်ပွဲအချိုရှိခဲ့သကဲ့သို စစ်ကောင်စီ၏ မြို၊ ရွာများနှင့် အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြိုအား ယနေ့တစ်ရက်လုံးတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြိုနှင့် အနီးတစ်ဝိုက်နေရာများသို့ ယမန်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းက လက်နက်ကြီးများဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


တစ်ပြိုင်နက်တည်းတွင်ပင် စစ်ကောင်စီ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” က လက်နက်ကြီးဖြင့် ၁၉ ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန်မှစ၍ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြိုပေါ်ရပ်ကွက် များထဲမှ အမှတ် ၅ နှင့် ၆ တို့မှာလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

Saturday, 10 February 2024

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၄၁ မြို့ရှိလာ


 တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း

 ၄၁ မြို့ရှိလာ


-People's Spring 


ရက္ခိုင့်တပ်တော် ( AA)က ဖေဖော်ဝါရီ ၆ ၊၇ ၊၈ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား ၊ မြောက်ဦး ၊ကျောက်တော် ၊ တောင်ပြိုလက်ဝဲမြို့တွေကို ထပ်မံသိမ်း၊ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ပလက်ဝဒေသက ပလက်ဝ နဲ့ ဆမီးမြို့ ၊ ရခိုင်ပြည်နယ်က ပေါက်တောမြို့တွေကို သိမ်းပိုက်ပြီးဖြစ်တာကြောင့် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ပေါင်း ၇ မြို့ ရှိလာပြီဖြစ်ပါတယ် ။ဒါကြောင့်နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင် ၄၁ မြို့ထိရှိလာပြီဖြစ်ပါတယ် ။ တော်လှန်ရေးအဖွဲ့တွေ သိမ်ူပိုက်၊ထိန်းချုပ်ထားပေမယ့် သတင်းမထုတ်ပြန်လို့ ဒီစာရင်းထဲမပါတာတွေကျန်ရှိနိုင်ပါတယ် ။ ရှမ်းပြည်

နယ်မြောက်ပိုင်း ၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ချင်းပြည်နယ် ၊ရခိုင်ပြည်နယ် ၊ကရင်နီပြည်နယ် ၊ကချင်ပြည်နယ် ၊စစ်ကိုင်း

တိုင်း တွေ မြို့ပေါင်း ၄၁ မြို့ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လာနိုင်တာဖြစ်ပါတယ် ။

ရသေ့တောင်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ပြီးနောက် မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်


 ရသေ့တောင်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ပြီးနောက် မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်

=================

ဖေဖော်ဝါရီ ၁၀ ရက်

Radio NUG


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်နိုင်ခဲ့ပြီး တဲ့နောက် မောင်တောမြို့မှာရှိတဲ့ ကြိမ်ခြားနယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်နေပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေး ပြောဆိုလိုက်ပါတယ်။ 


ရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်းက အငူမော်-မောင်တောကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။ 


အဆိုပါနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက်နေဖြစ်တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ရခိုင့်တပ်တော်က စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


အဆိုပါစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ မနက် ၁ဝ နာရီဝန်းကျင်အထိ အသိပေးထားတာမရှိသေးပါဘူး။ 


အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာ ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းကနေပြီး မယူကန်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင် အောင်ဆိပ်နဲ့ သံချောင်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို တချိန်တည်းမှာပဲ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထားပါတယ်။ 


ရခိုင့်တပ်တော်အနေနဲ့ လက်ရှိမှာ မောင်တောမြို့နယ်မြောက်ပိုင်းက ကြိမ်ချောင်းရွာအနီးက နခခ ၇ လို့ခေါ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပြီလို့သိရပါတယ်။ 


ကြိမ်ချောင်း နယ်ခြားစောင့်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့မခံနိုင်တာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်ရ တာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။ 


ကြိမ်ချောင်းစခန်းဟာ စစ်ကောင်စီဘက်က နှစ်ရှည်လများ အခြေချတပ်စွဲနေတဲ့စခန်းတခုဖြစ်ပြီး အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ စခန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။


 ရခိုင့်တပ်တော် AA ဟာ ယခုလဆန်းပိုင်းက မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲနဲ့ တောင်ပြိုလက်ယာ နယ်ခြား စောင့်စခန်း ၂ ခုကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ ရက်ပိုင်းအတွင်း စခန်း ၂ ခုစလုံးကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ 


အဆိုပါစခန်းသိမ်းတိုက်ပွဲတွေမှာ ရခိုင့်တပ်တော် AA ရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။ 


၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်နေတဲ့ ရခိုင်ဒေသအတွင်း စစ်ရေးဗျူဟာအထိနာနေတဲ့အပြင် စစ်စခန်းတွေ နေ့စဉ်ရက်ဆက် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသတွင်းက အရပ်သားပြည်သူများရှိရာ မြို့၊ရပ်ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှိဖျက်ဆီးခြင်းများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းတို့ ခပ်စိပ်စိပ်ကျုးလွန်လာတယ်လို့ ရခိုင့်တပ်တော်က ပြောပါတယ်။


ထို့အတူ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ မြန်မာနိုင်ငံနေရာအနှံအပြားမှာလည်း ရက်စက်ရွံရှာဖွယ် စစ်ရာဇဝတ်မှုတွေ ကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ကျူးလွန်နေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့နယ်က စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်


 ဘောလခဲမြို့နယ်က စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်


RNA_ဖေဖော်ဝါရီ(၁၀)၊၂၀၂၄ခုနှစ်။


ကရင်နီပြည် (ကယားပြည်နယ်)၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ခမရ - ၁၁၂ ၏ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၈ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (KPLA) တပ်မဟာ(၇၈၂၆)၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးပြီး KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်းတပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ချေမှုန်းခံမှုရှိပြီး သုံ့ပန်း တဦးဖမ်းဆီးရမိကာ အခြားသူများ ထွက်ပြေးလွတ်မြောက်သူများရှိသည်ဟု KPLA ကထုတ်ပြန်ထားသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁) လက် ရန်သူ့ လက်နက် စုစုပေါင်း (၁၆) လက်နှင့် ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


#RedNewsAgency

https://rednewsagency.com/news/13783

https://t.me/rednewsagency/5549

https://www.youtube.com/@rednewsmm/community

Friday, 9 February 2024

ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာတိုက်ပွဲ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အကျအဆုံးများ



 ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာတိုက်ပွဲ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အကျအဆုံးများ


မဲခေါင်၊ ဖေဖော်ဝါရီ ၉


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာအနီးမှာ ဖေဖော် ဝါရီလ ၈ ရက် ညနေ ၃ နာရီက လူမျိုးပေါင်းစုံ ဖယ်ဒရယ်ဒီမိုကရေစီတပ်ပေါင်းစုတပ် (လပဖဒ) နဲ့ PNO ပအိုဝ်းပြည်သူ့စစ်တွေ ၁ နာရီ ကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီ့ တိုက်ပွဲမှာစစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဟာ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။


တိုက်ပွဲအပြီး သေနတ်အတို ၃ လက်အပါ သေနတ် ၁၂ လက်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အလောင်းတွေရလိုက်ပြီး (လပဖဒ) ဘက်မှ ရဲဘော်အချို့ ဒါဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


အဲဒီကျေးရွာဟာ ဆီဆိုင်မြို့အနောက်ဘက် ၅ မိုင်အကွာ သဘက်ချောင်းတစ်ဖက်ကမ်းမှာ တည်ရှိပြီး PNO တွေ အခြေပြုရာ ဒေသလို့ သိရပါတယ်။


MK-012

#MeKongNews

#ဆီဆိုင်

#ဝန်းကောင်

#ပြည်သူ့စစ်

#အသေများ

ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီ သေဆုံးထိခိုက်မှုများ၊ လက်နက်ခဲယမ်းများ PDF ရရှိ


 ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီ သေဆုံးထိခိုက်မှုများ၊ လက်နက်ခဲယမ်းများ PDF ရရှိ


ဇော်ရမ်း/People's Spring


ကောလင်းမြို့တွင် ခုနှစ်မြောက်နေ့ တိုက်ပွဲဆက်လက်ဖြစ်

ပွားနေပြီး ဖေဖော်ဝါရီ ၈ ရက်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှသေဆုံးသူများကာ ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်။


ကောလင်းမြို့၊မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၈ရက် နေ့လယ်မှ ညပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ 


မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာသို့ ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။


"စကစများ အထိနာအကျအဆုံးများပြီး ရင်း(၂)မှ ရဲဘော် 

လေးဦးဒါဏ်ရာရ။မစိုးရိမ်ရပါ။သိမ်းဆည်းရမိ ပစ္စည်း လေးတွေကတော့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါတယ် အမျိုးတို့။ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ။တပ်ရင်း(၁) လည်း အစွမ်းကုန်ကြိုးစားနေပါတယ်" ဟု ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။


တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ထားသော ခရိုင်မြို့ ကောလင်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်ပြီး ဖေဖော်ဝါရီ ၃ ရင်ညတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ကောလင်းမြို့အတွင်းသို့ယမန်နေ့က ဝင်ရောက်လာနိုင်ပြီး မြို့တွင်း၌ညတိုက်ပွဲဖြစ်ပွားခဲ့သည်။


ယမန်နေ့က တိုက်ပွဲတွင် ကောလင်းနှင့်ကန့်ဘလူမြို့ကြားရှိချက်သင်းဘေးမဲ့တော အတွင်းတိုက်ပွဲမှာလည်းပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။ ချက်သင်းဘေးမဲ့တောရှိစစ်ကောင်စီတပ်နှင့်ပျူစောထီယစခန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၇ ရက်ညမှစတင်တိုက်ခိုက်ရာ စစ်တပ် အထိနာပြီးလေကြောင်းပစ်ကူသုံးခဲ့ရသည်။ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်သွားပြီး မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။


ယ‌နေ့သည် တိုက်ပွဲ ၇ရက်မြောက်ဖြစ်ပြီး မြို့ဘေးနားပတ်ဝန်းကျင်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။


 (စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် )

Thursday, 8 February 2024

ကောလင်းမြို့တွင် ၆ ရက်မြောက်တိုက်ပွဲဆက်လက် ပြင်းထန်၊ ထောက်ပံ့မှုတွေပေးဖို့ NUG ကို ကောလင်းပကဖ မေတ္တာရပ်ခံ


 ကောလင်းမြို့တွင် ၆ ရက်မြောက်တိုက်ပွဲဆက်လက် ပြင်းထန်၊ ထောက်ပံ့မှုတွေပေးဖို့ NUG ကို ကောလင်းပကဖ မေတ္တာရပ်ခံ


ကောလင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄။


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ၆ ရက်မြောက်တိုက်ပွဲအဖြစ် မိုးမလင်းခင်ကတည်းက စတင်တိုက်ပွဲပြင်းထန်နေပြီး PDF တပ်ရင်းတချို့ကျည်ဆံကုန်နေသလို ထောက်ပံ့မှုတွေလည်းမရတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဒေသကြီးတွေ အပါအဝင် ပြည်သူတွေအနေနဲ့ ပစ်မထားကြဖို့ ကောလင်းမြို့နယ်ပကဖက မေတ္တာရပ်ခံထားပါတယ်။


"ကောလင်းမြို့ ပြန်မပေးရရေးကို ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမဆုံးသိမ်းယူထားတဲ့မြို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသကလူတွေက ပြန်မပေးချင်ကြဘူး။ အဲဒီပြန်မပေးရအရေးကို တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း စစ်ဦးစီးချုပ်ကိုပြောချင်တာကတော့ ကောလင်းမြို့ကို ပစ်မထားပါနဲ့။ ဝိုင်းပေးကြပါ။ ခရိုင်ပအဖ၊ တိုင်းပအဖအနေနဲ့လည်း ကောလင်းမြို့သိမ်းတဲ့အချိန်တုန်းက တအားပျော်ခဲ့ကြပြီး အခုပြန်တိုက်တဲ့အချိန်မှာ ရဲဘော်တွေအတွက် သတင်းစကားလည်း ဘာမှမကြားရဘူး။ ထောက်ပို့မှုလည်းဘာမှမရှိဘူး" လို့ ကောလင်း မြို့နယ်၊ ပကဖတာဝန်ရှိသူက ပြောပါတယ်။


လက်ရှိ တိုက်ခိုက်မှုတွေလုပ်နေတဲ့ ကောလင်းခရိုင်တပ်ရင်း ၁ မှာ ကျည်ဆံကုန်နေပြီး တခြားတပ်ရင်းတွေဆီက ကျည်ဆံချေးပြီး တိုက်နေရသလို လက်နက်ကြီးကျည်လည်း ကုန်နေတာကြောင့် လက်လုပ် ၆၀ မမတွေ၊ လက်နက်ငယ်တွေနဲ့သာ ခုခံနေရတယ်လို့ဆိုပါတယ်။


တဖက်မှာလည်း စစ်ရှောင်ပြည်သူတွေက များပြားနေပြီး အဲ့ဒီစစ်ရှောင်တွေအတွက်လည်း ပြည်သူတွေဆီက အလှူခံကျွေးမွေးတာတွေ ပြုလုပ်နေရတယ်လို့ မြို့နယ်ပကဖက ပြောပါတယ်။


စစ်တပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ကောလင်းမြို့အနီးချည်းကပ်နေပြီး ဖေဖော်ဝါရီ ၇ ရက် မနေ့ကလည်း ကောလင်းမြို့တောင်ဘက်ကနေ မြို့ထဲအထိ စစ်တပ်ရှေ့ကင်းက ဝင်ရောက်လာတယ်လို့ဆိုပါတယ်။


ကောလင်းမြို့နဲ့ ဆက်လျက်ဖြစ်တဲ့ စိုင်ကြီးရွာဘက်ကနေ စစ်တပ်စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စနိုက်ပါ ၂ ဦး ကျဆုံးကာ ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ကောလင်းမြို့နဲ့ မီတာ ၁၀၀၀ အကွာမှာရှိတဲ့ အင်ကျောစင် ကျေးရွာဘက်ကို ပြန်ဆုတ်ထားတယ်လို့ သိရပါတယ်။


မနေ့ကညပိုင်းမှာလည်း ဝန်းသိုမြို့ဘက်ကနေ ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။


ကောလင်းမြို့အနောက်ဘက် ဝန်းသိုမြို့ကနေထွက်လာတဲ့စစ်ကြောင်းလည်း မြို့အနောက်ဘက်က ကျေးရွာတွေကို မီးရှို့ကာ မြို့အနီးကပ်လာနေတယ်လို့ သိရပါတယ်။


ဒီနေ့မနက်ခင်းမှာလည်း မနက် ၆ နာရီမထိုးခင်မှာ ပစ်ခတ်သံတွေကြားနေရပြီး တိုက်ပွဲတွေစတင်နေပြီလို့ ကောလင်းပကဖက ပြောပါတယ်။


မနေ့ကညနေပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာဘက်ကို စစ်တပ်က ရဟတ်ယာဥ် ၂ စီးနဲ့ လက်နက်နဲ့ စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်ထားပြီး ကောလင်းမြို့ရဲ့ အရှေ့ဘက်နဲ့တောင်ဘက်ကို ရောက်နေတဲ့တပ်တွေဆီ အင်အားဖြည့်တင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။


မနေ့ညပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။


ကောလင်းမြို့တိုက်ပွဲမှာ ကောလင်းခရိုင်တပ်ရင်း ၂ က ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၂ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။


ပုံစာ - KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မံစီမြို့နယ် သိမ်းပိုက်နယ်မြေများကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့စဉ်။


သတင်း - အညို၊ စာတည်း - လင်းဇေ


#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #PDF #အမျိုးသားညီညွတ်ရေးအစိုးရ #NUG 


မြေလတ်အသံ Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

*****************************************

အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။

Website - https://myaelattathan.org/

Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg

Telegram - https://t.me/myaelattathan

Twitter - https://twitter.com/Myaelatt_Athan

Instagram - https://www.instagram.com/myaelatt_athan/

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...