Monday, 25 March 2024

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး


 မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး


ရန်ကုန်၊ မတ် ၂၅ 


မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်သည် မြင်းခြံဘက်သို့ စစ် ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယခုမတ်လ ဒုတိယအပတ်တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် မြင်းခြံ-မြို့သာ ကားလမ်းတွင် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး ဒဏ်ရာရရှိကြောင်း၊ ရရှိသော ဒဏ်ရာဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ခဲ့သော် လည်း ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


"မြင်းခြံဘက်ကို စစ်ကြောင်းထွက်တုန်းမှာ မိုင်းမိတယ်။ မန္တလေး ဆေးရုံပြန်ပို့ပေမယ့် ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးသွားပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် သေဆုံးချိန်တွင် အသက် ၅၃ နှစ်ရှိနေပြီဖြစ်ပြီး သားသမီး ၂ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

Sunday, 24 March 2024

ကရင်နီပြည်နယ်ရှိ နယ်မြေ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်နိုင်


 ကရင်နီပြည်နယ်ရှိ နယ်မြေ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်နိုင်


ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၂၃ ရက်

ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေ ၉၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီသည် ကရင်နီရှိ ကျန် ၁၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ကာ  ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက်နှင့် သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများကို လက်လွှတ်ခဲ့ရပြီ ဖြစ်ကြောင်း ယနေ့ မတ် ၂၃ ရက်နေ့တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်သည်။

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်၊ မိုးဗြဲ မြို့ ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီး မြို့နယ် ကိုး ခုမှ စစ်တပ်စစ်ခန်းပေါင်း ၆၅ ခုကို စခန်း သိမ်းပိုက်ထားနိုင်ကြောင်းလည်း သိရသည်။

"မြို့နယ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်ပေါ့နော်။ စစ်ကောင်စီ တပ်က သူတို့အခြေစိုက်တဲ့ ဧရိယာတွေလောက်ပဲ ထိန်းချုပ်နိုင်တယ်။ ဥပမာ ဘောလခဲ ဆို ဘောလခဲတပ်ရှိတဲ့နေရာလောက်ပဲ ထိန်းနိုင်တယ်။ ဖရူဆိုဆိုလည်း သူ့တပ်စခန်းရှိတဲ့ နေရာတွေလောက်ပဲ ထိန်းထားနိုင်တယ်။ ဒီးမော့ဆို၊ လွိုင်ကော်စသဖြင့် အဲ့ဒီမှာလည်း အဲ့လိုမျိုးထိန်းထားနိုင်တဲ့ အခြေအနေမျိုးကိုဆိုလိုတယ်။ ရှားတော့မြို့ကိုတော့ အပြီး သတ်သိမ်းထားလိုက်နိုင်ပါပြီ" ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီတော်လှန်ရေးပူး‌ပေါင်း တပ်ဖွဲ့များ၏ နယ်မြေစိုးမိုးနိုင်မှု ပိုမိုကျယ်ပြန့် လာသည် နှင့်အမျှ ကရင်နီပြည်နယ်တဝန်းလုံးကို တပ်ဖြန့်လာနိုင်သဖြင့် စစ်ကောင်စီတပ်များ အနေဖြင့် ၄င်းတို့ တပ်ရင်းများတည်ရှိရာနေရာ အနည်းငယ်တွင်သာ နယ်မြေ စိုးမိုးနိုင်တော့ကြောင်း သိရသည်။

"လောလောဆယ်မှာတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြန်လည်တိုက်ခိုက်တာတွေ ရှိနေတယ်။ လွိုင်ကော်မြို့ရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်" ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ က ဆက်လက်ပြောသည်။

စစ်ကောင်စီသည်  "၁၁၁၁ စစ်ဆင်ရေး" အရှိန်ဖြင့် ကရင်နီပြည်နယ်ရှိ မြို့နယ်များ နှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရသည်။

ထို့ပြင် သံလွင်အရှေ့ဘက်ကမ်းရှိ ရှေ့တန်း စခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော် လှန်ရေးတပ်ဖွဲ့များမှ  ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထပ်မံ ဆုတ်ခွာခဲ့ကြရပြီး ကရင်နီဒေသအတွင်း သံလွင်အရှေ့ဘက်ခြမ်းနှင့် မယ်စဲ့မြို့နယ်၊ ရှား တောမြို့နယ်များသည် စစ်ကောင်စီကင်းစင်သည့် ဒေသများဖြစ်လာကြောင်း သိရသည်။

ဓာတ်ပုံ - KNDF

#ကရင်နီ #မြို့သိမ်း #ထိန်းချုပ် #၉၀ရာခိုင်နှုန်း #စစ်ကောင်စီစခန်းဆုတ်ခွာ #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ #Ayeyarwaddy_Times

မံစီ မိုင်းခေါင်ရွာသစ်က စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးလို့ KIA ကအလွယ်တကူ သိမ်းပိုက်ရရှိ



 မံစီ မိုင်းခေါင်ရွာသစ်က စစ်ကောင်စီတပ်သားများ စခန်းကိုစွန့်ခွာထွက်ပြေးလို့ KIA ကအလွယ်တကူ သိမ်းပိုက်ရရှိ

+++++++++++++++

မတ်၊ ၂၄၊ ၂၀၂၄


ကချင်ပြည်နယ် မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ် က စစ်ကောင်စီ အခြေစိုက် စခန်းမှဒုတပ်ရင်းမှူး ဦးဆောင်တဲ့ အင်အား ၅၀လောက်ဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားလို့ KIA က သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်


 ခလရ ၁၂၁ မှ ဗိုလ်မှူးဦးစီးတဲ့ အင်အား ၅၀ ပါ တပ်ဖွဲ့က KIAနဲ့ တော်လှန်ရေးတပ်များ စခန်းအနီး ချဉ်းကပ်လာစဉ် ချက်ချင်း တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။


စခန်းမှစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ အများအပြားနဲ့ ခဲယမ်း၊ ကျည်၊ မိုင်း အများအပြားကိုလည်း ရရှိခဲ့ပါတယ်။


 ကချင်ပြည်နယ်အတွင်းက ဒေသအချို့ကို KIA က မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွဲလျက်ရှိရာ မံစီမြို့နယ်ရှိ မံဝိန်းကြီး၊ စီခန်းကြီး၊ ကိုက်ထိပ်၊ မဂျီဂုံစသည့် ဗျူဟာမြောက်စခန်းများအပါအဝင် စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

Wednesday, 20 March 2024

မဲသရောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ



 မဲသရောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ


RNA_မတ်(၂၀)၊၂၀၂၄ခုနှစ်။ 


ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ မဲသရောထစခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အလောင်း (၅) လောင်းနှင့် လက်နက်ကြီး လက်နက်ငယ် (၆၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကယနေ့ ထုတ်ပြန်ထားသည်။ 


"တိုက်ပွဲတွင် ရန်သူသေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း (၆၁) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ ကျန်ရှိနေသာ စစ်ကောင်စီတပ်သား (၅၀) ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်။ KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိပဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၄င်းမြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


KNLA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တို့ ပူးပေါင်းကာ မတ်လ (၁၉) ရက်နေ့က KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးသွားကြကြောင်း၊ ရန်သူများထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


#RedNewsAgency

Website - https://rednewsagency.com/

Youtube- https://www.youtube.com/@rednewsmm/

Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

KIA နှင့်မဟာမိတ်တို့ သိမ်းပိုက်ထားသည့် လိုင်ဇာအနီးမှ စစ်တပ်စခန်းသို့ NUG ကာကွယ်ရေးဝန်ကြီး သွားရောက်



 KIA နှင့်မဟာမိတ်တို့ သိမ်းပိုက်ထားသည့် လိုင်ဇာအနီးမှ စစ်တပ်စခန်းသို့ NUG ကာကွယ်ရေးဝန်ကြီး သွားရောက်

--------------

ပြီးခဲ့သည့် သတင်းပတ် သောကြာနေ့ (မတ်၁၅) က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့သည့် ဘွမ်ရေဘွမ့် ရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့သည့် သတင်းဓာတ်ပုံများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။


ဘွမ်ရေဘွမ့်စခန်းသည် KIO/KIA ဌာနချုပ် လိုင်ဇာအနီးမှ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သည်။ စစ်ကောင်စီက ထိုစစ်စခန်းကို ၂၀၁၂ တွင် KIA ထံမှ သိမ်းပိုက်ထားခြင်းဖြစ်သည်။


NUG က ထုတ်ပြသည့် ထိုစစ်စခန်း၏ဓာတ်ပုံများတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နေအိမ်ကို ပစ်မှတ်ထားပစ်ခတ်မည့် အမြောက်တပ်ဖွဲ့၏ ပစ်မှတ်အညွှန်းကိုလည်း တွေ့ရသည်။


NUG ကာကွယ်ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်နှင့်အတူ KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းလည်း ထိုစခန်းသို့ သွားရောက်ခဲ့သည်ဟု NUG က ဆိုသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များက စစ်သည်အင်အား ထောင်ဂဏန်းသုံးပြီး မတ်လ ၇ ရက် နံနက်ပိုင်းမှစတင်ကာ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီကို စစ်မျက်နှာသစ်ဖွင့်လှစ်ခဲ့သည်။


ထိုစစ်ပွဲတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော် (AA) ၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များ၊ NUG လက်အောက်မှ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များပါဝင်ကြသည်။


#MyanmarNow #Kachin #NUG #Laiza #လိုင်ဇာ

သင်္ကန်းညီနောင်အခြေစိုက် ခမရ -၃၅၆ ကိုသိမ်းပိုက်


 သင်္ကန်းညီနောင်အခြေစိုက် ခမရ -၃၅၆ ကိုသိမ်းပိုက်


ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မြ၀တီ/ သင်္ကန်းညီနောင် အ‌ ခြေစိုက် အာဏာသိမ် စစ်ကောင်စီတပ် ခမရ (၃၅၆) တပ်ရင်းအား KNU - တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေ (၃း၀၀) နာရီမှ စတင်၍ ၀င်ရောက်တိုက်ခိုက်ချေမှုန်းရာ ညနေ (၁၉း၀၀) နာရီတွင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ 


အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ် စစ်‌ကောင်စီတပ်မှ (၁၁) ဦး သေဆုံးခဲ့ပြီး အများအပြားသေဆုံးမှုစာရင်းအား ပြန်လည်စီစစ်ဆဲ ဖြစ်သည်။ 


ထိုစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ - 

(၁) MA-1 - ၄ လက်

(၂) MA-3 - ၄ လက်

(၃) ငါးကြင်းမြီး စက်လက် - ၁ လက်

(၄) ငါးကြင်းမြီးပြောင်းတို - ၁ လက်

(၅) 81 MM (ဗုံးသီး) - ၄၂ လုံး

(၆) 60 MM (ဗုံးသီး) - ၁၇ လုံး

(၇) 81 MM (နောက်ပွင့်‌ဗုံးသီး) - ၂၆ လုံး

(၈) နင်းမိုင်း ‌(အသေး) - ၂၅ လုံး

(၉) အီနာဂါ - ၆ လုံး

(၁၀) MA ကျည်ဘောက် - ၇ ဘောက်

(၁၁) MA ကျည်တောင့် - ၁၂၀၀ တောင့် 

(၁၂) လက်ပစ်ဗုံး - ၃ လုံး 

(၁၃) RPG အသီး - ၃ လုံး

(၁၄) နင်းမိုင်း (အကြီး) - ၂၇ လုံး စသည့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။


ထိုစခန်းသမ်းတိုက်ပွဲအတွင်း KNLA - ကရင်အမျိုးသား လွတ်‌‌‌မြောက်ရေး တပ်မတော် နှင့် တော်လှန််ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း (၅) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုက‌ရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရသည်။ 


ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြင့် သော်လည်းကောင်း ဖော်ဆောင်လျှက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေသည်။ နောက်ထပ် တိုက်ခိုက်သိမ်းပိုက်ရရှိသော အာဏာသိမ်း အကြမ်းဖစ် စစ်ကောင်စီတပ်၏ စခန်းများအား ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးမှ ပြန်လည်ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။


ဓာတ်ပုံ - ခမရ (၃၅၆) တပ်ရင်းမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။ 


ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။

Tuesday, 19 March 2024

မင်းအောင်လှိုင် ဖြုတ်ချရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတဆင့်မြှင့်တင်ရေး


 မင်းအောင်လှိုင် ဖြုတ်ချရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတဆင့်မြှင့်တင်ရေး


နွေဦးတော်လှန်ရေးကာလအတွင်းမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို ဖြုတ်ချနိုင်လိုက်မှုဟာ စစ်အာဏာရှင် စနစ်ကို အလဲထိုးနိုင်မှု ဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ကြီးကို တဆင့်မြှင့်တင်ပေးနိုင်လိုက်မှုလဲ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစု အများစုရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် လစ်ဘရယ်ဒီမိုကရေစီထူထောင်ရေး ဖြစ်ပါတယ်။ လက်တွေ့အားဖြင့် လစ်ဘရယ် ဒီမိုကရေစီ ထူထောင်ရေး လမ်းကြောင်းပေါ်ကို နွေဦးတော်လှန်ရေးက ရောက်ရှိသွားပြီဆိုရင်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဟာ ရှေ့တဆင့်ကို သိသိသာသာရောက်ရှိသွားမှု ဖြစ်ပါတယ်။ 


လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အင်အားစု အသီးသီးရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု နဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှုဟာ တညီတည်းဖြစ်နေပါဘူး။ တောင်တန်းဒေသ နဲ့ မြေပြန့် ဒေသ ဆိုပြီး သိသိသာသာ ပုံစံကြီး (၂) ခု ကွဲထွက်နေပါတယ်။ ဒါဟာ အဲဒီဒေသ (၂) ခု ရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု နဲ့ လူလတ်တန်းစား ပေါ်ထွန်းမှု၊ ပဋိပက္ခ ပေါ်ပေါက်မှုတို့ နဲ့ ဆိုင်နေပါတယ်။ ယေဘုယျ ပြောရရင် တောင်တန်း ဒေသ ဟာ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုမှာ ရှေ့ရောက်နေပြီး နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာ အဆင့်တဆင့်မှာပဲ ရှိနေသေးပါတယ်။ အဲဒီ အဆင့် နဲ့ ကိုက်ညီစွာပဲ ဖက်ဒရယ် အရေးဆိုပြီး တော်လှန်ရေးမှာ တောင်းဆိုသံ တခု ပါဝင်လာတာပါ။ မြေပြန့်ဒေသကတော့ စစ်ရေးဖြစ်ပေါ်တိုးတက်မှုမှာ နောက်ရောက်နေပြီး နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာ နှိုင်းရအားဖြင့် ရှေ့ကို ရောက်ရှိနေပါတယ်။ အဲဒီရဲ့ တောင်းဆိုချက်ကတော့ ဒီမိုကရေစီ ရေးဖြစ်ပါတယ်။ နွေဦး တော်လှန်ရေးကြီးမှာတော့ တောင်တန်း နဲ့ မြေပြန့် ဒေသရဲ့ လိုလားချက် (၂) ခု လုံးကို ဖက်ဒရယ် ဒီမိုကရေစီရေး ဆိုပြီး တောင်းဆိုလိုက်ပါတယ်။ တော်လှန်ရေးသမားတွေရဲ့ လိုလားချက်ဖြစ်တဲ့ တရားမျှတမှု၊ တန်းတူရည်တူဖြစ်မှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တဦးချင်းလွတ်လပ်ခွင့် စတာတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး အတွက်ဆိုရင် စစ်အာဏာရှင် စနစ်ကို ဖြိုချဖို့လိုပါတယ်။ လက်ရှိ စစ်အာဏာရှင် စနစ်ကို ကိုယ်စားပြုနေတာကတော့ မင်းအောင်လှိုင် အုပ်စုပဲ ဖြစ်ပါတယ်။ ဒီ့အတွက် တောင်တန်း အင်အားစုတွေ နဲ့ မြေပြန့် အင်အားစုတွေရဲ့ ဘုံ ပစ်ကွင်းဟာ မင်းအောင်လှိုင် ကို အလျော့မပေးစတန်း ချေမှုန်းရေး ဖြစ်သင့်ပါတယ်။ စစ်အုပ်စုကို တနိုင်ငံလုံး အတိုင်းအတာ ဖြိုချဖို့လိုပါတယ်။


မြန်မာနိုင်ငံရဲ့ ခေတ်သစ် သမိုင်းကို ကြည့်လိုက်ရင် ၁၉၄၈ ခုနစ် လွတ်လပ်ရေး ကာလ ကနေ ၁၉၆၂ ခုနစ် အာဏာမသိမ်းခင် ကာလ ထိပဲ ဒီမိုကရေစီ အဖြစ် တည်ရှိခဲ့တာပါ။ ဒါတောင်မှ ပြည်တွင်းစစ်တွေ၊ စစ်ဘောင်ကျယ်မှုတွေ၊ ဒီမိုကရေစီ အခွင့်အရေး ကန့်သတ်ခံရမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၀ ခုနစ် အပေါ် ယံအသွင်ကူးပြောင်းမှု ကာလ မှာ ဒီမိုကရေစီ အခွင့်အရေး တချို့ ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ အပြီး မှာတော့ ဒီမိုကရေစီ အခွင့်အရေး ပိုမို ရရှိလာခဲ့ပါတယ်။ ၂၀၂၁ ခုနစ် အာဏာသိမ်းမှု အပြီးမှာတော့ ဒီမိုကရေစီ အခွင့်အရေး လုံးဝ ဆိတ်သုန်းသွားပြီး စစ်အာဏာရှင်စနစ်ပဲ အလုံးစုံ ကြီးစိုးသွားပါတယ်။ ဒီလိုနဲ့ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုဟာ နောက်ကို ဆုတ်သွားပါတယ်။ နွေဦးတော်လှန်ရေး အောင်ပွဲ ခံရရင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ရှေ့ကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။


လက်ရှိ ကမ္ဘာမှာလဲ ကွန်မြူနစ် အာဏာရှင်စနစ်၊ ဘာသာရေး အစွန်းရောက် အုပ်ချုပ်မှု၊ အလုံးစုံ ထိန်းချုပ်ရေး အာဏာရှင်စနစ်၊ အယောင်ဆောင် ဒီမိုကရေစီ စနစ်တို့ အားနည်းလာပြီး လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံသာ အများစု ဖြစ်လာပါတယ်။ အနည်းဆုံး အဲဒီ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အာဏာရှင်တွေ ကြီးစိုးတဲ့ အရှေ့အလယ်ပိုင်း နဲ့ အာဖရိက ထိပ်ပိုင်း ဒေသ နိုင်ငံတွေမှာတောင် အာရပ် နွေဦး အပြီးမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာလဲ တရားမျှတမှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးမှု၊ တန်းတူရည်တူဖြစ်မှု၊ တဦးချင်း လွတ်လပ်ခွင့်တွေ အာမခံမယ့် နိုင်ငံရေး စနစ်သစ် ပေါ်ပေါက်လာရေး အတွက် ပထမဆုံး တင်ကြို လိုအပ်ချက် အဖြစ် မင်းအောင်လှိုင်ရဲ့ စစ်အာဏာရှင် စနစ်ကို ဦးစွာ ချေမှုန်းဖို့လိုပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဟာ အဆင့် တခု ကို ရောက်လာပြီ လို့ ပြောလို့ရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

နယ်စပ်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းဝင်ပြေး



 နယ်စပ်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းဝင်ပြေး

ထိုင်စစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထား


နိုင်ပကောင်း/People's Spring


ထိုင်း − မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ဒီနေ့ မတ်လ ၁၉ ရက် နေ့လယ်ပိုင်းက KNU တပ်မဟာ ၆ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ထိုင်းဘက်ခြမ်းထဲ ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ပိုင်ခလိုရွာဟောင်းအနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးဟာ ထိုင်းနိုင်ငH ၊ အုန်းဖန်မြို့ ၊ ပိုင်ခလန်ရွာထဲ ထွက်ပြေးသွားတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။


ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်အနီးရှိ ရေတလျောက်စခန်းနဲ့ မဲသရောခီးစခန်းတွေက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။


ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ထိုင်းစစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ် က ကျိုက်ဒုံမြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီ ဗျုဟာစခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ယူခဲ့ပါတယ်။


အဲဒီနောက် ကျိုက်ဒုံမြို့အနီးနဲ့ နယ်စပ်ကျေးရွာတွေ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

Monday, 18 March 2024

ကလေးမြို့အနီး၌ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရ


 ကလေးမြို့အနီး၌ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရ


မတ်လ (၁၇) ရက် 

          စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့ မတ်လ (၁၆) ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက်ငယ် (၁၉) လက် သိမ်းဆည်းရသည်။ 

          အထူးလှုပ်ရှား တပ်ရင်း (၂၊ ၆)၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့မှ ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာအား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့မှလည်း မင်းလှရွာအား ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့သည်။ 

          အောင်မြင်သာရွာ၌ ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၂) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀) ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ရွာ၌ ဗိုလ် ဖြိုးသန့် ဦးစီးသော စစ်ကောင်စီ ထုတ်နုတ်အင်အား (၂၇) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၅၉) ဦး အခြေချ နေထိုင်သည်။

          ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဝင် (၆) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရသည်။ မိမိတို့ဘက်မှ ကျောင်းတိုက်ရွာအား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ ရန်သူများ ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားသည်။ ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်။

           မိမိတို့ဘက်မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ရန်သူ့ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် (၁၇) လက်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ ဗုံးသီးမျိုးစုံ အလုံး (၁၀) ကျော်၊ ကျည်အိမ် (၃၀) ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရသည်။

          ဒါ့အပြင် နန်းစောင်းပုရွာသစ်၌ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်ကောင်စီ ထုတ်နုတ်အင်အားနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်အား အထူးလှုပ်ရှား တပ်ရင်း (၂၊ ၅)၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ 

          ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒရုန်းများဖြင့်လည်း တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ဘက်မှ ဗိုလ်ကြီး (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး၏ အလောင်း (၂) လောင်း ရရှိသည်။ ရန်သူ့ထံမှ လက်နက်ငယ် (၂) လက်၊ MA ကျည် (၁၇) တောင့်နှင့် ကျည်အိမ် (၂) ခု သိမ်းဆည်းရသည်။ 

          စစ်ကောင်စီဘက်မှ ကလေးမြို့ အနီးဝန်းကျင်ရှိ တိုက်ပွဲမဖြစ်ပွားသော နေရာများသို့လည်း လက်နက်ကြီးများဖြင့် မီးလောင်ဗုံးအပါ ဗုံးအလုံး (၂၀၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့နေအိမ်အချို့မီးလောင်ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရသည်ဟု ကနဦး သတင်းရရှိသည်။


အမှတ် (၁) စစ်ဒေသ

ရသေ့တောင်မြို့နယ်ကို AA သိမ်းပိုက်


 ရသေ့တောင်မြို့နယ်ကို AA သိမ်းပိုက်

---------

မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် ၈ မြို့နယ်သည် AA ထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်သည်။


Myanmar Now 


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းများကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ (မတ်လ ၁၈) နံနက်တွင် သတင်းထုတ်ပြန်လိုက်သည်။


ရသေ့တောင်မြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခြေမြန်တပ်ရင်း အမှတ် (၅၃၆)၊ (၅၃၇)၊ (၅၃၈) တို့ကို သတင်းနှစ်ပတ်ခန့် ထိုးစစ်ဆင်ပြီးနောက် ယမန်နေ့ ( မတ် ၁၇) ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။


“ဤစခန်းများအတွင်းမှ ရန်သူအင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ ရန်သူစစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်” ဟု AA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။


ရသေ့တောင်မြို့နယ်သည် စစ်တွေခရိုင်အတွင်း ပါဝင်သော မြို့နယ်ဖြစ်သည်။


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ မြို့နယ်ဧရိယာ စတုရန်းမိုင် ၄၃၇.၇၆၁ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၁၃၀၀၀၀ ကျော် နေထိုင်သည်။


မြို့ပေါ်တွင် လူဦးရေ ၈ ထောင်ကျော်သာ နေထိုင်ပြီး ကျန်လူဦးရေမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည်ဟု ဖော်ပြထားသည်။


စစ်တွေခရိုင်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ရှိရာ AA က ခရိုင်တစ်ခုလုံးကို သိမ်းယူရန် စစ်တွေမြို့နယ်သာ ကျန်ရှိတော့သည်။ မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် ၈ မြို့နယ်သည် AA ထိန်းချုပ်မှုအောက် ရောက်သွားပြီဖြစ်သည်။


AA က ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင်ပင် AA က ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်စခန်းကို ပွဲဦးထွက် သိမ်းပိုက်သည်။


နောက်တစ်ရက် နိုဝင်ဘာ ၁၄ တွင် ချိန်ခါလီနယ်ခြားစေင့်စခန်းကို ထပ်သိမ်းသည်။


ဇန်နဝါရီလအတွင်း တိုက်ပွဲများဖြစ်ထန်လာပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းများနှင့် အခြေစိုက်တပ်စခန်းအများအပြားမှ စစ်ကောင်စီတပ်သားများ လက်နက်ချသူချ၊ စခန်းစွန့်သူစွန့်သွားကြပြီးနောက် ထိုစခန်းများကို AA သိမ်းပိုက်ရရှိသွားသည်။


နောက်ဆုံးလက်ကျန်နယ်ခြားစောင့်စခန်းဖြစ်သည့် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထပ်မံသိမ်းပိုက်လိုက်ရာ မြို့ဧရိယာနှင့် ကပ်လျက်ရှိနေသည့် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်း ၃ ရင်းသာ စစ်ကောင်စီတပ်စခန်းများအဖြစ် ရသေ့တောင်မြို့နယ်အတွင်း ကျန်နေခြင်းဖြစ်သည်။


ရခိုင်ပြည်နယ် ၁၀၂၇ စစ်ဆင်ရေး ၄ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ပြည်နယ်မြောက်ပိုင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်သည်။


မြောက်ပိုင်းတွင် ကျန်ရှိနေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ လက်နက်ချအညံ့မခံသော တပ်စခန်းများကို သိမ်းပိုက်ရရှိရေး AA က ဆက်လက်ထိုးစစ်ဆင်နေသည်။


ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ခမရ (၅၅၂) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်မြှင့်တိုက်ခိုက်လျက်ရှိသည်ဟု ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#MyanmarNow #Rakhine #rathaedaung #ရသေ့တောင်

Sunday, 17 March 2024

စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ


 စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ  ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ


ရန်ကုန်၊ မတ် ၁၇ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့် ဖိုက်၊ ငါးကြင်းမြီး၊ RPG လက် နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုက ထုတ်ပြန်သည်။


မတ်လ ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်မှစ၍ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတွင် အခြေချ တပ်စွဲထားသည့် စကခ ၁၃ လက်အောက်ခံ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တက်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် တပ်မဟာ ၆ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ဝိုင်းပတ် တိုက်ခိုက် ပိတ်ဆို့ထားပြီးနောက် မတ်လ ၁၄ ရက်နေ့ တွင် အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


အကြမ်းဖက်စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာစခန်းအတွင်းမှ RPG ၊ ပွိုင့်5 ၊ ငါး ကြင်းမြီး စက်သေနတ် အပါအဝင် လက်နက်ငယ်ပေါင်း ၈၆ လက် ၊ ၆၀ မမ ၄ လက် ၊ ၈၁ မမ ၂ လက် ၊ ၁၂၀ မမ ၁ လက် ၊ Drone Gun ၂ လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။


 KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲက KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊  မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန် ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့ကို KIAထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေ


 ဆွမ်ပရာဘွမ်မြို့ကို KIAထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေ


ဆန်အောင်/People’s Spring

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက မတ်လ ဒုတိယပတ်တွင် သိမ်းပိုက်ပြီးနောက် ရဲစခန်းမှစခန်းမှူးဦးဆောင်သည့် အဖွဲ့သည် KIAထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထို့နောက် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၄ရက်မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

"စကစ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ မြို့ကိုတော့ ငါတို့ ထိန်းချုပ်ထားတယ်"ဟု စစ်ရေး သတင်းရင်းမြစ်က ယနေ့ မတ်လ ၁၇ရက်နံနက်တွင် ပြောသည်။

ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာကုန်းကို သိမ်းပိုက်ပြီးဖြစ်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အပြင်းအထန် တိုက်နေဆဲဟု ဆွမ်ပရာဘွမ် တိုက်ပွဲ အခြေအနေကို ယနေ့နံနက်တွင် ပြောပြသည်။

KIAက ဆွမ်ပရာဘွမ်စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲဆင်နွှဲနေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ယမန်နေ့ညပိုင်း၌ အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူသုံးခုခံနေကြောင်း ဖော်ပြသည်။

KIAအနေဖြင့် မတ်လ ၇ရက်မှစ၍ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဆင်ရေးလုပ်ဆောင်နေသကဲ့သို့ အခြား တပ်မဟာနယ်မြေအသီးသီး၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်နေကြောင်း KIA  အသိပေးထားသည်။

လိုင်ဇာကို ခြိမ်းခြောက်နိုင်သည့် ခရာတောင်၊ ဘွမ်ရယ်တောင် စစ်ကောင်စီတပ်စခန်းများအပါအဝင် ဒေသတွင်း တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁၀ရက်အတွင်း အပြီးသတ် သိမ်းပိုက်ထားပြီး အခြား ဒေသရှိတပ်ရင်းနှင့် တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

Saturday, 16 March 2024

ကနီမြို့ ၁၁ ရက်အကြာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၇ ဦး သေဆုံးပြီး လက် နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ PDF ရဲဘော် ၁၁ ဦးကျဆုံး


 ကနီမြို့ ၁၁ ရက်အကြာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၇ ဦး သေဆုံးပြီး လက် နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ၊ PDF ရဲဘော် ၁၁ ဦးကျဆုံး


 ရန်ကုန်၊ မတ် ၁၆ 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့သို့ ဝင်ရောက်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ် ကောင်စီတပ် သား ၄၇ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား အလောင်း ၁၁ လောင်းနှင့်လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မတ်လ ၂ ရက်နေ့မှ စတင်၍ ၁၂ ရက်နေ့အထိ ကနီမြို့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင် ကျောင်းတို့ တွင် အခြေချနေသော ခလရ ၈၇၊ ၈၉၊ ၂၂၂ ၊ ခမရ-၃၁၃ ပူးပေါင်း စစ်သား အင်အား ၁၀၀ ကျော်၊ ပုလဲမြို့နယ်၊ အင်မထီးရွာမှ လေကြောင်းဖြင့် ပို့ဆောင်သည့် စစ်ကူ အင်အား ၁၂၀ ခန့် နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား ၈၀ ခန့်တို့ကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ထို့သို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၁ အလောင်းမျက်မြင်တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ထံမှ ၈၁ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၁၁ လက်၊ ဗုံးသီးမျိုးစုံ အလုံး ၅၀ ကျော်၊ ကျည် မျိုးစုံ အတောင့် ၁၃၀၀ ကျော်၊ မီးကျည် အတောင့် ၂၀ ခန့်၊ ရှေ့ထွက်မိုင်း ၃ ခု၊ ကျည်အိမ်ကတ် ၂၀ ကျော်နှင့် Jammer ၂ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။  


ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော်ကျဲ ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။  


အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂ ၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့ များနှင့် ကနီမြိုနယ် ပအဖ၊ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁ ဦး မြင့်မြတ်စွာကျဆုံးကာ ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။


ကနီမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်းအကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကူအင်အား အများအပြားပို့ဆောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု အများအပြား အသုံးပြုနေခြင်း တို့ ကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၂ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

Friday, 15 March 2024

Breaking News- စစ်ကောင်စီဘက်မှ ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ပါ တပ်ဖွဲ့က အလံဖြူထောင် လက်နက် ချ၊ ကျိုက်ဒုံဗျူဟာစခန်း တစ်ခုလုံးကို KNLA က သိမ်းပိုက်



 Breaking News- စစ်ကောင်စီဘက်မှ ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ပါ တပ်ဖွဲ့က အလံဖြူထောင် လက်နက် ချ၊ ကျိုက်ဒုံဗျူဟာစခန်း တစ်ခုလုံးကို KNLA က သိမ်းပိုက်


■ လက်နက် ရာချီရရှိပြီး ခဲယမ်းမြောက်မြားစွာ ရရှိကာ လက်နက်ချသူများကို ကောင်းမွန်စွာစောင့် ရှောက်ထား


ရန်ကုန်၊ မတ် ၁၅ 


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲ့က KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံလိုက်ကြောင်း KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။ 


မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ပြီး ညနေ ၆ နာရီအချိန်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"ကျိုက်ဒုံ ဗျူဟာက မနေ့ ညနေ ၄ နာရီ ၂၀ မိနစ် မှာ ရတယ်၊ ညနေ ၆ နာရီမှာအားလုံးရှင်းလင်းပြီးတယ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်ပြီး အားလုံး အလံဖြူထောင်ပြီး လက်နက်ချတယ်၊ စစ်သားအရေအတွက် ၆၀ ဝန်းကျင်ရှိပါတယ်" ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ 

 

အဆိုပါ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ KNLA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာနှင့် စစ်ကူ မလာနိုင်စေရန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် ဗျူဟာမှူး ဦးဆောင် လက်နက်ချလာသဖြင့် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"စတိုက်တာက ဇန်နဝါရီလ ၂၇ ရက်နေ့လောက်ကစတိုက်တယ်၊ မတ်လ ၁၃ ရက်နေ့မှာ တက်ရောက်ချေမှုန်းတယ်။ မတ်လ ၁၄ ရက်နေ့ညနေမှာ အားလုံးရတယ်။ လက်နက်အများအပြား ရာနဲ့ချီပြီးရပါတယ်၊ ကိုယ့်လူ ကျဆုံး သုံးယောက်၊ ဒဏ်ရာရတာတော့များတယ်၊ လေယာဥ်ဗုံးကျဲလို့ အနားနီးရွာကပြည်သူတွေ ထိခိုက်မှုများတယ်" ဟု KNU တပ်မဟာ ၆ ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Thursday, 14 March 2024

သက်န်းညီနောင် ၃၅၇ တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်၊ကျိုက်ဒုံမြို့စစ်ကောင်စီဗျူဟာကုန်းတစ်ခုသိမ်းပိုက်ရရှိ။


 သက်န်းညီနောင် ၃၅၇ တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်၊ကျိုက်ဒုံမြို့စစ်ကောင်စီဗျူဟာကုန်းတစ်ခုသိမ်းပိုက်ရရှိ။


Salween Press 

မတ်လ ၁၄ရက်၂၀၂၄


မြဝတီမြို့၊သက်န်းညီနောင်ရှိ စစ်ကောင်စီအခြေစိုက် ၃၅၇ တပ်စခန်းကိုKNLA/PDFပူးပေါင်းတပ်ဖွဲ့မှမတ်လ၁၄ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့KNUနဲ့နီးစပ်သည့်သတင်းရင်းအြစ်ထံမှသိရှိရပါတယ်။


ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲ ကီုက်ဒုံမြို့ အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းတစ်ခုကိုဒီညနေမှာKNLAပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။


ကျိုက်ဒုံမြို့စခန်းကိုသိမ်းပိုက်ရာမှာ စခန်းမှူးပါအရှင်ဖမ်းစီးမိတယ်လို့ထိုသတင်းရင်းမြစ်ကပြောပါတယ်။


စခန်းသိမ်းပိုက်ရရှိရာမှာလက်နက်ခဲ့ယမ်းများလည်းသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။


ပုံေဟာင်း 


#Salweenpress

မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇)တပ်ရင်း၏ အဓိကနေရာများကို KIA သိမ်းပိုက်


 မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇)တပ်ရင်း၏ အဓိကနေရာများကို KIA သိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့တွင် ဝင်ရောက်စီးနင်းသိမ်းပိုက် ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။


" ဒါဆိုင်းတပ်က ခလရ(၂၃၇) ဟုတ်တယ်။ သူတို့ တပ်ဝန်းတော့ တော်တော်လည်းကျယ်တယ်။ သူတို့ တပ်ဝန်းက ဧက ၂၀၊ ၃၀လောက်ရှိမယ်ထင်တယ်။ အခု အဓိကပွိုင့်ကျတဲ့နေရာတွေကိုတော့ အကုန်လုံးသိမ်းလိုက်ပြီ။ သူတို့ တပ်မိသားစုတွေ နေတဲ့အဆောင်ဘက်ပဲ ကျန်တော့တယ်။ သူတို့ဘက်က အဲဒီဘက်မှာ စုနေတာ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဒါဆိုင်း အခြေစိုက် ခလရ(၂၃၇)တပ်အား စီးနင်းသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အခြား သတင်းရင်းမြစ်များထံသို့လည်းမေးမြန်းထားသည်။


The 74 Media၏ ဖော်ပြချက်တွင် ဒါဆိုင်း တပ်စခန်းကို KIAကသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဖော်ပြထားသည်။


KIA အနေဖြင့် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီတပ် ခလရ (၁၄၂) တပ်ရင်းကိုလည်း မတ်လ ၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ 


ခလရ(၁၄၂)တပ်က လက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်အင်အား ၁၀၀ခန့်၊ တပ်မိသားစုဝင် ၁၀၀ခန့် ပါဝင်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


KIA၏ တပ်စခန်းအများအပြား ထိုးစစ်ဆင်မှုကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံခဲ့သော်လည်း စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ခဲ့ရသည်။


ထို့အပြင် KIA ဌာနချုပ် လိုင်ဇာအနီး၌လည်း စစ်ကောင်စီတပ်စခန်းအများစုကို KIAကသိမ်းပိုက်ထားပြီးကျန်နေသည့်ဘွမ်ရယ်ဘွမ် အပါအဝင် စခန်းအချို့ကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိရာယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။


"လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ တိုက်ပွဲပြင်းထန်ပြီဆို လေကြောင်းက အမြဲတမ်းလာတာပဲ"ဟု စစ်ရေးသတင်းရင်းမြစ်က မတ်လ ၁၃ရက် ဘွမ်ရယ်ဘွမ် တိုက်ပွဲအခြေအနေတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူပေးမှုကိုပြောပြသည်။

Wednesday, 13 March 2024

အောင်သပြေနယ်ခြားစောင့်စခန်းကို အေအေ သိမ်းပိုက် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်



 အောင်သပြေနယ်ခြားစောင့်စခန်းကို အေအေ သိမ်းပိုက်

၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက် 


ရက္ခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ 


အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စကစအလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်။


အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။


ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ မိမိတို့မှ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။ 


မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ 


ထို့အပြင် စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်။


တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။


(ဓာတ်ပုံ - စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)

Tuesday, 12 March 2024

ဖားကန့် ၊ကသိုင်းတောင်စစ်တပ်စခန်းကို KIA က အပြီးသတ် သိမ်းပိုက်ပြီး တာမခန်စခန်းမှ ဆုတ်ခွာလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ကသိုင်းတောင်တိုက်ပွဲတွင် သေဆုံး


 ဖားကန့် ၊ကသိုင်းတောင်စစ်တပ်စခန်းကို KIA က အပြီးသတ် သိမ်းပိုက်ပြီး တာမခန်စခန်းမှ ဆုတ်ခွာလာသော ခမရ ၁၁၉  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ကသိုင်းတောင်တိုက်ပွဲတွင် သေဆုံး


■ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အတူ တာမခန်စခန်းမှ ထွက်ပြေးလာသော စစ်သား ၇၀ ကျော်သေဆုံးဟု KIA ပြော


ရန်ကုန်၊ မတ် ၁၂ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့ညနေပိုင်း အပြီး သတ်သိမ်းပိုက်လိုက်ပြီး အဆိုပါတိုက်ပွဲတွင် တာမခန်စခန်းမှ ဆုတ်ခွာလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


မတ်လ ၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ တာမခန် စစ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းယူခဲ့ကြောင်း၊ တာမခန်စခန်းမှ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အဖွဲ့ သည် ကသိုင်းတောင်သို့ ဆုတ်ခွာခဲ့ကြောင်း၊ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တွင်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


တာမခန်တပ်စခန်းမှ ထွက်ပြေးလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး သက်ပိုင်ထွန်း အပါအဝင် စစ်သား ၇၀ ကျော်လုံး ကသိုင်းတောင် တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ထို့ပြင် ဖားကန့်မြို့နယ်၊ ကသိုင်းတောင်စခန်းမှ စစ်ကောင်စီတပ်များသည် မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီတွင် ကား ၅ စီးဖြင့် ဆိုင်းတောင်ဘက်သို့ ထပ်မံဆုတ်ခွာခဲ့ပြီး အဆိုပါ ယာဉ်တန်းကိုလည်း KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ကားများ ပျက်စီးခဲ့ကြောင်း၊ စစ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် KIA ဦးဆောင်သော တပ်များက ထပ်မံ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါစခန်းကို KIA ၂ ကြိမ်တိုင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"၂၀၂၃ ဩဂုတ်လ ၇ ရက်နေ့မှာ အဲဒီကသိုင်းတောင်စခန်းကို KIA က ပထမအကြိမ် သိမ်းပိုက်တယ်။ ဒါပေမယ့် လေကြောင်းနဲ့ လာပစ်ပြီး မြေပြင်မှာလည်း ထိုးစစ်ဆင်လို့ စခန်းကို စွန့်ခွာခဲ့တာ။ အဲဒါကို စစ်တပ်က စစ်ကြောင်းတွေ ပြန်ချီတက်ပြီး အဲဒီမှာ စခန်း ပြန်ဝင်ထိုင်တယ်။ အခုတစ်ခါ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်သိမ်းတာပါ။ ဒီတစ်ခါတော့ KIA က ပြန်အပါခံမှာ မဟုတ်တော့ဘူး" ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

ဘောလခဲ နှင့် ဖားဆောင်း ရဲစခန်းတို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်



ဘောလခဲ နှင့် ဖားဆောင်း ရဲစခန်းတို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် 


ရန်ကုန်၊ မတ် ၁၂


ကရင်နီပြည်နယ်၊ ဘောလခဲမြို့မ ရဲစခန်းနှင့် ဖားဆောင်းမြို့မ ရဲစခန်း တို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ ထုတ်ပြန်ထားသည်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး သည် G-3 ၁ လက်၊ ကျည်ဘောက် ၆ ခုနှင့် G-3 ကျည်ဆံ (၇.၆၂) ၃၃၀ တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။


မတ်လ ၃ ရက်နေ့တွင် ဖားဆောင်းမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး နှင့် ရဲတပ်သား ၃ ဦးတို့သည် Ak -M22 ၃ လက်၊ G-3 ၁ လက် ၊Ak-M22 ကျည်ဘောက် ၁၀ ဘောက်၊ Ak ကျည် ၅၅၀ ခန့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ G3 ကျည်ဘောက် ၃ ဘောက်၊ G3 ကျည်ဆံ ၁၀၀ခန့်နှင့်အတူ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အလင်းဝင် လာသော စစ်ကောင်စီ တပ်သား ၅ ဦးကို လက်ရှိချိန်တွင် လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားကြောင်း သိရသည်။


အလင်းဝင် လိုသော စစ်သားနှင့် ရဲတပ်သားများသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) တပ်ဖွဲ့ထံ ဆက်သွယ် စုံစမ်းနိုင်ပြီး ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
 

တကောင်းမြို့အနီးတိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ ၊လက်နက် ၁၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


 တကောင်းမြို့အနီးတိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ ၊လက်နက် ၁၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ မတ် ၁၂ 


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်း နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။


မတ်လ ၅ ရက်နေ့ တကောင်းမြို့မှ ချီတက်လာသော စစ်ကောင်စီတပ်၊ တတက ၁၃ မှ ဒု-ဗိုလ်မှူး ကြီး ရဲခေါင် ဦးစီးပါ အင်အား ၉၅ ဦးပါ စစ် ကြောင်း ၁ နှင့် တကောင်းမြို့မှ တတက ၁၃ မှ ချီတက်လာသော ဗိုလ်ကြီး ထိန်လင်း ဦးစီးပါ အင်း ၇၀ ခန့်ရှိ စစ်ကြောင်း ၂ တို့သည်မတောင်ရွာ၊ မန်ကျည်းကုန်းရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာနှင့်လက်ပံကုန်းကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာစဥ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မတ် ၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အ ကြမ်း ဖက်စစ် သား ၁၄ ဦးသေဆုံးပြီး အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ လက်နက်ငယ် ၁၈ လက်၊ ကျည်မျိုးစုံ ၄၂၀၀ ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၃၀ ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

  

အဆိုပါတိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း - ၃၊ အမှတ် ၅၁၁ တပ်ရင်း၊ အမှတ် ၅၁၂ တပ်ရင်း၊ မန္တ လေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။


ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ကြိမ်အပြင် စက်သေနတ်ဖြင့် ၁၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တကောင်း တိုက်ပွဲများအတွင်း စစ်သား ၁၄ ဦး သေဆုံးကာ ၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း ၊ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...