Tuesday, 16 May 2023

ဘောလခဲမြို့တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ


 ဘောလခဲမြို့တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ 


ရန်ကုန်၊ မေ ၁၆


ကယားပြည်နယ်၊ ဘောလခဲမြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း KNDF B/21 ထံမှ သိရသည်။


မေလ ၉ ရက်နေ့ ညနေပိုင်းတွင် ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို KNDF B/21 နှင့် ကရင်နီတပ်မတော် KA တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဘောလခဲမြို့မှ ၁၂ မိုင်ကုန်း ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာစဥ် ဘောလခဲ ၁၂ မိုင်ကုန်း အကြားလမ်း တစ်နေရာတွင် တော်လှန်ရေး ပူးပေါင်းတပ်များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 


အကြမ်းဖက် စစ်တပ်ထံမှ MA-1 အမျိုးအစား သေနတ် ၁ လက် နှင့်အတူ ကျည်များ ၊ လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 


မေလ ၈ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်က ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် ၁၂ မိုင်ကုန်း ၊ ဝမ်မလန်းကျေးရွာများ ဘက်သို့ စစ်ကြောင်းများ ထိုးလာသောကြောင့် KNDF B/21 ၊KA ၊ ဘောလခဲ PDF တို့ပူးပေါင်းကာ ယနေ့ထိ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီမှ လေကြောင်း အသုံးပြု၍ ဗုံးကျဲတိုက်ခိုက် ခြင်းများကိုပါ လုပ်ဆောင် လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ဘောလခဲ- ရွာသစ်လမ်းမကြီးအား အသုံးပြု၍ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် မိဘပြည်သူများအား အသိပေး မေတ္တာရပ်ခံအပ်သလို မြေပြင်လိုအပ်ချက်များကိုလည်း ကူညီထောက်ပံ့ပေးကြပါရန် တောင်းကြောင်း KNDF B /21 က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ


 ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ


ရန်ကုန် ၊ မေ ၁၆


ကရင်နီပြည်နယ်တွင် KNDF ၏ ရဲဘော်တစ်ဦးမှ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်ဖြင့် တို့နေသည့် ဗီဒီယိုတစ်ခု ဧပြီလ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဗီဒီယိုပါ တော်လှန်ရေး ရဲဘော်နှင့် ‌ဘေးနားမှ နောက်ပြောင် ကျီဆယ်နေသူရဲဘော်များကို အရေးယူလိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် သည်။ 


စစ်ကောင်စီတပ်သားများကို ကျင်စက်ဖြင့် တို့သည့် အဆိုပါ ဖြစ်ရပ်ကို ကျူး လွန် သူ တော်လှန်ရေးရဲဘော်များသည် နှိပ်စက်ညှဉ်းပန်းလိုသည့်ရည်ရွယ် ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနှင့် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ KNDF တွင် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDF မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း KNDF က ပြောသည်။ 


လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများကို နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 


လက်တလော ‌လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဗီဒီယိုနှင့် ပတ်သက်၍ အမှန်တရားနှင့်ငြိမ်းချမ်းရေးကို လိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဝမ်းနည်းစိတ် အနှောင့်အယှက်ဖြစ်စေသည့်အတွက် KNDF အနေဖြင့်လည်း ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီးအနူးအညွတ်ဝန်ချတောင်းပန်ထားသည်။ 


KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချပါကြောင်း KNDF က ပြည်သူ လူထုကို အသိပေးထားသည်။

မြဝတီတွင် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားနေပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေ ၂၇ ဦးဒဏ်ရာရ ဟုဆို


 မြဝတီတွင် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားနေပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေ ၂၇ ဦးဒဏ်ရာရ ဟုဆို 


နွေဦးမောင် /ဧရာဝတီတိုင်း

(မြဝတီ)/မေလ ၁၅ ရက်


ကရင်ပြည်နယ်၊ မြတီမြို့နယ်ရှိ လက်ခက်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် စစ်ကောင်စီတပ်၊ BDF ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများတိုက်ပွဲ ဖြစ်ပွားနေပြီး မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံး ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၍ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း Cobra Column တပ်ခွဲ - ၄ ထံက သိရသည်။ 


တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့တို့ မေလ ၁၁ ရက်နေ့မှ ယနေ့ မေလ ၁၅ ရက်နေအထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကော်ဘရာ စစ်ကြောင်းမှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း Cobra Column တပ်ခွဲ - ၄ ကဆိုထားသည်။ 


“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ ဒီနေ့ (မေလ ၁၅ရက်နေ့) မှာတော့ သူတို့ဘက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတယ်” ဟု ကော်ဘရာနှင့် ဆက်စပ်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


စစ်ကောင်စီ၏ စစ်ကောင်စီတပ် ခမရ (၁၁၈) ၊ ခလရ (၈)၊ ခလရ (၂၇၅)၊ BGF (၁၀၁၉) တပ်ရင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KNU တပ်မဟာ (၆) ၊ KNLA ၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း ၊Federla Wings Golden Eagle စသည့်ပူးပေါင်းတပ်ဖွဲ့များသည့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ 


ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ယခုမေလ ပမပတ်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီBGF ပူးပေါင်းအဖွဲ့သည် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။


#ကရင်ပြည်နယ် #မြ၀တီ #စစ်ကောင်စီBGFပူးပေါင်းအဖွဲ့ #လှန်ရေးအင်အားစု #တိုက်ပွဲ #CobraColumnတပ်ခွဲ၄ #Ayeyarwaddy_Times

ကနီတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော PDF များကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို


 ကနီတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော PDF များကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို


ရန်ကုန်၊ မေ ၁၆ 


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော PDF များကို ပြည်သူများက သောင်း သောင်းဖျဖျ ကြိုဆိုကြသည်။ 


မေလ ၁၄ ရက်နေ့ ကနီမြို့နယ်အတွင်း မိုခါ မုန်တိုင်းကြားမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာ၍ တိုက်လေယာဥ်ဖြင့်ပါ လာရောက်ပစ်ကူပေးခဲ့ရကြောင်း၊ အောင်ပွဲရ PDF များကို ပြည်သူများက မေလ ၁၅ ရက်နေ့ ညပိုင်းတွင် အားရ ဝမ်းသာစွာ သောင်းသောင်းဖျဖျ ကြိုဆိုကြကြောင်း သိရှိရသည်။

Monday, 15 May 2023

ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ


 ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ 


ရန်ကုန်၊ မေ ၁၅


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၄ ရက်နေ့တွင် မိုခါ မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွင်းပြီး မြောက်ယမား ချောင်းရေ မြင့်တက်ကာ ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။


"မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာလို့ မြောက်ယမားချောင်းရေတက်ပြီး ရေနစ်မြုပ်နေတာပါ" ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ 


အဆိုပါ ကျေးရွာ ၅ ရွာမှာ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဂုဏ်တောနှင့် ရေကြည်ပင် တို့ဖြစ်ပြီး အလှူရှင်များ အနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ပြော


 မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ပြော


■ ထိုင်းနိုင်ငံ၏ ပါဝင်မှု မရှိဘဲ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်မှုမရနိုင်


ရန်ကုန်၊ မေ ၁၅ 


မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် ပြဋ္ဌာန်းထားသော Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ 


ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ အနေဖြင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ 


မြန်မာပြည်သူများကို အကူအညီပေးရေးအတွက် ထိုင်းနှင့် မြန်မာနိုင်ငံအကြားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 


"ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ထိုင်း-မြန်မာအကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုဖွင့်ဖို့လည်း ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အရင် အတိတ်ကာလတွေမှာလည်း ဒီလိုလုပ်ခဲ့တာတွေရှိပါတယ်" ဟု Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ဆက်ပြောသည်။ 


ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရန် အတွက် အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားသော Burma Act ဥပဒေက အရေးကြီးသကဲသို့ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး လုံလောက်သည့် ဖိအားနှင့် မက်လုံးများပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 


နိုင်ငံတကာအရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က "အမှန်တရားက ခွန်အားပါ။ ခွန်အားကတော့ အမှန်တရားမဟုတ်ပါဘူး" ဟု ပြောဆိုသည်။ 


ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် Move Forward Party ပါတီ အမတ်နေရာ ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲပေါင်း ၁၄ သန်းကျော်ရရှိထားသော ရွေးကောက်ပွဲအနိုင်ရ ထိပ်ဆုံးပါတီလည်းဖြစ်သည်။ 


Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် အမေရိကန်ဟားဗက်တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်သည်။


 ရွေးကောက်ပွဲအနိုင်ရ Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenratက ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မဟာမိတ်ပါတီများနှင့်ပူးပေါင်း ၍ အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ် ပြန်ကြေ ညာသည်။

Sunday, 14 May 2023

"၃ရက်တာတိုက်ပွဲတွင်း စကစ (၈)ဦးသေ၊ (၂၇)ဦး ဒဏ်ရာရ"


 "၃ရက်တာတိုက်ပွဲတွင်း စကစ (၈)ဦးသေ၊ (၂၇)ဦး ဒဏ်ရာရ"


မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် မိမိတို့ တပ်မဟာ(၆)၊ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ ရန်သူဘက်မှ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ BGF(၁၀၁၉)တပ်ရင်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။


(၁၁.၅.၂၀၂၃) တွင် တနေကုန်တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သဖြင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ရန်သူဘက်မှ သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုအား စီစစ်ဆဲဖြစ်သည်။


 (၁၂.၅.၂၀၂၃) တွင် မိမိတို့ နေရာယူထားသော ကင်းနေရာသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာရာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ (၁၂)ဦး ဒဏ်ရာရ၊ (၄)ဦး သေဆုံးခဲ့ပြီး မိမိဘက်မှ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


(၁၃.၅.၂၀၂၃) တွင် စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးနေရာယူထားသော နေရာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူဘက်မှ (၁၅)ဦီး ဒဏ်ရာရပြီး (၄)ဦး သေဆုံးခဲ့သည်။ ရန်သူ၏လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် မိမိတို့ဘက်မှ ရဲဘော်(၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့သည်။

မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ စစ်တပ် မီးရှို့သတ်ဖြတ်သွားသည့် ပြည်သူ ၂၀ ဦး၏ အမည်စာရင်းများကို KNU က အတိအကျ ထုတ်ပြန်


 မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ စစ်တပ် မီးရှို့သတ်ဖြတ်သွားသည့် ပြည်သူ ၂၀ ဦး၏ အမည်စာရင်းများကို KNU က အတိအကျ ထုတ်ပြန်


■ စစ်တပ်က ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား


ရန်ကုန်၊ မေ ၁၄


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ စစ်တပ် မီးရှို့သတ်ဖြတ်သွားသည့် ပြည်သူ ၂၀ ဦး၏ အမည်စာရင်း အတိအကျကို ကရင် အမျိုးအသား အစည်းအရုံး - KNU ဗဟိုက သတင်း ထုတ်ပြန်ထားသည်။


မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တို့ ညောင်လေးပင်ရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ အကြပ် ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ညောင်ပင်သာရွာသို့ ဝင်‎ရောက်၍ ကျေးရွာနေ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ကြိုးနှင့်ချီကာ အစု ၂ စုခွဲပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၁ ဦး အပါအဝင် ပြည်သူ ၁၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသားတစ်ဦးကိုလည်း ရွာ၏ သင်္ချိုင်းဝင်းအတွင်း အကြမ်းဖက် စစ်တပ်က စအိုတွင်း တုတ်ထိုးသွင်းပြီး ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။


စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂၀ ဦးမှာ


၁၊ အသက် ၈၀ အရွယ် ဦးဝင်းအောင်

၂၊ အသက် ၇၅ အရွယ် ဒေါ်လှ 

၃၊ အသက် ၅၅ အရွယ် မခင်အုန်း

၄၊ အသက် ၂၈ အရွယ် မသန်းသန်းဝေ

၅၊ အသက် ၅ အရွယ် မောင်စစ်ပိုင်ဟိန်း

၆၊ အသက် ၅၃ နှစ်အရွယ် ကိုတိုးတိုး 

၇၊ အသက် ၅၃ နှစ်အရွယ် မတင်အုန်း 

၈၊ အသက် ၁၈ နှစ်အရွယ် မဂျူးဂျူး

၉၊ အသက် ၅၈ နှစ်အရွယ် မချစ်တီး

၁၀၊ အသက် ၅၃ နှစ်အရွယ် မတင်ဆန်း 

၁၁၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်ရီ

၁၂၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းရွှေ 

၁၃၊ အသက် ၆ နှစ်အရွယ် မသက်နှင်းစံ

၁၄၊ အသက် ၅၅ နှစ်အရွယ် ဦးကျော်တင်သိန်း 

၁၅၊ အသက် ၇၀ နှစ်အရွယ် ဦးဝင်းမြိုင်

၁၆၊ အသက် ၄၀ နှစ်အရွယ် ကိုဇော်မိုးအောင်

၁၇၊ အသက် ၄၀ နှစ်အရွယ် မသူဇာ

၁၈၊ အသက် ၁၅ နှစ်အရွယ် မောင်မိုးဝေယံ

၁၉၊ အသက် ၇ နှစ်အရွယ် မောင်မိုးဝဿန် အသက် ၇ နှင့်

၂၀၊ အသက် ၃၇ နှစ်အရွယ် ကိုဟန်စိုး တို့ဖြစ်ကြောင်း သိရသည်။ 


ထို့ပြင်အကြမ်းဖက်စစ်တပ်သည် ရေအိုးစည်ရွာမှ ရွာသား ၄ ဦးနှင့် အဆိုပါ ရွာသို့ လာလည်သည့် အခြားရွာမှ ရွာသူ ၃ ဦး စုစုပေါင်း ၇ ဦးကိုလည်း လူသား ဒိုင်းကာအဖြစ် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရှိရသည်။


ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် KNU မှ ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် တရာမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း KNU-ဗဟိုက သတင်း ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၄၄ မိုင်ဝန်းကျင် တိုက်ခတ်နိုင်


 မိုခါဆိုင်ကလုန်းမုန်တိုင်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၄၄ မိုင်ဝန်းကျင် တိုက်ခတ်နိုင်


ရန်ကုန်၊ မေ ၁၄ 


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ နံနက်ပိုင်းမှစတင်၍ ရခိုင်ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်နိုင်ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ဝန်းကျင်တွင် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်နိုင်ကြောင်း Joint Typhoon Warning Center က တရားဝင် ထုတ်ပြန်ထားသည်။ 


မိုခါဆိုင်ကလုန်း မုန်တိုင်းသည် ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၄ မိုင်ဝန်းကျင် ( 125 Knots) ရှိနိုင်ပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း အရှိန်လျှော့လာမည် ဖြစ်ကြောင်း သိရှိရသည်။ 


မြန်မာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ “မိုခါ”ဆိုင်ကလုန်းသည် ယနေ့နံနက်ပိုင်းမှစ၍ ရခိုင်ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။ 


ဆိုင်ကလုန်းမုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာသော မုန်တိုင်းဒီရေကို အဓိက သတိထားရမည်ဖြစ်ပြီး မြေနိမ့်ပိုင်းဒေသများမှ ပြည်သူများအနေဖြင့် အမြန်ဆုံးရွှေ့ပြောင်းကြရန် သတိပေးချက်များ တောက် လျှောက်ဆိုသလို ထုတ်ပြန် လျက်ရှိသည်။

Saturday, 13 May 2023

မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား


 မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား


ရန်ကုန်၊ မေ ၁၃ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်ဗျူဟာကုန်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝေါ်လေမြိုင် ဗျူဟာကုန်း၊ ဝေါ်လေမြိုင်မြို့ ရဲစခန်းတို့ကို KNDO တပ်ရင်း ၈ Dron အဖွဲ့နှင့် Fedral Wings ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


တိုက်ခိုက်မှု အတွင်း ဗျူကုန်းရှိ လက်နက်ကြီး တပ်စွဲထားရာ နေရာနှင့် ရဲစခန်းအဆောက်အအုံ၊ ဂိတ်တဲတို့ကို ထိမှန်ခဲ့ပြီး စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။


" ဗျူဟာကုန်းနဲ့ ရဲစခန်းကို ဗုံးကျဲတာ ထိခိုက် သေဆုံး ခန့်မှန်းခြေ ၂ဝ ဦး ရှိတယ်။ ဗျူဟာကုန်း လက်နက်ကြီးရှိတဲ့ နေရာကို အတိအကျပဲ ထိတယ်။ ရဲစခန်းလဲ အဆောက်အအုံနဲ့ ဂိတ်ထဲ အတိအကျ ထိမှန်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ရမ်းပစ်တာတော့ရှိတယ်" ဟု KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦး သေဆုံး


 ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦး သေဆုံး 


ရန်ကုန်၊ မေ ၁၃


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်စီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦးသေဆုံးကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၄ ရက်နေ့မှ ၉ ရက်နေ့ အထိ စဥ့်ကူးမြို့နယ်နှင့် ခင်ဦးမြို့နယ် မြစ်ရိုး တစ်လျှောက် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


မေလ ၄ ရက်နေ့တွင် ကျောက်မြောင်းမြို့နယ် ဘက်မှ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ဘက်ကို အင်အား ၂၀၀ ဖြင့် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် အင်းဇောက်ကြီးရွာကို ညနေ ၄ နာရီ ၃၀ မိနစ်မှ စတင်ကာ ပစ်ခတ် ဝင်ရောက်ခဲ့ပြီးနောက် ရွှေကျင်ရွာသို့ ထပ်မံ ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်းသိရသည်။


မေလ ၅ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်သည် ရွှေကျင်ရွာကို စတင် မီးရှို့ဖျက်ဆီးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား တချို့သည် အင်းဇောက်ကြီးရွာသို့ ပြန်လည် ဝင်ရောက်လာပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အင်းဇောက်ကြီးရွာကို မီးရှို့ဖျက်ဆီးစဥ် တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းများ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းသလဲကျေးရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာကို မီးရှို့ ဖျက်ဆီး နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းများ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မြစ်ကမ်းဘေး ချောင်းသလဲရွာရှိ စစ်သားများက နံနက် ၇ နာရီ ၄၅ မိနစ် မှ နံနက် ၈ နာရီ အထိ လက်နက်ကြီး များဖြင့် ၃၂ ကြိမ် ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာ (မြစ်ကမ်းစပ်)ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်မှ စစ်သားများက မော်တော် ၂ စီးဖြင့် ချောင်းသလဲရွာ၊ ရွှေကျင်ရွာ၊ အင်းဇောက်ကြီးရွာများ ကိုကူးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ တင်ဆောင်ပြီး ကျောက်မြောင်းဘက်သို့ ကူးသွားကြောင်း၊ ယင်း မော်တော် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များမှ ပစ်ခတ် တားဆီးခဲ့ရာ မော်တော် ပေါ်တွင်ပါလာ‌သည့် ပျူ‌စောထီး ၅ ကောင်မှာ ကမ်းသို့ မကပ်နိုင်ဘဲ ရေထဲခုန်ချ၍ ထွက်ပြေးသွားကြောင်း၊ ခိုးယူလာသော မော်တော်ပေါ်ရှိ ပြည်သူပိုင်ပစ္စည်းများကို ကမ်းပေါ်တင်ကာ မော်တော်အား နစ်မြုပ်ခဲ့ကြောင်း သိရသည်။


ချောင်းသလဲကမ်းမှ ကူးလာသည့် စစ်သားများသည် ရွှေတောကြီးရွာမှ တဆင့် ကဘွက်ရွာနှင့် ကုတ္တတ်ရွာဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြန့်ကာ ဝင်ရောက်လာစဥ် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကုတ္တတ်ရွာမှ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၂ နာရီ ၅ မိနစ်တွင် စစ်တပ် စစ်ကြောင်းက ကဘွက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ် စစ်ကြောင်းက ကဘွက်ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက်သွားကြောင်း၊ ည ၁၀ နာရီ ၁၄ မိနစ်တွင် ဗိုလ်ကြိမ်အဖွဲ့နှင့် KGDF အဖွဲ့တို့မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။


မေလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကဘွက်ဘုန်းကြီးကျောင်းကို ရှင်းလင်းရေး ဝင်ရောက်စဥ် သင်ပေါင်းရွာ အရှေ့ဘက်သို့ ရောက်သွားသော စစ်သားများနှင့် ခင်ဦးမြို့နယ် တပ်ရင်း ၃အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်သည် သင်ပေါင်းရွာကို မီးရှို့ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ပြန်ဆုတ်၍ ကဘွက်ရွာနှင့် ကုတ္တတ်ရွာဘက်သို့ စစ်ကြောင်းများ မရောက်လာစေရန် ခုခံပေးခဲ့ကြောင်း သိရသည်။


မေလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်း တစ်ကြောင်းက နံနက် ၆ နာရီ ၃၀ မိနစ်တွင် တောင်ပို့ရေရွာ ကို မီးရှို့ခဲ့ပြီး တစ်ကြောင်းက သရက်ကုန်းရွာသို့ မရောက်မီ ကြိုတင် စောင့်ဆိုင်းနေသော ဗိုလ်လင်းယုန်အဖွဲ့နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တောင်ပို့ရေရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဗိုလ်ဇင်ယော်အဖွဲ့မှာလည်း ရုံးပင်ကျေးရွာ အနောက်ဘက်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက သရက်ကုန်းရွာမှ ပြန်လည် ဆုတ်ခွာခဲ့ပြီး ဗိုလ်ဇင်‌ယော်အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကြောင်း ၂ ကြောင်းခွဲ၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် အကြိမ်ကြိမ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Friday, 12 May 2023

စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ



 စစ်ကောင်စီတပ်က လေထီးနဲ့ချပေးတဲ့ အထုပ်တချို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိ


ရန်ကုန်၊ မေ ၁၂


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြစစ်ကောင်စီတပ်ဖွဲ့က ရဟက်ယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းအထုပ်တချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် The Chin Journal ကဖော်ပြထားပါတယ်။


မေလဆန်းပိုင်းမှာ ဟားခါး-ဂန့်ဂေါလမ်းပိုင်းဖက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟက်ယာဉ်နဲ့ လက်နက်ခဲယမ်းအထုပ် ၂၀ ဝန်းကျင်ကို လေထီးနဲ့ လာချပေးခဲ့ရာမှာ အဲ့ဒီထဲက အထုပ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။


ဂန့်ဂေါမြို့နယ်က ဟားခါးဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာကတည်းက ဂန့်ဂေါ - ဟားခါးလမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။ 


မေ ၁၁ ရက်နေ့ကလည်း ဟားခါး-ဂန့်ဂေါလမ်းပိုင်း နေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ယောကာကွယ်ရေးတပ် - YDF ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပြုလုပ်


 ယောကာကွယ်ရေးတပ် - YDF ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပြုလုပ်


ရန်ကုန်၊ မေ ၁၂ 


ယောကာကွယ်ရေးတပ် - YDF ၂နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ယောကာကွယ်ရေးတပ် - YDF ၏ဦးဆောင်သူ ကိုမြတ်သူမှ မိန့်ခွန်းပြောကြားခဲ့ပြီး 

ဦးစွာပထမ ယောကာကွယ်ရေးတပ် - YDF အလံ‌တော်ကို အလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော ယောကာကွယ်ရေးတပ် - YDF ၏ အာဇာနည်သူရဲကောင်းများကိုအလေးပြုခြင်း၊ ယောကာကွယ်ရေးတပ် - YDF ၏ သစ္စာအဓိဌာန် (၅)ချက်ကို ရွတ်ဆိုခြင်းနှင့် စစ်ကြောင်း ၅ ကြောင်းချီတက်၍ ယောကာကွယ်ရေးတပ် - YDF ၏ ဦးဆောင်သူကို အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ၊ အခမ်းအနားကို ယောကာကွယ်ရေးတပ် - YDF ၏တာ၀န်ရှိသူများအပြင် မဟာမိတ်အဖွဲ့အစည်းမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်း မုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း ၁၂၆ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်


 အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်း မုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း ၁၂၆ မိုင်နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်


■ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့က မုန်တိုင်းတိုက်ခတ်မည့် အန္တရာယ်အများဆုံးဇုန်တွင် ပါဝင်နေ

ရန်ကုန်၊ မေ ၁၂

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မိုချာဆိုင်ကလုန်း မုန်တိုင်းသည် အလွန်အင်အားကောင်းသော မိုချာဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့ ယနေ့ ရောက်ရှိနိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၆ မိုင်နှုန်း( 110 knots) ဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည် ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မြန်မာ အပါအဝင် နိုင်ငံတကာ မိုးဇလဌာနများက သတင်းထုတ်ပြန်ထားသည်။

မြန်မာမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆိုင်ကလုန်း “မိုခါ (MOCHA)”သည်မေလ ၁၂ ရက်နေ့တွင် အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ ရောက်ရှိနိုင်ပြီး  မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar) နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေ မြို့ (Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းလေ့လာစောင့်ကြည့်ရေး Joint Typhoon Warning Center ကမူ လာမည့် ၄၈ နာရီအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြီးသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၆ မိုင်နှုန်းမှ ၁၅၅ မိုင်နှုန်း ( 110  to 135 knots)  ရောက်ရှိနိုင်ကြောင်း၊ မေလ ၁၄ ရက်နေ့သည် မုန်တိုင်း၏ အားအကောင်းအဆုံးအဖြစ် ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုခါ ဆိုင်ကလုန်မုန်း ဝင်ရောက်ချိန် အန္တရာယ်ဇုန် ၃ ခုကို ဖော်ပြထားပြီး အန္တရာယ်အများဆုံး ဇုန် ၁ တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ ဒုတိယအန္တရာယ်အများဆုံးဇုန်တွင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်တို့ ပါဝင်ကြောင်း၊ တတိယအန္တရာယ်အများဆုံးဇုန်တွင် သံတွဲခရိုင်၊ ပုသိမ်ခရိုင်အတွင်းမှ မြို့များပါဝင်ကြောင်း ဖော်ပြထားသည်။

မုန်တိုင်းကြောင့် သက်ရောက်မှု ရှိနိုင်သည့် အန္တရာယ်ဇုန် ၃ ခုတွင် ပါဝင်နေသော ဒေသများတွင် လေပြင်းတိုက်ခိုက်ခြင်း၊ လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်း အန္တရာယ်များ ကြုံတွေ့နိုင်သဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။

Thursday, 11 May 2023

မကွေး၊ စစ်ကိုင်း အပါအဝင် တိုင်းဒေသကြီးတချို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ


 မကွေး၊ စစ်ကိုင်း အပါအဝင် တိုင်းဒေသကြီးတချို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ


ရန်ကုန်၊ မေ ၁၁ 


မကွေး၊ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူးနှင့် ဧရာ၀တီ တိုင်းတို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာကြောင်း သိရှိရသည်။ 


အကြမ်းဖက်စစ်ကောင်စီ၏ မေလ ၄ ရက်နေ့ ကန့်သတ် ကြေညာချက်တွင် ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်၊ အသစ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် သက်တမ်းရှိ လုပ်ငန်း လုပ်ကိုင်နေခြင်းတို့ကို မေလ ၂ ရက်နေ့စတင်၍ ဆိုင်းငံ့ထားရန် စွမ်းအင်ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။ 


"မကွေး မြိုင်၊ ပေါက်နဲ့ စစ်ကိုင်းဘက်က ရေနံမြေတွေမှာ အခုက PDF တွေက စိုးမိုးထားတယ်။ ရေနံချက်လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေတာတွေရှိတယ်။ အဲဒါတွေကို ရပ်တန့်ချင်လို့ ဒီလို မျိုး စစ်ကောင်စီက အမိန့်ထုတ်တယ်လို့ ထင်ပါတယ်။ ဒီလို ရပ်ခိုင်းလို့လည်း လုပ်ငန်းတွေ ရပ်သွားမှာမဟုတ်ဘူး။ ဥပမာဆိုရင် မြိုင်တို့ ပေါက်တို့မှာ ရှိတဲ့ ရေနံမှော်တွေဆိုရင် စစ်တပ်ရော ရဲရော မလာနိုင်တော့ဘူး။ ရောက်လည်း မရောက်တော့ဘူး။ နယ်မြေစိုးမိုးမှု သူတို့ မလုပ်နိုင်တော့ဘူး" ဟု မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 


နေပြည်တော်သတင်းရင်းမြစ်ကမူ လက်ယက် ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်သဖြင့် ဆီစျေးနှုန်းများ အဆမတန် မြင့်မားလာနိုင်ပြီး ရေနံမှော်လုပ်သားများ အလုပ်အကိုင်အခက်အခဲဖြစ်နိုင်သည်ဟုဆိုသည်။ 


"လက်ယက်တွင်း ရေနံလုပ်ငန်း၊ ရေနံ ချက်ဖိုအားလုံး ပိတ်သိမ်းဆိုင်းငံ့တဲ့အတွက် ဆီဈေးများ အဆမတန်စျေးတက်ပါမယ်။ ရေနံလုပ်သားအားလုံးဒုက္ခရောက်မယ်။ ဒေသတွင်း သုံးနေတဲ့ ရေနံ၊ စက်သုံးဆီ ရင်းမြစ်ကို ဖြတ်တောက်တဲ့ သဘောပါပဲ" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းများမှ ရရှိသော စက်သုံးဆီများက တိုင်းဒေသကြီးတချို့ရှိ လုပ်ငန်းများ၊ ရွှေတူးဖော် ရေးလုပ်ငန်းများ အပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းများ အတွက် အလွန်အရေးပါသော စက်သုံးဆီ ရင်းမြစ်ငယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Wednesday, 10 May 2023

ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ


ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၁၀


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခင်ဦးမြို့နယ်၊ မူးတိမ်ချောင်း တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် ခင်ဦး-ရေးဦး ကားလမ်းပေါ်သို့ ရောက်ရှိလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံး သေဆုံးကာ MA 1- ၁ လက်၊ AK 47- ၁ လက်၊ 5.56 ကျည် - ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (မြို့နယ် ပကဖ) နှင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထိတွေ့ ပစ်ခန်မှုသည့် ၃ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုခမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ခင်ဦး မြို့နယ် ပကဖ အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း ရေဦးမှ စစ်သား ၁၄ ဦး လိုက်ပါသည့် Skat ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခင်ဦးမြို့ပေါ် မြို့လယ်၌ နယ်ထိန်း ခေါင်းဆောင် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး G3 လက်နက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


Khit Thit

( ခေတ်သစ်နှင့် မျက်မှောက်ခေတ်သည် မိတ်ဖက်မီဒီယာဖြစ်သည်) 

Tuesday, 9 May 2023

စစ်ကောင်စီ စစ်ရုံးချုပ်က အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးအဆင့်ရှိသူ ၃ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီး


 စစ်ကောင်စီ စစ်ရုံးချုပ်က အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးအဆင့်ရှိသူ ၃ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီး 


ဧရာ၀တီတိုင်းမ် 

မေ ၉ ရက်


မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ စစ်ကောင်စီ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) မှ တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးအပါအ၀င် ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး ၊ စုစုပေါင်း ငါး ဦးကို နေပြည်တော် စစ်ရုံးချုပ်မှ ဖမ်းဆီး‌ခေါ်သွားကြောင်း နေပြည်တော်တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။


ပြီးခဲ့သည့် မေ ၅ ရက်နေ့က မိတ္ထီလာမြို့ရှိ တမခ (၉၉) ဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ တပ်ရေးဗိုလ်ကြီး မိုးမင်းဟန်နှင့် မလှိုင်မြို့မှ ဗိုလ်မှူးအဆင့်ရှိသူ (အမည်စုံစမ်းဆဲ) သုံး ဦးတို့ကို ငွေကြေးကိစ္စ တိုင်တန်းမှုများကြောင့် လာရောက် ဖမ်းဆီး ခေါ်‌ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။


"မြို့မှာရှိတဲ့ သူဌေးတွေ၊ သူတို့စားလို့ရမယ့် အချောင်ရမယ့်ဟာတွေဆိုရင် အာဏာနဲ့ရာထူးသုံးပြီး ဖမ်းဆီး ငွေညှစ်တာမျိုးတွေလုပ်တယ်။ သူဌေးတွေကို သီးသန့် လုပ်တာပေါ့။ ဘာမှမဖြစ်ဘဲ ၀င်ဖမ်းတယ်။ ပြီးရင် သိန်းချီတောင်းတယ်။ မပေးရင် ပုဒ်မတပ်ပြီး ထောင်ချဖို့ ခြိမ်းခြောက်တာမျိုးတွေရှိတယ်။ အခုဖြစ်တာက စစ်တပ်ထဲက တစ်ယောက်နဲ့သွားငြိလို့ဖြစ်မယ်။ ဌာနချုပ်ကဆင်းလာပြီး ဖမ်းသွားတာ"ဟု တပ်တွင်း သတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။ 


ဖမ်းဆီးခံခဲ့ရသည့် တပ်နယ်မှူး ဗိုလ်မှူးကြီ သန်းနိုင်စိုး သည် စစ်ကောင်စီတပ်၏ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုး၀င်း လူဖြစ်ကြောင်း The Voice Of Spring ၏ ဖော်ပြချက်အရသိရသည်။


 မိတ္ထီလာအခြေစိုက်ဖြစ်သည့် အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လက်အောက်ခံ တပ်ရင်းများကို မန္တလေးတိုင်းနှင့် နေပြည်တော်နယ် မြေအတွင်းဖြန့်ခွဲထားသည်။ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်း ဆောင်နေသူမှာ အလုပ်သင်ဗိုလ်အမှတ်စဥ်-၂၄ဆင်း ဗိုလ်မှူးကြီး ကျော်ထွန်းအောင် ဖြစ်သည်။ 


တပ်မ (၉၉)သည် စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာတွင် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည့် စစ်ကြောင်းကိုဦးဆောင်သည့်တပ်မဖြစ်ပြီး တပ်မ (၉၉) နှင့် ၎င်းလက်အောက်ခံ တပ်ရင်းများသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူများနှင့် နေအိမ်များကို မီးရှို့သတ်ဖြတ်မှုများလုပ်ဆောင်နေသည့် တပ်မဖြစ် သည်။


တပ်မ (၃၃) နှင့် တပ်မ (၉၉) တို့သည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်း ဖက်ခြင်းအပါအဝင်အခြားအကြမ်းဖက်မှုများကျူးလွန်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။ 


#မိတ္ထီလာမြို့ #တပ်မ၉၉ #တပ်နယ်မှူးဗိုလ်မှူးကြီး #နေပြည်တော် #စစ်ရုံးချုပ် #ဖမ်းဆီး #Ayeyarwaddy_Times

ထီးလင်းထွေအုပ်ရုံးနှင့် ရဲစခန်း၊ ဆားတောင်ရဲစခန်းတို့ကို PDF များက တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


 ထီးလင်းထွေအုပ်ရုံးနှင့် ရဲစခန်း၊ ဆားတောင်ရဲစခန်းတို့ကို PDF များက တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


ရန်ကုန်၊ မေ ၉ 


မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အား အများအ ပြားဖြင့် အထိုင်ချတပ်စွဲထားသော ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Myingyan District Drone Strike တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) နှင့် YNRF ထီး လင်း တပ်ဖွဲ့တို့ပူပေါင်းကာ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။


အလားတူ ယနေ့ မေလ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်အချိန် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်း တောင် ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားနှင့် ရဲများ ထိခိုက် သေဆုံးမှုမသိရသေးဟု ဆိုသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ ထိခိုက်မှုရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၇ ရက် ည ၁၁ နာရီခွဲခန့် လမ်းသွားလမ်းလာမိဘပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသဖြင့် အဆို ပါ ဆားတောင်မြို့ပေါ်ရဲစခန်းအား ည mission အဖြစ် ဗုံးသီး၄ လုံးကျဲချ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ငယ်များဖြင့် အချက်များစွာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။


“ရဲစခန်းဝန်းထဲကို ကျပြီး ကွဲတယ်၊ ထိခိုက်မှုရှိတယ်လို့ သိရတယ်၊ အဲဒီရဲစခန်းက ဆေးရုံနဲ့ ကပ်လျက် ဆိုတော့ နားရေးကားတွေ၊ ဘာတွေလဲ ဝင်စရာမလိုဘူး၊ အဲဒါကြောင့် သတင်းတော့ မရဘူး” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြာားသည်။


ယင်းတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ ABCF၊ Phoenix Sgg ၊ Fight For Federal ၊ စစ်ကိုင်း မြို့နယ် ပကဖ ၊ လင်းယုန်နက် sgg နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၇ တပ်ခွဲ ၄ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ် ခလရ ၉၇ ကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးဟုဆို


 ကော့ကရိတ် ခလရ ၉၇ ကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးဟုဆို


ရန်ကုန်၊ မေ ၉ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ကို PDF တပ်ပေါင်းစုများက ယမန်နေ့ ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း Southern Eagleမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ ကို PDF တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ ယင်းသို့တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်း သိရှိရသည်။ 


"မနက်ပိုင်း ခလရ ၉၇ ကို PDF တပ်တွေက သွားပစ်တာ။ စစ်တပ်ဘက်က အထိနာပါတယ်။ သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ ထုတယ်။ ဒီဘက်က ပစ်ခတ်မှုကြောင့် စစ်အရာရှိ ၃ ဦး အပါအင် ၅ ဦးသေတယ်လို့ သတင်းရပါတယ်။ ဒုဗိုလ်မှူး ကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါဝင် ၅ ဦး ထိပြီး သေဆုံးတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကလည်း ၂ ဦး ဒဏ်ရာရပါတယ်" ဟု Southern Eagleမှ တာဝန်ရှိသူက ဆိုသည်။ 


ကော့ကရိတ် ခလရ ၉၇ ကို Southern Eagle ၊ Justice Soldier နှင့် ကျားဖြူတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်တွင် အင်အားများ တိုးချဲ့နေပြီး အင်အားများ ဖြန့်ချထားကြောင်း သိရှိရသည်။ 


" ကော့ကရိတ်ဘက်ကို စစ်တပ်ဘက်က အင်အားတိုးချဲ့ထားတယ်။ ကြာအင်းဘက် နဲ့မြို့အပြင်ဘက်က၊ တံတားကျိုးဘက်၊ အဲဒီဘက်တွေမှာ စစ်ခွေးတွေ အင်အားတိုးချဲ့စုနေကြတယ်" ဟု ဒေသကာကွယ်ရေး တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 


ဓာတ်ပုံ- စစ်ကောင်စီတပ်များ၏ အဝင်အ၀ ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခု။

Monday, 8 May 2023

ထားဝယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မှ ဗိုလ်ကြီး မျိုးလင်းဦး ပစ်သတ်ခံရ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးခေါင်းဆောင်အိမ် ဗုံးပစ်ခံရမှု ထိခိုက်သူများပြားနိုင်


ထားဝယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မှ ဗိုလ်ကြီး မျိုးလင်းဦး ပစ်သတ်ခံရ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးခေါင်းဆောင်အိမ် ဗုံးပစ်ခံရမှု ထိခိုက်သူများပြားနိုင်


ရန်ကုန်၊ မေ ၈ 


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မျ ဗိုလ်ကြီး မျိုးလင်းဦး ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ထားဝယ်မြို့နယ်၊ ဇဟာရွာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်မှ အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ဗိုလ်ကြီးမျိုးလင်းဦးသည် တပ်ရင်းအနီးက ဇဟာရွာ ဖားအောက်တောရ အဝင်လမ်းတွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ကားများ၊ ဆိုင်ကယ်များကို ငွေတောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဗိုလ်ကြီးမျိုးလင်းဦးသည် ဖားအောက်အဝင်လမ်းတွင် ခရီးသည်တင်ကားများကို ငွေကြေး တောင်းခံလေ့ရှိကြောင်း၊ ပစ်သတ်ခံရမှုကို မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရှိရသေးဘဲ စစ်တပ်က ဇဟာကျေးရွာအတွင်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အမှတ် ၃၀၂ အမြောက်တပ်သည် ထားဝယ်မြို့နှင့် ၆ မိုင်ခန့်သာအကွာအဝေးရှိကြောင်း သိရှိရသည်။ 


အလားတူ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် မြောက်ဥယျာဉ်ရပ်ကွက်တွင် ပျူစောထီးခေါင်းဆောင် စံရှား၏ တပည့် လက်ခွဲပျူခေါင်းဆောင် အောင်နိုင်ထွေးခေါ် နှုတ်ခမ်းမွှေး၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပထမ ဗုံးမှာ ပေါက်ကွဲခဲ့ပြီး ဒုတိယဗုံးမှာမူ ဆက်သွယ်ရေး ဖြတ်တောက်စက်များကြောင့် ဖောက်ခွဲမရ ဖြစ်ခဲ့ရကြောင်း Urban Guerrilla Force-MDYမှ တာဝန်ရှိသူက ပြောသည်။ 


"ဗုံးပေါက်ပြီးတော့ အိမ်ထဲကနေ လူတွေ များစွာ ထွက်ပြေးလာကြတယ်။ ဗုံးပစ်ခံရတဲ့ အိမ်က ကျည်းတော့ အထိ အခိုက်ရှိနိုင်ပါတယ်။ ဗုံးပေါက်ကွဲပြီးတော့ စစ်ခွေး ကား ၄ စီးနှင့် မိုင်းသမားတွေပါ ရောက်ရှိလာပြီး ညအထိတိုင်အောင် မပြန်သေးဘဲ ပျူစောထီးများမှာလည်း ရပ်ကွက်အတွင်း ဓားရှည်များကိုင်ဆောင်ကာ ပတ်ရမ်းနေခဲ့ကြတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ဗုံးပစ်ခံရပြီး ပေါက်ကွဲချိန်မှာ ထိခိုက်သူ များပြားနိုင်ပါတယ်" ဟု Urban Guerrilla Force-MDYမှ တာဝန်ရှိသူက ပြောသည်။ 


ဓာတ်ပုံ- ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် မြောက်ဥယျာဉ်ရပ်ကွက်တွင် ပျူစောထီးခေါင်းဆောင် စံရှား၏ တပည့် လက်ခွဲပျူခေါင်းဆောင် အောင်နိုင်ထွေးခေါ် နှုတ်ခမ်းမွှေး၏ နေအိမ် ဗုံးပစ်ခံရပြီးနောက် စစ်တပ်က စစ်ဆေးနေစဉ်။ 

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...